ဘောလုံးကွင်းတစ်ကွင်းက ကလပ်အသင်းတစ်ခုရဲ့ ဂုဏ်အင်္ဂါရပ်တစ်ခုပါပဲ။
နာမည်ကျော်ကလပ်အသင်းတွေတိုင်းက သူတို့ရဲ့အိမ်ကွင်းတွေကို ပိုမိုကောင်းမွန်လာအောင်၊ ပရိသတ်ဝင်ဆံ့လာအောင် အမြဲတမ်းပြုပြင်ဖန်တီးယူနေကြပါတယ်။ ခေတ်မီဆန်းပြားတဲ့
ကစားကွင်းတွေပေါ်ပေါက်လာတဲ့နည်းတူ တဖက်မှာလည်း ပရိသတ်တွေက သဘာဝနဲ့တွဲဖက်ထားတဲ့ ဘောလုံးကွင်းတွေကို ပြန်ပြီးတော့ စိတ်ဝင်စားမှုတွေမြင့်တက်လာကြပါတယ်။ အဲဒါကြောင့် နာမည်ကျော်ဘောလုံးကွင်းတွေနည်းတူ ပရိသတ်တွေ သဘောကျနှစ်သက်တဲ့ သဘာဝနဲ့တွဲဖက်ထားပြီး လှပဆန်းကြယ်တဲ့ ဘောလုံးကွင်း ၅ ကွင်းကို ဖော်ပြပေးလိုက်ပါတယ်။
Photo: Football Tripper
Marina Bay Floating Stadium – Singapore
နာမည်နဲ့လိုက်ဖက်တဲ့ ရေပေါ်ဘောလုံးကွင်းဖြစ်ပါတယ်။ အထင်ကရပြိုင်ပွဲကြီးတွေကို ကျင်းပလေ့မရှိပေမယ့်လည်း ထူးခြားဆန်းကြယ်တဲ့ ကွင်းအဖြစ် အသိအမှတ်ပြုခံထားရပါတယ်။ လှပတဲ့ရေကန်အပေါ်မှာ တည်ရှိပြီးတော့ ရေကန်အပေါ်မှာ ကစားကွင်းဖြစ်အောင်
ဖန်တီးထားတာလည်းဖြစ်ပါတယ်။ ပွဲကြည့်စင်တခြမ်းတည်းသာရှိပြီးတော့ ကစားရသူတွေရော၊ ပရိသတ်တွေကိုပါ ထူးခြားတဲ့ခံစားမှုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ပုံမှန်ဘောလုံးကွင်းတွေကနေ ကွဲထွက်နေပြီး အမြင်အာရုံကိုပါ ဆန်းသစ်နေစေမှာကတော့ အမှန်ပါပဲ။
Photo: Twitter
Estadio BBVA – Mexico
ဒီအမိုးဖွင့်ကွင်းကြီးရဲ့ ထူးခြားချက်ကတော့ လှပတဲ့တောင်တန်းတွေရဲ့ သဘာဝအလှကို ဘောလုံးပွဲနဲ့အတူ တပြိုင်တည်းမြင်တွေ့ခံစားနိုင်တာပါ။ မွန်တာရေးအသင်းရဲ့ အိမ်ကွင်းဖြစ်ပြီး ပရိသတ်ငါးသောင်းဝင်ဆံ့ကာ ကွင်းဒီဇိုင်းကို ထူးထူးခြားခြားဖြစ်အောင် ဖန်တိးထားခဲ့တာဖြစ်ပါတယ်။ လှပတဲ့
တောင်စဉ်တောင်တန်းတွေကို backdrop အဖြစ်နဲ့ ပုံဖော်ထားပြီး ဆိုခဲ့တဲ့အတိုင်း ပရိသတ်တွေဟာ ဘောလုံးပွဲနဲ့အတူ သဘာဝရှုခင်းအလှကို မြင်တွေ့ကြရပါတယ်။ စွမ်းအင်နဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာဒီဇိုင်းပိုင်းအတွက် ဆုတံဆိပ်ရရှိထားပြီး မြောက်အမေရိကမှာ ပထမဆုံးဂုဏ်ပြုခံရတဲ့ကွင်းလည်း
ဖြစ်ပါတယ်။ ၂၀၁၅ မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မက္ကဆီကိုမှာ စတုတ္ထမြောက်အကြီးဆုံးကွင်းလည်းဖြစ်ပါတယ်။
Photo: Stadium DB
Victoria Stadium – Gibraltar
