အွန်လိုင်းစာသင်ခန်းဟာ ပြင်ပစာသင်ခန်းလိုပဲ ဆရာရောကျောင်းသားပါပျော်တဲ့နေရာမျိုးဖြစ်ဖို့အတွက် အမှန်တကယ်လိုအပ်ပါတယ်။

အွန်လိုင်းကနေ စာသင်မယ်ဆိုရင် ကျောင်းစာသင်ခန်းလို မိမိတို့ရဲ့ ကလေးတွေကို ကျောင်းပို့လိုက်တာနဲ့ ပြီးသွားတဲ့ကိစ္စတော့မဟုတ်ပါဘူး။

မိဘတွေဟာ ကလေး အွန်လိုင်းသင်တန်းတက်နေရင် ကိုယ်ပါလိုက်နေရသလိုမျိုးအထိ ပြင်ဆင်ထားဖို့ လိုအပ်သလို ဆရာတွေကလည်း မိမိစာသင်ရမယ့် ကလေးတွေရဲ့ စိတ်နေစိတ်ထား၊ စိတ်ပါဝင်စားမှုတွေကို သိထားဖို့ လိုအပ်ပါတယ်။

Photo:govtech

ရင်းနှီးကျွမ်းဝင်ဖို့လိုအပ်တဲ့ အွန်လိုင်းစာသင်ခန်း

အွန်လိုင်းကနေ စာသင်တော့မယ်ဆိုရင် ပြင်ဆင်ရမှာက ဆရာ၊မိဘနဲ့ ကလေးတွေကိုယ်တိုင်ပါပဲ။ ဆရာတွေက မိမိတို့သင်မယ့်ကလေးတွေ စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာတွေကို သိထားပြီးမှ သင်ခန်းစာတွေပြင်ဆင်ဖို့ လိုပါတယ်။ 

မိဘတွေကလည်း ကလေးတွေစာသင်ဖို့ နေရာထိုင်ခင်းသီးသန့်ပြင်ဆင်ပေးရမှာဖြစ်သလို စိတ်ကိုလည်းပြင်ဆင်ပေးထားရပါမယ်။ ဥပမာ- စာသင်ချိန် မရာက်မီ ရေမိုးချိုးအဝတ်အစားလဲပေးတာ၊အစားအသောက်ကျွေးထားတာ စသဖြင့် ပြင်ဆင်ပေးခြင်းဖြင့် ကလေးကို စာသင်ရတော့မယ်ဆိုတာ အသိပေးထားဖို့ လိုပါတယ်။

ဆရာနဲ့ကလေးတွေအကြားက ဆက်ဆံရေး

အပြင်စာသင်ခန်းမှာ ဆရာမနဲ့ကလေးကြားရင်းနှီးဖို့ လွယ်သလောက် လေလှိုင်းပေါ်က စာသင်မယ်ဆိုရင် ဆရာမနဲ့ကလေးကြား ဆက်ဆံရေးတည်ဆောက်ရတာ ခက်ခဲနိုင်ပါတယ်။ တစ်ရက်ကို တစ်နာရီလောက်သာဆုံရတဲ့ အွန်လိုင်းစာသင်ခန်းမှာ ကလေးအကြောင်းပြည့်ပြည့်စုံစုံသိဖို့ မလွယ်ပါဘူး။

ဒါကြောင့် ဆရာမတွေက မိမိသင်မယ့်ကလေးက ဆယ်ယောက်ဆိုရင် တစ်ဦးချင်းစီစိတ်ဝင်စားတဲ့ အရာထက် ဆယ်ယောက်လုံးစိတ်ဝင်စားနိုင်လောက်တဲ့အရာကို သိပြီး သင်ခန်းစာတွေကိုပြင်ဆင်သင့်ပါတယ်။

ဆုံရတဲ့တစ်နာရီအတွင်းမှာ ကလေးရဲ့ အကြောင်းကို မေးခွန်းများများမေးပြီး ရင်းနှီးမှုယူသင့်ပါတယ်။ ဒါမှ ကလေးတွေရဲ့ စိတ်ထဲ ပေါ့ပေါ့ပါးပါးဖြစ်လာပြီး အွန်လိုင်းစာသင်ခန်းကို အကျွမ်းတဝင်ရှိလာမှာပါ။

Photo:indiatoday

ပြင်ဆင်ထားရမယ့် အခန်းအခြေအနေ

ကလေးတွေစာသင်ဖို့ သီးသန့်နေရာပြင်ဆင်တဲ့အခါမှာ ခြင်အရမ်းကိုက်တဲ့နေရာမျိုး၊ မှောင်မဲနေတဲ့နေရာမျိုး မဖြစ်ရပါဘူး။ စာသင်ဖို့ လိုအပ်တဲ့အလင်းရောင်ရှိရမယ့် အခန်းဖြစ်သင့်ပြီး အသုံးပြုမယ် Devices တွေ ကျယ်ကျယ်ဝန်းဝန်းတင်နိုင်မယ့် စားပွဲ၊ ခုံ လိုအပ်ပါတယ်။

ဒါ့အပြင် စာသင်မယ့်နေရာ အနီးတစ်ဝိုက် သန့်ရှင်းအောင်၊ ကလေးတွေ အာရုံ မလွင့်အောင် အတန်အသင့် တိတ်ဆိတ်တဲ့နေရာမျိုး ဖြစ်ရပါမယ်။

