တရုတ်နိုင်ငံက ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်ကိုကျော်လွန်ပြီး ယခုအခါ အဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံပါဝင်တဲ့ ဥရောပသမဂ္ဂရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာကြောင်း သိရပါတယ်။
(Photo: CGTN)
COVID-19 ကြောင့် ဥရောပရဲ့ အဓိက ကုန်သွယ်ဖက်နိုင်ငံအများစုနဲ့ ကုန်သွယ်မှုကျဆင်းသွားစဥ် တရုတ်နဲ့ ကုန်သွယ်မှုမြင့်တက်လာခဲ့ပါတယ်။ တရုတ်နဲ့ ဥရောပကြား ယမန်နှစ် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၇၀၉ ဘီလီယံရှိခဲ့ပြီး အမေရိကန်ရဲ့ ပို့ကုန်သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၁၇ ဘီလီယံထက် ကျော်လွန်များပြားခဲ့ကြောင်း BBC သတင်းမှာ ဖော်ပြပါတယ်။
တရုတ်ရဲ့စီးပွားရေးဟာ COVID-19 ကပ်ရောဂါကြောင့် ၂၀၂၀ ခုနှစ် ပထမ သုံးလပတ်အတွင်း ကျဆင်းသွားခဲ့ပေမဲ့ ထိုနှစ်ရဲ့နှောင်းပိုင်းမှာ ဥရောပကုန်ပစ္စည်းများ ဝယ်လိုအားမြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၂၀ ခုနှစ်အတွင်း စီးပွားရေးတိုးတက်ခဲ့တဲ့ တစ်ခုတည်းသော အဓိက ကမ္ဘာ့စီးပွားရေးနိုင်ငံ ဖြစ်ပါတယ်။ ယမန်နှစ် နှောင်းပိုင်းကာလအတွင်း တရုတ်မှာ ဥရောပမှ ကားများနဲ့ ဇိမ်ခံပစ္စည်းများ ဝယ်လိုအားမြင့်တက်ခဲ့ကြောင်း သိရပါတယ်။
(Photo: Getty Images)
ထိုအတောအတွင်း တရုတ်နိုင်ငံမှ ဥရောပသို့ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများနဲ့ လျှပ်စစ်ပစ္စည်းများ တင်ပို့မှုပမာဏလည်း မြင့်တက်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်အတွင်းမှာ တရုတ်က ဥရောပအတွက် အဓိက ကုန်သွယ်ဖက်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ တရုတ်ကနေ သွင်းကုန်ပမာဏ (+၅.၆ ရာခိုင်နှုန်း) နဲ့ တရုတ်သို့ ပို့ကုန်ပမာဏ (+၂.၂ ရာခိုင်နှုန်း) မြင့်တက်ခဲ့တယ်လို့ ဥရောပသမဂ္ဂရဲ့ Eurostat ရုံးက ပြောပါတယ်။
Eurostat ရဲ့ ကိန်းဂဏန်းတွေဟာ တရုတ်အစိုးရက ထုတ်ပြန်ထားတဲ့ တရားဝင် အချက်အလက်တွေနဲ့ တူညီတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ ဗြိတိန်က ဥရောပရဲ့ အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်နေသေးပေမဲ့ ထိုနှစ်နိုင်ငံလုံးနဲ့ ဥရောပကြား ကုန်သွယ်မှုဟာ သိသာစွာ ကျဆင်းသွားခဲ့ကြောင်း Eurostat အချက်အလက်တွေက ဖော်ပြထားပါတယ်။
(Photo: AFP via Getty Images)
ဥရောပနဲ့ အမေရိကန် ကုန်သွယ်မှုဟာ သွင်းကုန် (-၁၃.၂ ရာခိုင်နှုန်း) နဲ့ ပို့ကုန် (-၈.၂ ရာခိုင်နှုန်း) လျော့ကျခဲ့ကြောင်း သိရပါတယ်။ ၂၀၁၉ ခုနှစ်မှာ အမေရိကန်က ဥရောပနဲ့ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၇၄၆ ဘီလီယံရှိခဲ့ရာမှ ၂၀၂၀ ခုနှစ်မှာတော့ ဒေါ်လာ ၆၇၁ ဘီလီယံသို့ ကျဆင်းသွားခဲ့ပါတယ်။
လေ့လာသုံးသပ်သူတွေရဲ့ ခန့်မှန်းချက်အရ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုဟာ ၂၀၂၁ ခုနှစ်မှာ ပြန်လည်မြင့်တက်လာမယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၀ ခုနှစ်မှာ ခန့်မှန်းခြေ ၁၃.၅ ရာခိုင်နှုန်း ကျုံ့သွားခဲ့ရာမှ ၂၀၂၁ ခုနှစ်မှာတော့ ၇.၆ ရာခိုင်နှုန်း မြင့်တက်လာမှာြဖစ်ပြီး ဒေါ်လာ ၁၆.၄ ထရီလီယံရှိမယ်လို့ သိရပါတယ်။