In partnership with  logo
အားလုံးအတွက် အသုံးဝင်မယ့်အချက်လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

အခုအချိန်မှာ နည်းပညာပိုင်းဆိုင်ရာ တိုးတက်မှုတွေ တရှိန်ထိုး ပြောင်းလဲလာသလို လုပ်ငန်းခွင်အတွင်းမှာလည်း နည်းပညာပိုင်းဆိုင်ရာကို အသုံးချလာကြတာကိုတွေ့ရပါတယ်။ ဒီနေ့တော့ လုပ်ငန်းခွင်မှာ အသုံးပြုမှုများတဲ့ Video Conferencing ကို စတင်အသုံးပြုရတဲ့ သူတွေ သိပ်မသိသေးတဲ့ အကြောင်းအရာတွေကို ပြောပြပေးချင်ပါတယ်။ 



Photo:Freepik.com 

၁။Screen Sharing ပြုလုပ်နိုင်ခြင်း  

Video Conferencing မှာ Screen Sharing ပြုလုပ်နိုင်ပါတယ်။ ကိုယ်က မီတင်အတွင်းကသူတွေကို ပြသလိုတဲ့ အရာတွေ၊ ဖိုင်တွေ ရှိနေခဲ့မယ်ဆိုရင် ကိုယ့်ရဲ့ Screen ကို အားလုံးမြင်အောင် ပြသလို့ ရပါတယ်။ Share Screen ခလုတ်ကို နှိပ်လိုက်ရုံနဲ့ ကိုယ့် Desktop ပေါ် က ကိုယ်ပြလိုတဲ့ဖိုင် ၊ အကြောင်းအရာကို ပြသပြီး ဆွေးနွေးပြောဆိုနိုင်ပါတယ်။ အဲဒီမှာ တစ်ခုသတိထားဖို့လိုတာက Screen လား၊ Tab လား၊ Window လားဆိုပြီး မေးပါလိမ့်မယ်။ ကိုယ်ရှဲချင်တဲ့ Tab တစ်ခုကိုသာ ရွေးဖို့ အကြံပေးလိုပါတယ်။ Screen ကို ရွေးလိုက်မယ်ဆိုရင် ကိုယ်မြင်သမျှ၊ ကိုယ်ဆီ နိုတီတက်လာသမျှတွေကို မီတင်အတူတက်သူတွေ မြင်တွေ့သွားနိုင်တာမို့ပါ။

၂။ မန့်ကနေတစ်ဆင့် ဆွေးနွေးနိုင်ခြင်း 

Video Conferencing စနစ်နဲ့ ဆွေးနွေးရာမှာ ကိုယ့်အသံကို မကြားရချိန်မှာဖြစ်ဖြစ် ၊ လင့်ခ်တွေ ပို့ဖို့ လိုအပ်ချိန်မှာဖြစ်ဖြစ် ၊ ပြောဆိုနေတဲ့အရာကို အသံနဲ့ မဟုတ်ဘဲ စာနဲ့ ဆွေးနွေးဖို့ လိုတဲ့ အချိန်မျိုးမှာ မန့်ပြီး စကားပြောနိုင်ပါတယ်။ မန့်ချင်တယ်ဆိုရင်တော့ Chat ထဲကို ဝင်ပြီး စာများရိုက်လို့ ရသလို အီမိုဂျီများလည်း ပေးလို့ရနိုင်ပါတယ်။ more ကို နှိပ်လိုက်မယ်ဆိုရင် အီမိုဂျီလေးတွေကို တွေ့ရမှာပါ။ 


Photo:Freepik.com 


၃။ Video Conferencing ကို Record ပြုလုပ်နိုင်ခြင်း 

Video Conferencing ပြုလုပ်နေချိန်အတွင်းမှာ Record နှိပ်ပြီး ပြောဆိုဆွေးနွေးတာတွေကို မှတ်တမ်းတင်သိမ်းဆည်းထားနိုင်ပါတယ်။ ကွန်ပျူတာအတွင်း တိုက်ရိုက်သိမ်းဆည်းနိုင်သလို၊ Drive ထဲမှာလည်း သိမ်းဆည်းနိုင်ပါတယ်။ Record ဆိုတဲ့ ခလုတ်ကိုနှိပ်ရမှာဖြစ်ပြီး Record လုပ်လို့ရဖို့အတွက်က မိမိက Meeting ရဲ့ Host/ Co-Host ဖြစ်ရပါမယ်၊ ဒါမှမဟုတ် Host က သင့်ကို Record လုပ်လို့ရအောင် ဖွင့်ပေးထားဖို့တော့ လိုပါတယ်။


၄။နောက်ခံပြောင်းလဲနိုင်ခြင်း 

Video Conferencing ပြုလုပ်နေချိန်အတွင်းမှာ ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်းဟာ ရှုပ်ထွေးနေတာမျိုး ၊ မလှမပဖြစ်နေတာမျိုးဆိုရင် ကိုယ့်ရဲ့ နောက်ခံဘက်ဂရောင်းကို ပြောင်းလဲနိုင်ပါတယ်။ more actions ထဲက background ကို ရွေးချယ်လိုက်ပါ (Zoom, Destop Version မှာဆိုရင် ဗီဒီယိုပုံလေးဘေးက မြှားလေးကို နှိပ်ရပါမယ်)။ ကိုယ့်ရဲ့ Background ကို blur လိုက်ပြီး ရွေးချယ်ထားတဲ့ background ကို Replace လုပ်လိုက်မယ်ဆိုရင် နောက်ခံ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ 


