ထိုင်းနိုင်ငံရဲ့ ဒုတိယမြောက် ပြည်တွင်းမှာထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို မကြာမီ လူတွေမှာ စမ်းသပ်သွားမယ်လို့ တာဝန်ရှိသူတွေက ယနေ့ (ဖေဖေါ်ဝါရီ ၁၈ ရက်) မှာ ပြောခဲ့ပြီး ယခုနှစ်ကုန်အရောက်မှာ ထိုကာကွယ်ဆေး ၅ သန်းအထိ ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် (Chulalongkorn University) က ကြွက်တွေနဲ့ မျောက်တွေမှာ စမ်းသပ်အောင်မြင်ခဲ့တဲ့ အဆိုပါ ကာကွယ်ဆေးကို လာမယ့် ဧပြီလနှောင်းပိုင်း သို့မဟုတ် မေလအစောပိုင်းမှာ လူတွေနဲ့ စမ်းသပ်သွားမှာဖြစ်ကြောင်း Chula Vaccine Research Center မှ Kiat Ruxrungtham က ပြောခဲ့ပါတယ်။
"ဒီနှစ်ကုန်အရောက်မှာ ကျွန်တော်တို့ နှစ်စဥ် ကာကွယ်ဆေးပမာဏ ၁ သန်းကနေ ၅ သန်း ထုတ်လုပ်နိုင်မှာပါ" လို့ Kiat က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ နောက်ပိုင်းမှာ ထိုင်းနိုင်ငံအနေနဲ့ တစ်နှစ်လျှင် COVID-19 ကာကွယ်ဆေး သန်း ၂၀ ခန့် ထုတ်လုပ်လာနိုင်မယ်လို့လည်း ၎င်းကဆိုပါတယ်။
ထိုင်းအစိုးရရဲ့ ကာကွယ်ဆေးအစီအစဥ်ဟာ နှေးကွေးကြောင်းနဲ့ ဘုရင်ပိုင်ဆိုင်တဲ့ Siam Bioscience ကုမ္ပဏီက ပြည်တွင်းမှာထုတ်လုပ်နေတဲ့ ဗြိတန်မှ AstraZeneca ကာကွယ်ဆေးအပေါ် မှီခိုလွန်းနေကြောင်း ဝေဖန်မှုတွေရှိနေခဲ့ပြီးနောက် ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ကာကွယ်ဆေးကို လူတွေမှာစမ်းသပ်မယ့် အစီအစဥ်ကို ကြေညာလာခဲ့တာလည်း ဖြစ်ပါတယ်။
(Chula Vaccine Research Center မှ Kiat Ruxrungtham) (Photo: Chula VRC)
ထိုင်းနိုင်ငံက ဖော်စပ်ခဲ့တဲ့ ChulaCov19 ကာကွယ်ဆေးတွေကို ကနဦးအနေဖြင့် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှာ ထုတ်လုပ်နေပေမဲ့ နောက်ပိုင်းမှာတော့ ထိုင်းကုမ္ပဏီ Bionet Asia က ပြည်တွင်းမှာပင် ထုတ်လုပ်သွားမယ်လို့လည်း Kiat က ပြောခဲ့ပါတယ်။
ချူလာလောင်ကွန်းတက္ကသိုလ်အနေနဲ့ ဗြိတိန်နဲ့ တောင်အာဖရိကမှာ တွေ့ရှိလာရတဲ့ ပိုမိုကူးစက်မြန် COVID-19 ဗိုင်းရပ်စ်ကို ကာကွယ်ရန်အတွက်လည်း ကာကွယ်ဆေးများ ဖော်စပ်နေကြောင်း ၎င်းကဆိုပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာ ၂၅,၁၁၁ ဦးနဲ့ သေဆုံးသူ ၈၂ ဦးရှိခဲ့ကြောင်း သိရပါတယ်။