ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားတဲ့နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ ၂၄ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲမှာ ကျပ်သိန်းတစ်သောင်းခွဲဆုကို သန်လျင်မြို့နယ်က ရွှေဘုံသာထီဆိုင်ပိုင်ရှင် မတင်တင်ဝင်းက ကံထူးခဲ့ပါတယ်။
ဒီဆုကို ရောင်းဖို့မေ့ကျန်နေခဲ့တဲ့ ထီ၁၆၅စောင် အထုပ်ထဲက ပေါက်ခဲ့တာဖြစ်ပြီး ထီဖွင့်တဲ့ရက်မှာ ပေါက်နေမှန်း မသိခဲ့ဘူးလို့ မတင်တင်ဝင်းက Duwun ကို ပြောပါတယ်။
" ကိစ္စတွေက ရှုပ်နေတော့ ထီကိုလည်း အမှုမဲ့အမှတ်မဲ့နေလိုက်တာ။ ဘယ်သူပေါက်မှန်းလည်း မသိဘူး ။နောက်မှ ထီက ဆုရှင်မတွေ့တော့ သူတို့တရားဝင်မကြေညာနိုင်ဘူး ဖြစ်နေတယ်။ရောင်းတဲ့သူတွေ စာရင်းပြန်ကြည့်ပေးပါဆိုပြီး ဆက်သွယ်လာတယ်။အဲဒါနဲ့ ၄ရက်နေ့မှာ အစ်မစာရင်းကြည့်ပေးတယ် မတွေ့ဘူး။၅ရက်နေ့မှ အမေ့အိပ်ယာသိမ်းပေးရင်း အိပ်ယာဘေးမှာ ချထားတဲ့အထုပ်ကို သွားတွေ့တာ။အဲဒီအထုပ်ကိုဖွင့်ကြည့်မှ၂၄ကြိမ်မြောက်ဆိုတော့ ဟယ်အစောင်တွေအများကြီး ကျန်တယ်ဆိုပြီး ဈေးရောင်းတဲ့လူဆိုတော့ နှမြောနေတာ။ပြီးမှ ဖြိုးမောက်လျှံတံဆိပ်က ပေါက်ထားတယ်ဆိုတော့ ကိုယ်များပါမလားဆိုပြီး တိုက်ကြည့်မှ ငါးစောင်တွဲက ပေါက်နေတာ " လို့ ကံထူးရှင် မတင်တင်ဝင်းက Duwun ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၅ရက်ညမှ သိန်းတစ်သောင်းခွဲကံထူးတာကို သိခဲ့ရတာမို့ ဖေဖော်ဝါရီ ၈ရက် ၊ တနင်္လာနေ့မှာ အောင်ဘာလေထီရုံးက တစ်ဆင့် ဆုငွေထုတ်ခဲ့တယ်လို့ မတင်တင်ဝင်းက ပြောပါတယ်။
" ၅ရက်နေ့က သိသိချင်း ဘာလုပ်ရမှန်းမသိဘူး။သောကြာနေ့လည်းဖြစ်တော့ စိတ်ကိုငြိမ်အောင် ထားလိုက်ပြီး တနင်္လာနေ့မှ အောင်ဘာလေရုံးသွားလိုက်တယ်။လူကြီးတွေကလည်း ပေါက်မဲပိုင်ရှင်တွေ့တော့ ဝမ်းသာပြီး လက်မှတ်လည်းပါတော့ ငွေထုတ်ဖို့ ချက်ချင်းလိုက်လုပ်ပေးတယ်။အစ်မလည်း သိသိချင်းက နိုင်ငံရေးကိစ္စတွေဖြစ်နေတော့ ပိုက်ဆံရပါ့မလားလို့ တွေးမိတာ။အောင်ဘာလေဘက်က လိုက်လုပ်ပေးတယ် မြန်မာ့စီးပွားရေးဘဏ်ချက်လက်မှတ်ရခဲ့တယ်။သိန်းတစ်သောင်းခွဲချက်လက်မှတ် တစ်စောင်။မြန်မာ့ စီးပွားရေးဘဏ်ကလည်း အကြောင်းကြားစာနဲ့ဆိုတော့ နေ့ချင်းငွေရတယ် " လို့ မတင်တင်ဝင်းက Duwun ကို ပြောပါတယ်။
ကျပ်သိန်းတစ်သောင်းခွဲကံထူးခဲ့တဲ့အတွက် ကျပ်သိန်းတစ်ထောင်ကို အလှူဒါနပြန်လုပ်မှာဖြစ်ပြီး လက်ရှိမှာတော့ ပုဂ္ဂလိကဘဏ်တွေက ပိတ်ထားတဲ့အတွက် မြန်မာ့စီးပွားရေးဘဏ်မှာပဲ ငွေတွေကို ပြန်လည်အပ်နှံထားတယ်လို့ ကံထူးရှင်က Duwun ကို ပြောပါတယ်။