လူသေဆုံးစေတဲ့အထိ အေးခဲတဲ့ လေတိုက်ခတ်မှု၊ ရေခဲမှုနဲ့ နှင်းကျရောက်မှုများ နေရာအများအပြားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန်မှာ သမိုင်းဝင်လောက်ပြီး ပုံမှန်မဟုတ်တဲ့ ဆောင်းရာသီမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့ရာ လူသေဆုံးစေတဲ့အထိ အေးခဲတဲ့ လေတိုက်ခတ်မှု၊ ရေခဲမှုနဲ့ နှင်းကျရောက်မှုများ နေရာဒေသ အများအပြားမှာ ဖြစ်ပေါ်ခဲ့ပြီး ယခုကဲ့သို့ အလွန်အေးခဲတဲ့ အခြေအနေမျိုး ကြုံတွေ့ရမှုရှားပါးတယ်လို့ ဆိုပါတယ်။

(Photo: BBC)

ဆောင်းရာသီမုန်တိုင်းကြောင့် ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်နေ့) က တက္ကဆက်ပြည်နယ် ဟူစတန်မြို့မှာ အပူချိန်များ အလက်စကာပြည်နယ်ရှိ နေရာတွေထက် ပိုမိုလျော့ကျခဲ့ပြီး လူဦးရေ သန်းနဲ့ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံခဲ့ရကြောင်းနဲ့ အမေရိကန်အရှေ့တောင်ပိုင်းမှာ လေဆင်နှာမောင်များ တိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။



အလွန်အမင်း ပြင်းထန်တဲ့ ရာသီဥတုအေးခဲနေမှုကြောင့် အမေရိကန် နေရာအနှံ့အပြားရှိ COVID-19 ကာကွယ်ဆေးထိုးတဲ့ စင်တာများကို ပိတ်ထားခဲ့ရပြီး ဒေသအချို့သို့ ကာကွယ်ဆေးပေးပို့နိုင်ရန် အခက်အခဲဖြစ်ပေါ်ခဲ့ပါတယ်။ အမေရိကန်မိုးလေဝသဌာန (National Weather Service - NWS) ရဲ့ အဆိုအရ လူဦးရေ သန်း ၁၅၀ ကျော်ဟာ ဆောင်းရာသီမုန်တိုင်း သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရပါတယ်။

(Photo: BBC)

ယခု ဆောင်းရာသီမုန်တိုင်းကြောင့် အမေရိကန်မှာ လူ ၂၁ ဦး သေဆုံးခဲ့တယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ တင်နက်ဆီ၊ တက္ကဆက်၊ ကင်တက်ကီနဲ့ လူဝီစီးယားနား ပြည်နယ်တွေမှာ လူသေဆုံးမှုတွေရှိခဲ့ပါတယ်။ မြောက်ကာရိုလိုင်းနားပြည်နယ်မှာလည်း ဆောင်းရာသီမုန်တိုင်းကြောင့် လေဆင်နှာမောင်း ဖြစ်ပေါ်တိုက်ခတ်ခဲ့ရာ ဖေဖေါ်ဝါရီ ၁၆ ရက် ဒေသစံတော်ချိန် မနက်အစောပိုင်းက လူသုံးဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိမှာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ NWS က ယမန်နေ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံရဲ့ ၇၃ ရာခိုင်နှုန်းဟာ လက်ရှိမှာ နှင်းများဖုံးလွှမ်းနေတယ်လို့ ဆိုပါတယ်။ အမေရိကန် နေရာအများအပြားမှာ ရာသီဥတု ဆိုးရွားပြင်းထန်နေမှုဟာ အင်္ဂါနေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်) မှ သောကြာနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) အထိ ဖြစ်ပေါ်နေနိုင်ကြောင်းနဲ့ ၄ လက်မရှိတဲ့ နှင်းထုကျရောက်နိုင်ပါတယ်။

(Photo: Reuters)

ဒါ့အပြင် မြောက်ပိုင်းလွင်ပြင်တွေကနေ အရှေ့မြောက်ပိုင်းအထိ အေးခဲပြီး မိုးရွာသွန်းမှု ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူတွေက ပြောထားပါတယ်။ နီဘရာစကာပြည်နယ် Lincoln မြို့မှာ ယမန်နေ့က အပူချိန် အနုတ် ၃၅ ဒီဂရီဆဲလ်စီးယပ်သို့ ကျဆင်းခဲ့ရာ ၁၉၇၈ ခုနှစ်မှာ အနုတ် ၂၇ ဒီဂရီဆဲလ်စီးယပ်ဖြင့် အနိမ့်ဆုံးစံချိန်တင်ထားခဲ့မှုထက် ပိုမိုအေးခဲနေခဲ့ပါတယ်။

ပုံမှန်အားဖြင့် အပူချိန်မြင့်မားလေ့ရှိတဲ့ Dallas မြို့ရဲ့ အပူချိန်ဟာလည်း အနုတ် ၁၇ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းသွားခဲ့ပြီး အလက်စကာပြည်နယ် Anchorage နယ်မြေထက် ပိုအေးခဲနေခဲ့ကြောင်း CBS News က ပြောပါတယ်။ NWS က ထုတ်ပြန်မှုအရ ပုံမှန်မဟုတ်တဲ့ မိုးလေဝသအခြေအနေက အမေရိကန်-ကနေဒါ နယ်စပ်ပေါ်မှာ အစပြုဖြစ်ပေါ်ခဲ့တဲ့ အာတိတ်လေအေးတွေက အမေရိကန်တစ်ဝန်း ဝင်ရောက်တိုက်ခတ်လာခဲ့တယ်လို့ သိရပါတယ်။

.

Share

Loading Next Article...
က္က