ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် အများဆုံးတစ်နာရီလောက်ထိပဲ အွန်လိုင်းစာသင်ချိန်ယူတာ အကောင်းဆုံးပါ။

ကူးစက်ရောဂါပျံ့နှံမှုတွေ တစ်နေ့တစ်ခြားများပြားလာတဲ့ကမ္ဘာကြီးမှာ ရင်သွေးငယ်တွေရဲ့အနာဂတ်သင်ကြားမှုက စာသင်ကျောင်းတွေမှာစုဝေးသင်ကြားတာထက် အင်တာနက်အသုံးပြုပြီး အွန်လိုင်းသင်ကြားမှုဆီကို ရွေ့လျားနေပါတယ်။

အွန်လိုင်းသင်ကြားမှုနဲ့ အသင့်လျော်ဆုံးအရွယ်

အွန်ုလိုင်းကနေ စာသင်ဖို့ အသင့်လျော်ဆုံးအရွယ်ကတော့ အသက် (၉) နှစ်လောက်ကစပြီး အလယ်တန်းအရွယ် ကလေးတွေပါ။ ဘာကြောင့်လဲဆိုတော့ ဆယ်ကျော်သက်အရွယ်ဟာ အာရုံစူးစိုက်မှု အကောင်းဆုံးအရွယ်ဖြစ်ပြီး အွန်လိုင်းကတစ်ဆင့် ဆရာတွေနဲ့လည်း အလွယ်တကူပြောဆိုဆက်ဆံနိုင်တာကြောင့်ပါလို့ Nway Oo Homeschooling အဖွဲ့ကဆိုပါတယ်။ 

တစ်နေ့အချိန်ဘယ်လောက်သင်မှာလဲ

ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ် အများဆုံးတစ်နာရီလောက်ထိပဲ အွန်လိုင်းစာသင်ချိန်ယူတာ အကောင်းဆုံးပါ။ မူလတန်းအရွယ်ဆိုရင် မိနစ် (၂၀) ကနေ နာရီဝက်လောက်အထိပဲ အာရုံစူးစိုက်မှု ပိုကောင်းနိုင်တဲ့အတွက် စာသင်ချိန်ကို အများဆုံးနာရီဝက်လောက်အထိပဲ ယူသင့်ပါတယ်။ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားတွေ အတွက်ကတော့ အွန်လိုင်းစာသင်ချိန်က တစ်နာရီလောက် အသင့်လျော်ဆုံးပါလို့ အကြံပြုပါတယ်။

သတ်မှတ်ထားတဲ့အချိန်ထက် ပိုယူမယ်ဆိုရင် ကလေးတွေ အမြင်အာရုံမစူးစိုက်နိုင်တော့သလို သင်ရတဲ့ ဆရာ၊ ဆရာမတွေအတွက်လည်း ကလေးတွေစိတ်ဝင်စားအောင် ပြင်ဆင်ဖို့ခက်ခဲနိုင်တယ်လို့ဆိုပါတယ်။ 

ဘယ်လိုအခြေအနေမှာ အွန်လိုင်းသင်ကြားမှုလုပ်ရမလဲ

ကူးစက်ရောဂါဖြစ်ပွားနေတဲ့အခြေအနေ၊ ကျောင်းသားအချင်းချင်းထိတွေ့ ဆက်ဆံဖို့ ခက်ခဲတဲ့ အခြေအနေ၊ အကြောင်းအမျိုးမျိုးကြောင့် မိမိတိုရဲ့ ကလေးတွေကို စာသင်ခန်းကို မပို့နိုင်တော့တဲ့အချိန်မျိုးမှာမှ အွန်လိုင်းသင်ကြားမှုကိုလုပ်သင့်ပါတယ်။

အွန်လိုင်းနဲ့ စာမသင်သင့်တဲ့ကလေးဆိုတာ..

အွန်လိုင်းကနေ စာသင်ဖို့ မကိုက်ညီတဲ့ကလေးတွေဆိုတာ မရှိပါဘူး။ မိမိတို့ ကလေးရဲ့ အခြေအနေကို ကြည့်ရပါမယ်။ 

ဥပမာ- ကလေးက အမြင်အာရုံချို့တဲ့နေတာမျိုး၊ မမြင်ရတဲ့ကလေးမျိုး ပုံမှန် စာသင်ခန်းထဲမှာကျောက်သင်ပုန်း၊ စာအုပ်ကိုကြည့်ပြီး သင်နိုင်ပေမယ့် ကွန်ပျူတာ ၊လက်တော့ပ် စတဲ့ ဖန်သားပြင်တွေကို မကြည့်နိုင်တဲ့ ကလေးမျိုးတွေ ရှိတတ်ပါတယ်။

အဲဒီလို ကလေးတွေ အွန်လိုင်းကနေ သင်မယ်ဆိုရင် ပုံမှန် စာသင်ကြားချိန် တစ်နာရီထက် အချိန်ကို လျှော့ပြီးသင်ကြားတာမျိုးလုပ်သင့်ပါတယ်။အချိန်တိုတိုနဲ့ နေ့တိုင်းသင်တာမျိုးက ပိုပြီးထိရောက်တယ်လို့ Nway Oo Homeschooling အဖွဲ့က တိုက်တွန်းပါတယ်။

စာသင်ကျောင်းနဲ့အွန်လိုင်းအကြား ကွာခြားချက်

တိုးတက်လာတဲ့ နည်းပညာခေတ်မှာအွန်လိုင်းကနေ စာသင်ကြားခြင်းက ကလေးတွေအတွက် နည်းပညာအသစ်အဆန်းတွေကို စူးစမ်းနိုင်ပါတယ်။

ဒါပေမယ့် ပေါင်းသင်းဆက်ဆံတတ်မှုကိုတော့ စာသင်ခန်းမှာ ကလေးအချင်းချင်းသင်ကြားရတာ ပိုပြီးထိရောက်နိုင်ပါတယ်။

ဒါကြောင့် မိဘရော၊ ဆရာတွေရော ကလေးရဲ့ အားသာချက်၊ အားနည်းချက်ကို အရင်ကြည့်ပြီးမှ အွန်လိုင်းကနေ စာသင်တာမျိုးပိုလုပ်သင့်ပါတယ်။

နည်းပညာဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်နေတဲ့ ကမ္ဘာကြီးမှာ အွန်လိုင်းကနေစာသင်ကြားခြင်းက ယဉ်ကျေးမှုတစ်ရပ်လို ထွန်းကားနေပါပြီ။ ဒီတော့ အွန်လိုင်းကနေစာသင်ပါ။ အကျိုးအပြစ်တွေကို လေ့လာပါ။ ကိုယ်နဲ့ကိုက်ညီမယ့် စနစ်ကိုရွေးချယ်ပါ။ လေလှိုင်းပေါ်ကစာသင်ခန်းနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိလာအောင် မိဘတွေရောကလေးတွေပါကြိုးစားလေ့လာပါ။ အွန်လိုင်းသင်ကြားမှုဆိုတာက စာသင်ခန်းဆီသွားစရာမလိုဘဲ စာသင်ခန်းက ကိုယ့်ဆီရောက်လာမယ့် သင်ယူမှုပုံစံအသစ်တစ်ခုဖြစ်ပြီး အနာဂတ်သင်ကြားမှုတွေရဲ့အစပထမခြေလှမ်းတစ်ရပ်လို့ပဲ ဆိုပါရစေ။ 

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Homeschooling အဖွဲ့မှ ပံ့ပိုးကူညီပေးထားပါတယ်။



Share

Loading Next Article...
က္က