နည်းပညာသစ်တွေအကြောင်းနဲ့ အဲဒီနည်းပညာတွေရဲ့ အလားအလာကို လေ့လာတာဟာ အနာဂါတ်ကို လေ့လာတာပဲ ဖြစ်ပါတယ်


နည်းပညာဟာ ကျွန်တော်တို့နေ့စဉ်ဘဝ နေမှုထိုင်မှုကနေ တွေးခေါ်မှုအထိ လွှမ်းမိုးလာနေပါတယ်။ နည်းပညာနဲ့ကင်းလွတ်တဲ့ နယ်ပယ်ဆိုတာ မရှိတော့လောက်အောင် နည်းပညာသက်ရောက်မှုအားကြီးလို့ ဒီနေ့ခေတ်ကို နည်းပညာခေတ်လို့ ခေါ်နေကြတာပါ။ နည်းပညာသစ်တွေအကြောင်းနဲ့ အဲဒီနည်းပညာတွေရဲ့ အလားအလာကို လေ့လာတာဟာ အနာဂါတ်ကို လေ့လာတာပဲ ဖြစ်ပါတယ်။ ဒီတော့ ကျွန်‌တော်တို့ရဲ့ အနာဂါတ်မှာ လွှမ်းမိုးလာမယ့် နည်းပညာသစ်တွေက ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်လိုက်ရအောင်ပါ။


(၁) Artificial Intelligence (AI) 

Photo: Parasoft

အနာဂါတ်မှာ ကျွန်တော်တို့ ကြုံရမှာက AI နည်းပညာ မရှိမဖြစ် လိုလာတဲ့ ကမ္ဘာကြီး ဖြစ်ပါတယ်။ သမရိုးကျ Data-Processing ဆော့ဖ်ဝဲလ်တွေနဲ့ ဖြေရှင်းလို့ မရလောက်အောင် များပြား ရှုပ်ထွေးလှတဲ့ အချက်အလက်တွေကို စနစ်တကျ သရုပ်ခွဲ ၊ ဆွဲထုတ် ၊ ကိုင်တွယ်နိုင်မယ့် Big Data နည်းပညာ ၊ စက်ရုပ်နဲ့ အလိုအလျောက်လုပ်ဆောင်သွားမယ့် နည်းပညာပိုင်းကနေ လူတစ်ယောက်လောက်နီးနီး အပြန်အလှန်ဆက်သွယ်မှုတွေ လုပ်နိုင်မယ့် AI နည်းပညာသုံး Chatbots တွေအပါအဝင် အင်တာနက်နဲ့ ချိတ်ဆက်လုပ်ဆောင်နိုင်မယ့် နည်းပညာထုတ်ကုန်တိုင်းမှာ AI ဟာ ပင်မမောင်းနှင်အားတစ်ခု ဖြစ်လာတော့မှာပါ။




(၂) VR & AR

Photo: stambol


နောက်ထပ် စိတ်ဝင်စားစရာ နည်းပညာအရွေ့တစ်ခုက VR ၊ AR လို့ တွဲခေါ်နေကြတဲ့ Virtual Reality နဲ့ Augmented Reality တို့ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာနှစ်ရပ်ကို အတူယှဉ်တွဲပြီး ခေါ်ဝေါ်နေကြတဲ့ အကြောင်းတစ်ခုကတော့ VR ဟာ သုံးစွဲသူအတွက် ပုံရိပ်ယောင်ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးပြီး AR ကတော့ အဲဒီဝန်းကျင်အတွေ့အကြုံ ခံစားမှုကို အဆင့်မြှင်တင် မွမ်းမံပေးတာကြောင့် ဖြစ်ပါတယ်။ 


လွယ်အောင် ပြောရရင် Apps နဲ့ ကားမောင်းသင်တာ ၊ သင်္ဘောမောင်းသင်တာလိုမျိုးနေရာတွေမှာ AR နဲ့ VR နည်းပညာတွေကို သုံးပါတယ်။ အများဆုံး တွေ့ရတာက Gaming ပိုင်းမှာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဆရာဝန်တွေ ခွဲစိတ်မှုလုပ်နည်း လေ့ကျင့်တာ ၊ ကမ္ဘာကျော်ပြတိုက်တွေကို ကိုယ့်အိမ်ထဲမှာနေရင်း လျှောက်ကြည့်တာ ၊ အဆင့်မြင့် ဈေးကွက်မြှင့်တင်ရေးလုပ်တာတွေမှာပါ သုံးလာကြပါတယ်။ 