အွန်လိုင်းကနေ သင်တာဖြစ်တဲ့အတွက် အသုံးပြုမယ့် Computer, Laptop, tablet စတဲ့ Devices တွေကို အားသွင်းတာတွေကို မိဘရော၊ဆရာပါ ကြိုတင်ပြုလုပ်ထားရပါမယ်။ အွန်လိုင်းစာသင်ခန်းမှာ အသုံးပြုမယ့် Application တွေကို ကလေးနဲ့ ဆရာပါ သိထားရမယ့် အပြင်မိဘတွေပါ သိထားရပါမယ်။

ဒါကြောင့် အွန်လိုင်းစာသင်ခန်းမစမီ နည်းပညာနဲ့ အကျွမ်းတဝင်ဖြစ်ဖို့ ကလေးရော၊ မိဘတွေအတွက်ပါ သင်တန်းသီးသန့်ပေးဖို့ လိုအပ်ပါတယ်။ 

Photo:intersys

လေလှိုင်းပေါ်က အသင်းအဖွဲ့နဲ့စုစည်းမှုစိတ်ဓာတ်

ကျောင်းစာသင်ခန်းလို တစ်ယောက်နဲ့တစ်ယောက် မမြင်နိုင်တဲ့အတွက် ကလေးတွေအချင်းချင်း ရင်းနှီးဖို့ မလွယ်ကူတော့ပါဘူး။ 

ဒါကြောင့် လေလှိုင်းပေါ်မှာ ကလေးအချင်းချင်းရင်းနှီးဖို့ ဆရာမမှာ တာဝန်ရှိပါတယ်။ ဆရာမက နှစ်ယောက်ချင်းစီ၊အုပ်စုလိုက်စီ လေ့ကျင့်စေပြီး ကလေးတွေအကြားရင်းနှီးအောင်၊ အချင်းချင်းပူးပေါင်းလုပ်ဆောင်တတ်အောင် သင်ပေးရပါမယ်။

Photo: deccanherald

သင်ကြားချိန်နဲ့လူဦးရေ

စာသင်ကြားချိန်ကတော့ အနည်းဆုံး မိနစ်နှစ်ဆယ်ကနေ ကလေးအရွယ်ကြီးရင် ကြီးသလို တစ်နာရီလောက်ထိပဲ သင်ကြားသင့်ပါတယ်။ ကလေးရဲ့ စိတ်ဝင်စားမှု အပေါ်မူတည်ပြီး စာသင်ချိန်ကို တိုးနိုင်ပါတယ်။ ဒါ့အပြင် စာသင်ခန်းထဲမှာဆိုရင် လူအယောက် (၄၀) လောက်ကို တပြိုင်နက်တည်းသင်နိုင်ပေမယ့် အွန်လိုင်းပေါ်မှာတော့ လူအယောက် (၄၀)လောက်သင်မယ်ဆိုရင် မထိရောက်နိုင်ပါဘူး။

အထိရောက်အသင့်တော်ဆုံးက တစ်ဦးချင်းစီပဲသင်သင့်ပြီး တစ်ဦးချင်းစီသင်တာက ကလေးအကြောင်းကို အပြည့်အ၀ နားလည်နိုင်ပါတယ်။ ဒါပေမယ့် အလယ်တန်းအဆင့်ကျောင်းသားတွေဆိုရင်တော့ စာသင်ခန်းတစ်ခန်းကို ၅ ဦး၊ ၆ ဦးသင်မယ်ဆိုရင်လည်း အချင်းချင်းပူးပေါင်းလုပ်ဆောင်နိုင်တဲ့အတွက် သင့်တော်ပါတယ်။ အထက်တန်းအဆင့် ကျောင်းသားတွေကတော့ အတန်းကြီးရင် ကြီးသလို အများဆုံး (၁၀) ဦးလောက်အထိ သင်ကြားနိုင်ပါတယ်။


အွန်လိုင်းစာသင်ခန်းဟာ ပြင်ပစာသင်ခန်းလိုပဲ ဆရာရောကျောင်းသားပါပျော်တဲ့နေရာမျိုးဖြစ်ဖို့အတွက် အမှန်တကယ်လိုအပ်ပါတယ်။ တစ်နေ့ကို နာရီပိုင်းပဲသင်ကြားရတဲ့ သင်ကြားမှုမှာ အချိန်ပြည့်အာရုံစူးစိုက်ပြီး ပျော်ရွှင်မှုရှိမှသာ ထိရောက်တဲ့သင်ကြားမှုကိုပြုလုပ်နိုင်မှာပါ။ ဒါကြောင့် အထက်ကအချက်တွေကို မိဘ၊ ဆရာ၊ ကျောင်းသား သုံးဦးစလုံးထိထိရောက်ရောက်ပြင်ဆင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အတတ်၊အသိပညာတွေမျှဝေပေးနိုင်တဲ့ လေလှိုင်းစာသင်ခန်းမျိုးတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ 

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Homeschooling အဖွဲ့မှ ပံ့ပိုးကူညီပေးထားပါတယ်။ 




Share

Loading Next Article...
က္က