အမေရိကန် လူဝီစီးယားနားပြည်နယ်ရှိ သေနတ်အရောင်းဆိုင်တစ်ဆိုင်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
(Photo: AP)
ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲရဲ့ အဆိုအရ စတင်ပစ်ခတ်သူက လူနှစ်ဦးကို ပစ်ခတ်ခဲ့ရာမှာ သေနတ်ဆိုင်အတွင်းရှိနေတဲ့ အခြားသူတွေကလည်း ၎င်းတို့ရဲ့ လက်နက်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြကြောင်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း လူနှစ်ဦးနဲ့ စတင်ပစ်ခတ်ခဲ့တဲ့ သေနတ်သမားတို့ သေဆုံးခဲ့ပြီး အာဏာပိုင်တွေက ၎င်းတို့ရဲ့ အချက်အလက်တွေကို လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ လူဝီစီးယားပြည်နယ် နယူအော်ရီလန်းစ်မြို့ ဆင်ခြေဖုံးအရပ်ရှိ Jefferson Gun Outlet သေနတ်အရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
(Photo: AP)
"စတင်ပစ်ခတ်ခဲ့တယ်လို့ မူလ သံသယရှိသူ သေနတ်သမားနဲ့ ဆိုင်ထဲမှာရှိနေတဲ့ သေနတ်ပါလာသူတွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ယူဆရပါတယ်" ဒေသခံ ရဲတပ်ဖွဲ့အကြီးအကဲ ဂျိုးဇက်လိုပင်တိုက သတင်းထောက်တွေကို ပြောပါတယ်။ သေနတ်အရောင်းဆိုင်ထဲမှာ ပစ်ခတ်ခဲ့သူတွေဟာ သေနတ်ဝယ်သူတွေ၊ ဆိုင်ဝန်ထမ်းတွေ သို့မဟုတ် ဆိုင်ထဲမှာရှိနေသူတွေ ဖြစ်တယ်လို့ ယူဆထားကြောင်း ၎င်းကဆိုပါတယ်။ တာဝန်ရှိသူတွေက စစ်ဆေးတွေ့ရှိရတဲ့ အချက်အလက် သက်သေအထောက်အထား အားလုံးကို စုဆောင်းပြီး ဆက်စပ်ပုံဖော်ရန် ကြိုးပမ်းနေကြောင်းလည်း သိရပါတယ်။
(Photo: Getty Images)
"ကျွန်တော်တို့ သေနတ်သံတွေနဲ့ အော်ဟစ်သံတွေ ကြားခဲ့ရတယ်၊ ရဲတွေရောက်လာပြီး ကျွန်တော်တို့ကို စောင့်ကြပ်ခေါ်ထုတ်သွားခဲ့တယ်၊ မှန်ကွဲစတွေ နေရာတိုင်းမှာ ကျွန်တော်တွေ့ခဲ့ရတယ်၊ ဒါက တစ်ကယ့်ကြောက်စရာမြင်ကွင်းပဲ" လို့ ဒေသစံတော်ချိန် စနေနေ့ (ဖေဖေါ်ဝါရီ ၂၀ ရက်) က ပစ်ခတ်မှုဖြစ်ပွားခဲ့စဥ် သေနတ်အရောင်းဆိုင်မှာ ရှိနေခဲ့သူ Tyrone Russell က AP သတင်းဌာနကို ပြောခဲ့ပါတယ်။ သေနတ်အရောင်းဆိုင်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူနှစ်ဦးကို ဆေးရုံတင်ထားရပြီး အခြေအနေ တည်ငြိမ်နေကြောင်း ရဲတပ်ဖွဲ့အကြီးအကဲက ဆိုပါတယ်။
.