(၃) Internet of Things (IoT)

Photo: CIO


IoT လို့ ခေါ်တဲ့ အင်တာနက်နဲ့ ချိတ်ဆက်နိုင်ထုတ်ကုန်တွေ စပြီး ပေါ်ပေါက်လာတာ ၁၉၈၀ ပြည့်လွန်နှစ်တွေကတည်းက ဖြစ်ပါတယ်။ အခုလို ကြိုးမဲ့အင်တာနက်ကွန်ရက်နည်းပညာ အကြီးအကျယ်အားကောင်းလာတဲ့အချိန်မှာ အင်တာနက်နဲ့ တစ်ခုကိုတစ်ခု ချိတ်ဆက်လာတဲ့ IoT နည်းပညာဟာ အနာဂါတ်နည်းပညာနယ်ပယ်ထဲက အရေးပါဆုံး လူသုံးကုန်နည်းပညာ ဖြစ်လာမှာ မလွဲပါဘူး။ 


IoT တွေဟာ သတင်းအချက်အလက်တွေကို အင်တာနက်ပေါ်ကနေ ဖလှယ်နိုင်ပြီး အင်တာနက်ချိတ်ဆက်နိုင်တဲ့ ထုတ်ကုန်အချင်းချင်းအကြားလည်း ဆက်သွယ်နိုင်ပါတယ်။ လူသုံးကုန်နည်းပညာထုတ်ကုန်တွေ ဖြစ်တဲ့ စမတ်စပီကာ ၊ စမတ်အိမ်လုံခြုံရေးစနစ် ၊ လူမဲ့စိုက်ပျိုးရေးပစ္စည်း ၊ ဇီဝဆိုက်ဘာလုံခြုံရေးစကင်နာနဲ့ ဝတ်ဆင်နိုင်တဲ့ ကျန်းမာရေးစောင့်ကြည့်စနစ်တွေဟာ IoT စနစ်သုံးထားတာပါ။


အနာဂါတ်မှာ IoT တွေရဲ့ အရေးပါလာနိုင်မှုနဲ့ ပတ်သက်လို့ အထင်ရှားဆုံး ဥပမာတစ်ခုကတော့ ၂၀၂၀ ဖေဖော်ဝါရီလက ဆီယက်တဲလ်မှာ ဖွင့်လှစ်ခဲ့တဲ့ Amazon ရဲ့ လူမဲ့စတိုး Amazon Go ပဲ ဖြစ်ပါတယ်။ Amazon Go ဟာ IoT ထုတ်ကုန်တွေနဲ့ ချိတ်ဆက်ပြီး ငွေချေဖို့တန်းစီစရာ မလိုဘဲ လိုချင်တာကို ရွေးဝယ်ပြီး ကိုယ့်ဖုန်းထဲက ငွေအလိုအလျောက် ဖြတ်သွားတဲ့ ကမ္ဘာ့အဆင့်မြင့်ဆုံး ဈေးဝယ်ရေးနည်းပညာသုံးထားတာပါ။ IoT ဟာ နောက်ပိုင်းမှာ မမျှော်လင့်နိုင်လောက်အောင် များပြားတဲ့ အခွင့်အလမ်းနဲ့ လူမှုပုံစံသစ်တွေကို ဖော်ဆောင်ရာမှာ အခရာကျတဲ့နည်းပညာတစ်ခု ဖြစ်လာဦးမှာပါ။


(၄) ဒီဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှု

Photo: digitalauthority

၂၀၂၀ မှာ ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ရောဂါဘေးဟာ လူတိုင်းကို ဒီဂျစ်တယ်နဲ့ ပိုပြီး ရင်းနှီးစေခဲ့တယ်ဆိုတာ ငြင်းမရပါဘူး။ အလုပ်အကိုင်တွေ ၊ လူနေမှုပုံစံတွေ နဲ့ ပညာသင်ယူမှု အားလုံးဟာ ဒီဂျစ်တယ်စနစ် ဖြစ်လာခဲ့ပါတယ်။ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုမှာ ထူးခြားတာက ကျန်းမာရေးစောင့်ရှောက်မှုတွေပါ ဒီဂျစ်တယ်စနစ်နဲ့ ဝန်ဆောင်မှုပြုလာတာပဲ ဖြစ်ပါတယ်။ 


