မိဘတွေက နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်မှသာ ကိုယ့်ရဲ့ကလေးက လေလှိုင်းစာသင်ခန်းထဲကို ရောက်လာမှာပါ။

အွန်လိုင်းသင်ကြားမှုအောင်မြင်အဆင်ပြေစေဖို့အတွက် ဆရာနဲ့ကျောင်းသားအပြင် နောက်ထပ်အရေးပါကတော့ မိဘတွေဖြစ်ပါတယ်။

မိမိတို့ရဲ့ကလေးတွေကို အွန်လိုင်းကနေစာသင်စေချင်တဲ့ မိဘတွေအနေနဲ့ ကိုယ်တိုင် ဒီသင်တန်းကို တက်ရမယ်လို့ တွေးပြီး စနစ်တကျပြင်ဆင်ထားရမှာပါ။ အွန်လိုင်းသင်တန်းအတွက် အသုံးပြုရတဲ့ နည်းပညာကအစ ကလေးနဲ့အတူတူ စာလိုက်သင်တာ၊ အိမ်စာဝိုင်းကူပေးတာ အဆုံး မိဘတွေ လိုက်လုပ်ဖို့ လိုအပ်ပါတယ်။ လေလှိုင်းစာသင်ခန်းအတွက် မိဘတွေမဖြစ်မနေလုပ်သင့်တဲ့အချက်တွေရယ်လို့ အတိအကျသတ်မှတ်ထားတာမျိုးမဟုတ်ပေမယ့် ဘယ်လိုပုံစံသင်မှာလဲ၊ ဘယ်လိုနည်းပညာသုံးပြီးသင်မှာလဲဆိုတာကို မိဘကကြိုသိပြီး ပြင်ဆင်ထားနိုင်ဖို့အတွက် Nway Oo Homeschooling အဖွဲ့က အကြံပြုပြောကြားထားပါတယ်။ 

Photo: USA Today

နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်အောင် ကြိုးစားပါ

Zoom, Google Meet အစရှိတဲ့အုပ်စုဖွဲ့ပြီးသင်ကြားနိုင်တဲ့ Applications တွေကို မိဘတွေက အကျွမ်းတဝင်သိထားရမှာဖြစ်သလို အသုံးပြုမယ့် Devices တွေကိုလည်း ကောင်းကောင်းအသုံးပြုတတ်ဖို့ လိုအပ်ပါတယ်။ မိဘတွေက နည်းပညာနဲ့ ရင်းနှီးကျွမ်းဝင်မှသာ ကိုယ့်ရဲ့ကလေးက လေလှိုင်းစာသင်ခန်းထဲကို ရောက်လာမှာပါ။

စာသင်ချိန်မရောက်ခင် ဘာတွေပြင်ဆင်ပေးရမလဲ

လေလှိုင်းစာသင်ခန်းက အိမ်မှာနေပြီးတက်ရတယ်ဆိုပေမယ့် မိဘတွေဟာ မိမိတို့ရဲ့ကလေးကို ကျောင်းပို့သလိုမျိုး ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်။ စာသင်ချိန်မစခင် ကိုယ့်ရဲ့ကလေးကို ရေမိုးချိုး၊သနပ်ခါးလိမ်းပေးတာ၊အစားအသောက်ကျွေးထားတာ၊ စာသင်ခုံကို ပြင်ဆင်ပေးထားတာ စသဖြင့် စာသင်ဖို့ အဆင်သင့်ဖြစ်နေအောင် လုပ်ပေးထားရမှာပါ။ ဒါမှလည်း ကလေးက စိတ်ပိုင်းရောရုပ်ပိုင်းအရပါစာသင်ဖို့အတွက် အသင့်ဖြစ်နေနိုင်မှာပါလို့ Nway Oo Homeschooling အဖွဲ့က ဆိုပါတယ်။ 

Photo: USA Today

ကလေးနဲ့ အတူတူစာလိုက်သင်ပါ

စာသင်နေပြီဆိုပြီး မိမိရဲ့ကလေးကို ဒီတိုင်းလွှတ်ထားလို့မရပါဘူး။ ကလေးငယ်တွေဟာ ကျောင်းခန်းထဲမှာ ဆရာမ စာတိုင်ပေးရင် သူငယ်ချင်းတွေနဲ့အတူတူ လိုက်ဆိုတာမျိုးလုပ်ကြပေမယ့် အွန်လိုင်းစာသင်ခန်းမှာတော့ တစ်ယောက်တည်းဖြစ်နေတဲ့အတွက် လိုက်မဆိုတာမျိုးရှိတတ်ကြပါတယ်။ ဒါကြောင့် မိဘတွေက စာသင်ခန်းထဲက သူငယ်ချင်းလိုမျိုး ကိုယ့်ရဲ့ကလေးနဲ့အတူတူ စာလိုက်ဆိုတာ၊ စာလိုက်သင်တာမျိုး ၊ အိမ်စာတွေကူပေးတာမျိုး လုပ်ပေးသင့်ပါတယ်။ ဒါမှသာကလေးတွေဟာ သူတို့ကို ကူညီပေးမယ့်သူရှိတယ်ဆိုတဲ့စိတ်နဲ့ ပိုပြီး တတ်မြောက်လွယ်စေတယ်လို့အကြံပြုချင်ပါတယ်။ 