ဂျီဘရော်တာလက်ရွေးစင်အသင်းရဲ့ အိမ်ကွင်းဖြစ်ပြီး တော်တော်လေးကိုလှပပါတယ်။ ဂျီဘရော်တာလေဆိပ်အနီးနားမှာ တည်ဆောက်ထားပြီးတော့ ကွင်းကိုကာရံထားတာမျိုးမရှိဘဲ ပရိသတ်အနည်းသာကြည့်ရှုဖို့ နေရာဖန်တီးထားပါတယ်။ ဥရောပခြေစစ်ပွဲတွေအတွက် ဂျီဘရော်တာအသင်းက အသုံးပြုပြီး
လေဆိပ်အနီးမှာတည်ရှိတာကြောင့် လေယာဉ်စီးခရီးသည်တွေအနေနဲ့ အပေါ်စီးကနေ ဒီကွင်းရဲ့အလှကို ခံစားနိုင်မှာလည်းဖြစ်ပါတယ်။ ဘောလုံးပွဲနဲ့အတူ လှပတဲ့တောင်တန်းတွေနဲ့ သဘာဝမြင်ကွင်းတွေကိုပါ အခမဲ့ကြည့်ရှုမြင်တွေ့ရမှာဖြစ်ပါတယ်။
Photo: Pinterest
Ottmar Hitzfeld Stadium – Switzerland
ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၆၅၀၀ အထက်မှာ ဆောက်လုပ်ထားတဲ့ ဘောလုံးကွင်းဖြစ်ပြီး ဥရောပမှာတော့ အမြင့်ဆုံးကွင်းဖြစ်ပါတယ်။ ဘောလုံးပွဲကို ပုံမှန်ကျင်းပလေ့ရှိတယ်လို့လည်း သိရပြီး FC Gspon အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်ပါတယ်။ ဒေသတွင်းအပျော်တမ်းကလပ်အသင်းက ပိုင်ဆိုင်တာဖြစ်ပြီး
တဖက်တောင်ကမ်းပါးအစွန်းဖက်ကိုတော့ ရာဘာပိုက်တွေနဲ့ ကာရံပေးထားပါတယ်။ ပွဲကြည့်စင်အဖြစ် တခြမ်းတည်းမှာသာရှိပြီး ပရိသတ်တွေအနေနဲ့ ကွင်းဘေးပတ်ပတ်လည်က မြေပြင်ပေါ်မှာ စိတ်တိုင်းကျထိုင်ပြီး အားပေးနိုင်ပါတယ်။ နာမည်ကျော် Alps တောင်တန်းတွေရဲ့အလှအပ၊ လတ်ဆတ်တဲ့ လေကို ရှူရှိုက်ပြီး
အားပေးခွင့်ရတဲ့ ပရိသတ်တွေအတွက်တော့ ကံကောင်းခြင်းတခုပါပဲ။
Photo: Pinterest
Estadio Municipal Stadium – Portugal
ပေါ်တူဂီကလပ် စပို့တင်းဘရာဂါရဲ့ အိမ်ကွင်းဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗိသုကာလက်ရာတစ်ခုဖြစ်ပြီး တောင်အမေရိကက ရှေးဟောင်းအင်ကန်တံတားတွေရဲ့ ဒီဇိုင်းကို မှီငြမ်းဆောက်လုပ်ထားတာဖြစ်ပါတယ်။ မိုးမျှော််တိုက်ခေါင်မိုးနဲ့ ကွင်းအမိုးကို တည်ဆောက်ထားပြီး ပွဲကြည့်စင်က နှစ်ခုသာပါရှိပါတယ်။ ပေါ်တူဂီရဲ့
အကျော်ကြားဆုံးထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး Pritzker Architecture ဆုကို ရရှိထားပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ ဗိသုကာပညာရှင် အက်ဒွါဒိုဆူတိုမော်ရာက ဒီဇိုင်းရေးဆွဲပြီး တည်ဆောက်မှုတွေစတင်ခဲ့ကာ ယူရို ၂၀၀၄ ပွဲစဉ်တွေကိုပါ လက်ခံကျင်းပခဲ့ပါသေးတယ်။ ယူရို ၈၃.၁သန်းအထိ ကုန်ကျခဲ့ပြီးတော့ ယူရို ၂၀၀၄
ပြိုင်ပွဲလက်ခံကျင်းပခဲ့တဲ့ကွင်းတွေထဲမှာ စတုတ္ထမြောက်စျေးကြီးဆုံးကွင်းလည်းဖြစ်ပါတယ်။ ပရိသတ် ၃ သောင်းကျော်ဝင်ဆံ့ပြီး ယူရိုပါလိဂ်ဗို်လ်လုပွဲ၊ ချန်ပီယံလိဂ်ပွဲစဉ်တွေကိုပါ လက်ခံကျင်းပခွင့်ရခဲ့ပါတယ်။