ဗြိတိန် အရွယ်ရောက်ပြီးသူအားလုံး ယခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာ COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးဖြစ်မယ်လို့ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ကူးစက်မှုထိန်းချုပ်ရေး စီးပွားရေးလုပ်ငန်းများ ပြန်ဖွင့်မယ့်အစီအစဥ်ကို မကြေညာမီ ဖေဖေါ်ဝါရီ ၂၀ ရက်နေ့မှာ ပြောပါတယ်။
(Photo: EPA)
ဝန်ကြီးချုပ်ဂျွန်ဆင်က အင်္ဂလန်နိုင်ငံရဲ့ တတိယမြောက် lockdown အစီအမံတွေကို ဖြေလျှော့ပေးမယ့် လမ်းပြမြေပုံတစ်ခုကို တနင်္လာနေ့ (ဖေဖေါ်ဝါရီ ၂၁ ရက်) မှာ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။ ဗြိတိန်ကာကွယ်ဆေးအစီအစဥ်ဟာ ကူးစက်မှုအန္တရာယ်ပိုများတဲ့ လူဦးရေ ၁၅ သန်းကို ဖေဖေါ်ဝါရီလယ်ပိုင်းမှာ ထိုးပြီးဖြစ်ရန် ရည်ရွယ်ချက်ပြည့်မြောက်ခဲ့ပါတယ်။
ယခုအခါ ဗြိတိန်အစိုးရက အသက် ၅၀ နှစ်အထက် အသက်အရွယ်ရှိသူအားလုံးကို ဧပြီ ၁၅ ရက်ရက်နေ့မှာ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ရန် ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ ယခင်က ထိုအသက်အရွယ်အုပ်စုကို မေလမှာ COVID-19 ကာကွယ်ဆေး ပထမအကြိမ်းထိုးပြီးဖြစ်ရန် ရည်ရွယ်ခဲ့တာဖြစ်ပေမဲ့ ပိုစောပြီး ထိုးပေးနိုင်မှာလည်း ဖြစ်ပါတယ်။
(Photo: AFP)
အကယ်၍ အရွယ်ရောက်ပြီးသူ အားလုံးကို ဇူလိုင်လကုန်မှာ ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ပါက ယခင် ဆောင်ဦးရာသီမှာ အရွယ်ရောက်ပြီးသူအားလုံးကို ပထမအကြိမ် ကာကွယ်ဆေးထိုးပြီးဖြစ်ရန် ရည်ရွယ်ထားမှုကို ကောင်းစွာပြည့်မြောက်မှာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း ပဥ္စမမြောက် COVID-19 ကူးစက်မှုအဆိုးဆု့းနေရာ ဖြစ်လာခဲ့ပြီးနောက် ဝန်ကြီးချုပ်ဂျွန်ဆင်အစိုးရက အနောက်အုပ်စုနိုင်ငံတွေထက် သိသိသာသာ ပိုမိုမြန်ဆန်စွာဖြင့် ကာကွယ်ဆေးရရှိရန် ဆောင်ရွက်ခဲ့ပြီး ထိုနိုင်ငံတွေထက်စောပြီး ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ပါတယ်။
ယခုအခါ ဗြိတိန်တစ်ဝန်း ကူးစက်မှုထိန်းချုပ်ရေး lockdown အစီအမံတွေကို ဖြေလျှော့ပေးသွားတော့မယ်လို့ ဆိုပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ဂျွန်ဆင်က လက်ရှိ COVID-19 အခြေအနေကို မိမိဘာသာ အားရကျေနပ်မနေရန် လိုအပ်ကြောင်းနဲ့ lockdown စီမံဆောင်ရွက်မှုတွေကို တဖြေးဖြေးချင်းသာ ရုပ်သိမ်းသွားမယ်လို့ သတိပေးခဲ့ပါတယ်။
(Photo: AFP)
"အခုဆိုရင် ကျွန်တော်တို့က လာမယ့် ဇူလိုင်လကုန်မှာ အရွယ်ရောက်ပြီးသူတိုင်း ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးဖြစ်ဖို့ ရည်မှန်းချက်ထားသွားမှာပါ၊ နောက်ထပ်အဆင့်တွေအနေနဲ့ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်အချို့ကို ဖြေလျှော့သွားမှာ ဖြစ်ပါတယ်၊ ဒါပေမဲ့ lockdown ကနေထွက်ဖို့က သတိထားပြီး အဆင့်လိုက်ဆောင်ရွက်သွားမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုလည်း ကျွန်တော်တို့အားလုံး ဆက်လက်ပြီး ကာကွယ်ရမှာပါ" လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောပါတယ်။ ဗြိတိန်မှာ ယမန်နှစ် ဒီဇင်ဘာလအတွင်းမှစပြီး COVID-19 ကာကွယ်ဆေးထိုးမှုများ စတင်ခဲ့ပါတယ်။ ဗြိတိန်အစိုးရက Pfizer-BioNTech နဲ့ Oxford-AstraZeneca ကာကွယ်ဆေးနှစ်မျိုးကို အသုံးပြုလျက်ရှိကြောင်း Reuters သတင်းက ဖော်ပြပါတယ်။