ကလေးရဲ့ကျွမ်းကျင်တတ်မြောက်မှုကို အမြဲသိအောင်လုပ်ပါ

ကျောင်းခန်းထဲမှာ ဆရာမက ကလေးတစ်ဦးချင်းစီကို အာရုံစိုက်ပြီး စာပြန်မေးတာတွေလုပ်နေပေမယ့် လေလှိုင်းမှာတော့ အခက်အခဲမျိုးစုံကြောင့် ကလေးတစ်ဦးချင်းစီရဲ့ တက်မြောက်မှုကို သေချာဆန်းစစ်ဖို့ မလွယ်ကူပါဘူး။ မိဘတွေကသာ ကလေးနဲ့ အနီးကပ်နေတဲ့အတွက် ကိုယ့်ရဲ့ကလေး ရဲ့ အရည်အသွေး၊ တက်မြောက်မှုကို ဆန်းစစ်ရတာပိုမိုလွယ်ကူနိုင်ပါတယ်။ 

“ ဒီနေ့ ဘာတွေသင်လဲ။ ကလေးက လိုက်နိုင်ရဲ့လား။ ဘယ်လိုပြန်ပြီး ထပ်သင်ပေးရမလဲ” စတာတွေကို အမြဲနားစွင့်ပြီး ကလေးရဲ့ ကျွမ်းကျင်တက်မြောက်မှုကိုစစ်ဆေးနိုင်ပါတယ်။

Photo: USA Today

မိဘနဲ့ဆရာ ရာနှုန်းပြည့်ပူးပေါင်းပါ

မိဘနဲ့ ဆရာဟာ(၁၀၀) ရာခိုင်နှုန်းပူးပေါင်းဆောင်ရွက်ရပါမယ်။ ကျောင်းခန်းထဲမှာ ပုံမှန် ၅၊ ၆ နာရီလောက် ဆုံနေတဲ့ဆရာနဲ့ ကလေးတွေဟာ လေလှိုင်းမှာ တစ်နေ့ကို တစ်နာရီလောက်ပဲဆုံရတဲ့အခါမှာ ကလေးတစ်ဦးချင်းစီရဲ့ လိုအပ်ချက် အသေးစိတ်ကို သိနိုင်ဖို့ ခက်ခဲပါတယ်။

ဒါကြောင့် စာသင်ချိန်ပြင်ပမှာ ဆရာနဲ့ မိဘအမြဲဆက်သွယ်နေပြီး ဆရာတွေကလည်း ကိုယ်သင်ပေးနေတဲ့သင်ခန်းစာ ၊ ကလေးတွေရဲ့ လိုက်နာနိုင်စွမ်းရည်တွေကို မိဘတွေကို အသိပေးထားဖို့ လိုအပ်ပါတယ်။မိဘတွေကလည်း ကိုယ့်ကလေးရဲ့ အားနည်းချက်၊ အားသာချက်၊ ဘာတွေ ဖြည့်ဆည်ပေးဖို့ လိုအပ်နေသလဲဆိုတာကို အမြဲတမ်း မေးမြန်းနေရပါမယ်။

ကိုယ့်ကလေးရဲ့ ပညာရေးနောက်ကျမကျန်စေချင်ဘူးဆိုပြီး အွန်လိုင်းသင်တန်းတွေချည်း တောက်လျှောက် တက်ခိုင်းနေလို့မရပါဘူး။ ကိုယ်တိုင်ပါဝင်နေပြီး ကလေးအကြောင်းကို သိနေအောင်ဖို့အတွက် အကြံပြုပါရစေ။


ကိုယ့်ကလေးကို အွန်လိုင်းကနေ စာသင်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် မိဘတွေဘက်က ထားရှိရမယ့်ကျင့်ဝတ်နဲ့ ဖြည့်ဆည်းဖို့လိုအပ်တဲ့ ဗဟုသုတတွေကို စတင်ပြင်ဆင်ထားသင့်ပါတယ်။ ခေတ်မီနည်းပညာနဲ့သင်ကြားမှုစနစ်ကို ကိုယ်တိုင်သိရှိနားလည်မှသာ ကိုယ့်ရင်သွေးကို လေလှိုင်းစာသင်ခန်းမှာ အခက်အခဲမရှိအောင် ကူညီပေးနိုင်မှာပါ။ အခုနောက်ပိုင်းမှာ အွန်လိုင်းသင်ကြားမှုတွေအဆင်ပြေစေဖို့အတွက် မိဘတွေကို အရင်သင်ကြားပေးတာ၊ စုပေါင်းဆွေးနွေးတာမျိုးတွေကို တစ်ချို့အွန်လိုင်းစာသင်ကျောင်းတွေကလုပ်ပေးနေပါတယ်။ 

ဒီလို သင်ကြားမှုနဲ့လမ်းညွှန်မှုမျိုးကို တက်ရောက်သင်ကြားတာ ဆွေးနွေးတာမျိုးကို မိဘတွေအနေနဲ့ ပြုလုပ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ ကိုယ့်ရင်သွေးရဲ့ပညာရေးကို နောက်ကွယ်ကနေ ပံ့ပိုးကူညီနိုင်သူတွေဖြစ်လာစေဖို့ မိဘတွေအနေနဲ့ ခေတ်မီနည်းပညာတွေကို လျစ်လျုမရှုထားဘဲ လေ့လာကြဖို့ တိုက်တွန်းလိုက်ပါရစေ။ 

သတင်းဆောင်းပါးပါ အချက်အလက်များကို Nway Oo Homeschooling အဖွဲ့မှ ပံ့ပိုးကူညီပေးထားပါတယ်။ 

Share

Loading Next Article...
က္က