ကမ္ဘာ့နိုင်ငံအတော်များများဟာ လွယ်ကူမြန်ဆန်တဲ့ အီလက်ထရွန်းနစ် ကျန်းမာရေးမှတ်တမ်းစနစ်ကို အကောင်အထည်ဖော်လာနေပါတယ်။ ဆွီဒင်နိုင်ငံမှာဆိုရင် နိုင်ငံသားအားလုံးကို Swedish PIN လို့ ခေါ်တဲ့ တစ်ဦးချင်းကိုယ်ရေးအချက်အလက်နံပါတ်စနစ် သုံးပြီး ကျန်းမာရေးအထောက်အထားတွေ ထားပေးလာပါတယ်။ သုတေသနပညာရှင်တွေဟာ ဒီဂျစ်တယ်ကျန်းမာရေး portals တွေကနေ လူထုကျန်းမာရေးဆိုင်ရာအချက်အလက်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာသုတေသနပြုနိုင်တော့မှာပါ။ 


တစ်ဖက်မှာလည်း Telemedicine နည်းပညာဟာ ဆိုက်ဘာတိုက်ခိုက်မှုတွေရဲ့ ပစ်မှတ်ဖြစ်လာနေပါတယ်။ ဒါကြောင့်ပဲ Telemedicine နည်းပညာနယ်ပယ်အနေနဲ့ ဆိုက်ဘာတိုက်ခိုက်မှုတွေ မခံရအောင် လုံခြုံရေး ပိုအားကောင်းခိုင်မာဖို့လည်း ကြိုးစားလာနေကြပါတယ်။ 


(၅) Remote Learning


Photo: Unsplash

ဒီနေ့ခေတ်မှာ ပညာရေးဟာ စာသင်ခန်းလောက်နဲ့တင် ကန့်သတ်ထားလို့ မရတော့ပါဘူး။ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်တွေကို သင်ဖို့ e-Learning Apps တွေ ၊ Web portals တွေ ၊ အွန်လိုင်းတက္ကသိုလ်တွေနဲ့ အဖွဲ့အစည်းတွေ ၊ အွန်လိုင်းစာကြည့်တိုက်တွေ စတဲ့စတဲ့ အဝေးကနေ ပညာသင်နိုင်မယ့် Remote Learning အခြေခံအဆောက်အဦတွေဟာ အားကောင်းကောင်းနဲ့ လည်ပတ်လာနေပြီ ဖြစ်ပါတယ်။ 


ဘယ်အသက်အရွယ်မဆို ရောက်ရာနေရာကနေ သင်ယူနိုင်ခြင်း ၊ လွယ်ကူရိုးရှင်းပြီး အဆင်ပြေချောမွေ့ခြင်း ၊ ကုန်ကျစရိတ်သက်သာပြီး ထိရောက်မှု ရှိခြင်း ၊ ဘာသာရပ်ပေါင်းစုံကို တစ်နေရာတည်းမှာ လေ့လာလို့ ရခြင်း ၊ လူတိုင်းပညာသင်နိုင်ခြင်း စတဲ့ Remote Learning ကပေးတဲ့ အကျိုးကျေးဇူးတွေကလည်း တကယ့်ကို အားရစရာ ဖြစ်လာပါတယ်။ အခုလို COVID-19 ကာလမျိုးမှာ ကိုယ့်အိမ်ကနေ ဘယ်မှ ခွာစရာမလိုဘဲ ပညာသင်နိုင်ခြင်းမျိုးဟာ သမရိုးကျ စာသင်ခန်းပညာရေးရဲ့ ဘောင်ကို ကျော်လွန်ပြီး လူတိုင်းအတွက် အခွင့်အရေးတစ်ရပ်အဖြစ် ပေါ်ထွက်လာပါတယ်။


အီလက်ထရွန်းနစ်လေ့လာရေးနယ်ပယ်ဆိုင်ရာ စစ်တမ်းတွေအရ MOOC လို့ ခေါ်တဲ့ လူတိုင်းသင်နိုင်တဲ့ အွန်လိုင်းသင်ရိုးဈေးကွက်ဟာ လက်ရှိမှာ ဒေါ်လာ ၅.၁၆ ဘီလျံ တန်တဲ့ ဈေးကွက်ဖြစ်လာပြီး နောင်လာမယ့် ၂၀၂၅ အထိ နှစ်စဉ် ၃၂.၀၉% နှုန်းနဲ့ တိုးတက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ 

Share

Loading Next Article...
က္က