ယမန်နှစ် ဇွန်လအတွင်း နှစ်နိုင်ငံနယ်စပ် တောင်တန်းဒေသမှာ အိန္ဒိယစစ်သားတွေနဲ့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ၎င်းတို့ရဲ့ စစ်သားလေးဦး သေဆုံးခဲ့ကြောင်း တရုတ်စစ်တပ်က ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဖေဖေါ်ဝါရီ ၁၉ ရက်) အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။
(Photo: @PDChina/Twitter)
အိန္ဒိယကတော့ အဆိုပါ ခိုက်ရန်ဖြစ်ပွားမှုအတွင်း ၎င်းတို့ရဲ့စစ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ယခင်ကတည်းက ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရက ထုတ်ပြန်ချက်မှာ စစ်သားလေးဦးဟာ တရုတ်နယ်စပ်ကို ဖြတ်ကျော်လာတဲ့ ပြည်ပတပ်ဖွဲ့များနဲ့ ထိပ်တိုက်တွေ့မှုအတွင်း သေဆုံးခဲ့ကြတယ်လို့ ဖော်ပြထားကြောင်း BBC သတင်းက ပြောပါတယ်။
ယမန်နှစ် ဇွန်လအတွင်း နှစ်နိုင်ငံ နယ်စပ်ဒေသရှိ Galwan တောင်ကြားမှာ တရုတ်နဲ့အိန္ဒိယ စစ်သားများ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာ ဖြစ်ပါတယ်။ ခိုက်ရန်ဖြစ်ပွားမှုအတွင်း သေနတ်ပစ်ခတ်မှု မရှိခဲ့ပေမဲ့ ကျောက်တုံးကျောက်ခဲများနဲ့ သံစိုက်ထားတဲ့ တုတ်များသုံးပြီး အပြန်အလှန် တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ထိုဖြစ်ရပ်ဟာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တရုတ်နဲ့ အိန္ဒိယ နယ်စပ်ဒေသမှာ ၄၅ နှစ်အတွင်း ပထမဆုံးအကြိမ် လူသေဆုံးမှုရှိတဲ့ ထိပ်တိုက်တွေ့မှုလည်း ဖြစ်ခဲ့ပါတယ်။ တရုတ်စစ်တပ်ရဲ့ PLA Daily သတင်းဌာနက ယမန်နှစ် ဇွန်လအတွင်း အိန္ဒိယစစ်သားတွေနဲ့ ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားမှုအတွင်း သေဆုံးခဲ့တဲ့ တရုတ်စစ်သားလေးဦးကို သူရဲကောင်းများအဖြစ် ဂုဏ်ပြုဖော်ပြခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်နဲ့ အိန္ဒိယတို့ဟာ ၁၉၆၂ ခုနှစ်မှာ နယ်စပ်စစ်ပွဲဖြစ်ပွားခဲ့ပြီး နယ်စပ်ကျူးကျော်ရန် လုပ်ဆောင်ခဲ့ကြောင်း ကာလရှည်ကြာ အပြန်အလှန် စွပ်စွဲမှုတွေရှိနေခဲ့ပါတယ်။ တရုတ်နိုင်ငံက စတုရန်းမိုင် ၁၄,၆၀၀ ကျော်ရှိ ၎င်းရဲ့ ပိုင်နက်နယ်မြေကို သိမ်းပိုက်နေရာယူထားကြောင်း အိန္ဒိယက စွပ်စွဲထားပါတယ်။ အိန္ဒိယနဲ့တရုတ်တို့ကြား နယ်စပ်ပြဿနာကို ဖြေရှင်းရန်အတွက် ဆယ်စုနှစ် သုံးခုအတွင်း ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။