အကျဥ်းထောင်တစ်ခုရှေ့မှာ ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ဓာတ်ပုံကို မီးရှို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ထိုင်းနိုင်ငံ ပြစ်မှုဆိုင်ရာ တရားရုံးတစ်ရုံးက အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူတစ်ဦးကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဘုရင်ရဲ့ဓာတ်ပုံကို မီးရှို့မှုဖြင့် ဖမ်းဝရမ်းထုတ်ရန် မတ် ၂ ရက်နေ့က ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။


(Photo: Reuters)

တက်ကြွလှုပ်ရှားသူ Chaiamorn Kaewwiboonpan ဟာ စနေနေ့ (ဖေဖေါ်ဝါရီ ၂၇ ရက်) က အကျဥ်းထောင်တစ်ခုရှေ့မှာ ထိုင်းဘုရင်မဟာဗာဂျီယာလောင်ကွန်းရဲ့ ဓာတ်ပုံကို မီးရှို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ Chaiamorn ဟာ ထိုင်းနိုင်ငံရဲ့ ပြင်းထန်တဲ့ဥပဒေအရ ဘုရင်ကို စော်ကားမှုစွဲချက်များနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။



ထိုင်းမှာ ဆန္ဒပြသူတွေက ဖျက်သိမ်းရန် တောင်းဆိုနေကြတဲ့ ထိုဥပဒေအရ ထောင်ဒဏ် ၁၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ "တရားရုံးက Chaiamorn အတွက် ဖမ်းဝရမ်းကို အတည်ပြုခဲ့ပါတယ်" လို့ ဘန်ကောက်ရဲတပ်ဖွဲ့ ဒုတိယအကြီးအကဲ Piya Tavichai က Reuters သတင်းဌာနကို ပြောပါတယ်။ Chaiamorn ကို ယခုဖမ်းဝရမ်းကိစ္စ မှတ်ချက်ပေးရန် ချက်ချင်း ဆက်သွယ်နိုင်ခြင်း မရှိသေးဘူးလို့ Reuters က ဖော်ပြပါတယ်။

(Photo: Jack Taylor/AFP)

ဥပဒေဆိုင်ရာ အကူအညီပေးရေးအုပ်စု Thai Lawyers for Human Rights က Twitter မှာ ရေးသားထားမှုအရ ရဲတပ်ဖွဲ့ဟာ တက်ကြွလှုပ်ရှားသူ Chaiamorn ရဲ့ နေအိမ်ကို ရှာဖွေဝရမ်းနဲ့အတူ ရောက်ရှိနေခဲ့ကြပြီလို့ သိရပါတယ်။ တနင်္ဂနွေနေ့ (ဖေဖေါ်ဝါရီ ၂၈ ရက်) မှာ ထိုင်းဆန္ဒပြသူတွေက ဘုရင်မဟာဗာဂျီယာလောင်ကွန်း တိုက်ရိုက်အမိန့်ပေးတဲ့ စစ်တပ်အခြေစိုက်ရာ စစ်စခန်းသို့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ ယမန်နှစ်အတွင်းမှစပြီး လူငယ်များဦးဆောင်တဲ့ ဆန္ဒပြမှုတွေ ဆက်တိုက် ပေါ်ပေါက်နေခဲ့ပြီး ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းခေါင်းဆောင် လက်ရှိဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ နုတ်ထွက်ရန်နဲ့ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုနေကြပါတယ်။ လတ်တလော ရက်များအတွင်း ဆန္ဒပြမှုတွေ တစ်ကျော့ပြန်ရှိလာခဲ့ပြီး ဖေဖေါ်ဝါရီ ၂၈ ရက်နေ့မှာ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ပထမဆုံးအကြိမ် ရာဘာကျည်ဆန်များသုံးပြီး ပစ်ခတ်ဖြိုခွင်းခဲ့ပြီး မျက်ရည်ယိုဗုံးများနဲ့ ရေအမြှောက်လည်း အသုံးပြုခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က