မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်ရဲ့ဇနီးဖြစ်သူ ရီဆိုလ်ဂျူကို တစ်နှစ်ကျော်အတွင်း လူမြင်ကွင်းမှ ပျောက်နေခဲ့ပြီးနောက် ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၆ ရက်) မှာ ပြန်လည်တွေ့မြင်လာရတယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ရီဆိုလ်ဂျူဟာ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ကွယ်လွန်သူ ကင်မ်ဂျုံအန်ရဲ့ဖခင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီလ်မွေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို သူမရဲ့ခင်ပွန်းနဲ့အတူ တက်ရောက်လာခဲ့တာ တွေ့ရပါတယ်။ ရီဆိုလ်ဂျူဟာ အခမ်းအနားတွေကို ကင်မ်ဂျုံအန်နဲ့အတူ မကြာခဏ တက်ရောက်လေ့ရှိပေမဲ့ ယမန်နှစ် ဇန်နဝါရီလမှစပြီး သူမကို လူမြင်ကွင်းမှာ မတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။
ရီဆိုလ်ဂျူ လူမြင်ကွင်းကနေ ပျောက်နေမှုအပေါ် ခန့်မှန်းချက်မျိုးစုံ ထွက်ပေါ်နေခဲ့ပြီး ကျန်းမာရေးကြောင့် သို့မဟုတ် ကိုယ်ဝန်လွယ်ထားရတာကြောင့်လို့လည်း ထင်ကြေးပေးမှုတွေရှိခဲ့ပါတယ်။ တောင်ကိုရီးယားထောက်လှမ်းရေးကတော့ ကင်မ်ဂျုံအန်ရဲ့ဇနီးဖြစ်သူကို လူမြင်ကွင်းမှာမတွေ့ရခြင်းဟာ COVID-19 ကူးစက်ခံရမှာကို စိုးရိမ်မှုကြောင့်ဖြစ်ပြီး သူမဟာ ကလေးတွေနဲ့ အချိန်ဖြုန်းနေခဲ့ကြောင်း လွှတ်တော်အမတ်တွေကို အစီရင်ခံခဲ့တယ်လို့ ဆိုပါတယ်။
(Photo: Reuters)
မြောက်ကိုရီးယားအစိုးရက ၎င်းတို့နိုင်ငံမှာ COVID-19 ကူးစက်မှုတွေ့ရကြောင်း လက်ရှိအချိန်အထိ ထုတ်ပြန်ပြောကြားခြင်း မရှိခဲ့ပေမဲ့ ကျွမ်းကျင်သူတွေက ထိုသို့ မဖြစ်နိုင်ကြောင်း သုံးသပ်ထားကြပါတယ်။ မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီက ထုတ်ဝေနေတဲ့ Rodong Sinmun သတင်းစာမှာ ဖော်ပြမှုအရ ကင်မ်ဂျုံအန်နဲ့ဇနီးဖြစ်သူတို့ဟာ Mansudae Art Theatre မှာ ကျင်းပပြုလုပ်တဲ့ တေးဂီတဖျော်ဖြေပွဲကို အတူတကွ တက်ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံတွေမှာ ၎င်းတို့စုံတွဲကို ရယ်မောလျက်တွေ့ရပြီး mask တပ်ထားခြင်း မရှိပါဘူး။ ထို့အတူ တေးဂီတဖျော်ဖြေပွဲမှာ လူအချင်းချင်း ခပ်ခွာခွာနေရတဲ့ COVID-19 စည်းကမ်းအတိုင်း ထိုင်ခုံနေရချထားခြင်း မရှိခဲ့တာလည်း တွေ့ရပါတယ်။ မြောက်ကိုရီးယားခေါင်း ကင်မ်ဂျုံအန်ရဲ့ဇနီး ရီဆိုလ်ဂျူဟာ လူကုံထံမိသားစုမှဖြစ်ကြောင်းနဲ့ ဖခင်ဖြစ်သူက ပါမောက္ခဖြစ်ပြီး မိခင်က သားဖွားကျွမ်းကျင်သူလို့ ဆိုပါတယ်။
(Photo: KCNA)
မီဒီယာတွေမှာ ဖော်ပြမှုအရ ရီဆိုလ်ဂျူဟာ အသက် ၃၁ နှစ်အရွယ်ဖြစ်ပြီး Unhasu သံစုံတီးဝိုင်းမှာ အဆိုတော်အဖြစ် ပါဝင်ခဲ့သူဖြစ်ပါတယ်။ ရီဆိုလ်ဂျူဟာ ကင်မ်ဂျုံအန်နဲ့ ၂၀၀၉ ခုနှစ်အတွင်း လက်ထပ်ခဲ့တယ်လို့ ယုံကြည်ရပြီး ၂၀၀၈ ခုနှစ်မှာ ကင်မ်ဂျုံအန်ရဲ့ဖခင် ကင်မ်ဂျုံအီလ် လေဖြတ်သွားပြီးနောက် ၎င်းတို့နှစ်ဦးရဲ့ လက်ထပ်ရန် အမြန်စီစဥ်ခဲ့တယ်လို့ ဆိုပါတယ်။ တောင်ကိုရီးယားထောက်လှမ်းရေးက ပြောကြားမှုအရ ကင်မ်ဂျုံအန်တို့ ဇနီးမောင်နှံမှာ ကလေးသုံးဦးရှိကြောင်းလည်း သိရပါတယ်။