၅။အဖွဲ့ခွဲများ ခွဲထုတ်နိုင်ခြင်း 

ဆွေးနွေးနေစဦ်အတွင်း ဌာနအလိုက် ဆွေးနွေးစရာကိစ္စရပ်တွေ ရှိတဲ့အခါ အဖွဲ့အလိုက်ခွဲပြီး ဆွေးနွေးတာမျိုး (သို့မဟုတ်) နားနေတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ဒါကိုတော့ Breakout rooms တွေခွဲပြီး ပြုလုပ်ရတာပါ။ ကိုယ်သတ်မှတ်လိုတဲ့ အချိန်မိနစ်အလိုက် Breakout rooms တွေကို အဖွဲ့ဝင်အလိုက် ခွဲထုတ်ပြီး ဆွေးနွေးစေတာဖြစ်ပါတယ်။ Breakout rooms တွေကို ဘယ်နှခန်းခွဲ မှာလဲ၊ တစ်ခန်းမှာ လူဘယ်နှယောက်ထားရှိမှာလဲ၊ ဘယ်သူတွေကို ထည့်ထားမှာလဲ၊ ဘယ်နှမိနစ်စာ သတ်မှတ်မှာလဲ ၊ နာမည်ဘယ်လိုပေးချင်တာလဲ စတာတွေပါ ပြုလုပ်နိုင်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ အချိန်စေ့ရင်တော့ main session ထဲကို ပြန်လည်ဝင်ရောက်လာကြမှာဖြစ်ပါတယ်။   


၆။ မဲခွဲဆုံးဖြတ်ခြင်းများပြုလုပ်နိုင်ခြင်း 

Video Conferencing ပြုလုပ်နေချိန်အတွင်းမှာ မဲခွဲဆုံးဖြတ်မှုပြုလုပ်ချင်တာမျိုးရှိပါကလည်း လုပ်လို့ရပါသေးတယ်။ Video Conferencing အတွင်းက အဖွဲ့ဝင်တွေကို မဲခွဲဆုံးဖြတ်စေချင်တာမျိုးဆိုရင်တော့ poll ကို နှိပ်ပြီး ဖန်တီးနိုင်ပါတယ်။ မေးလိုတဲ့အကြောင်းအရာနဲ့အတူ အဖြေတွေကိုလည်း အမြောက်အမြားဖန်တီးနိုင်ပါသေးတယ်။ ဒါ့အပြင် မဲပေးတဲ့သူကို anonymous (အမည်မဖော်ပြတာမျိုး) အနေနဲ့တောင် ပြုလုပ်လို့ ရပါတယ်။ မဲခွဲရလာဒ်တွေကိုလည်း download ပြုလုပ်နိုင်ပါတယ်။  


၇။ အမေးအဖြေများလည်း ပြုလုပ်နိုင်ခြင်း 

မဲခွဲဆုံးဖြတ်နိုင်သလို အမေးအဖြေများ ပြုလုပ်လို့ရပါတယ်။ ညာဘက်ထောင့်လေးမှာရှိတဲ့ Q&A ကို နှိပ်ပြီးမေးခွန်းများ ဖန်တီးနိုင်ပါတယ်။ ကိုယ့်ရဲ့ မေးခွန်းကို လူမသိစေချင်ဘူးဆိုရင်တော့ Ask anonymously ကို နှိပ်ပြီးမေးပါ။ ဖြေတဲ့သူကလည်း  ကိုယ့်ရဲ့ အဖြေကို လူအများမမြင်နိုင်ဘဲ မေးခွန်းထုတ်သူကိုသာ မြင်စေချင်တယ်ဆိုရင်တော့ Private reply ကို နှိပ်ပြီး ဖြေနိုင်ပါတယ်။ အမေးအဖြေရလာဒ်တွေကိုလည်း download ပြုလုပ်နိုင်ပါတယ်။  

ခုပြောပြသွားတဲ့အချက်တွေကတော့ Video Conferencing တော်တော်များများမှာ အသုံးပြုနိုင်ပြီး လက်တွေ့အသုံးချတတ်မယ်ဆိုရင် အသုံးဝင်တဲ့ အရာလေးတွေပဲဖြစ်ပါတယ်။



Video Conferencing အသုံးဝင်တဲ့နေရာများနဲ့ အမျိုးအစားများ

Metro Wholesale Myanmar မှာ Talent Acquisition Specialist ဒေါ်မယ်ရီအောင်က လက်ရှိအသုံးပြုနေတဲ့ Apps တွေအကြောင်းနဲ့ သူတို့ရဲ့ အကျိုးကျေးဇူးအကြောင်း ကို “လက်ရှိမှာတော့ Microsoft Team သုံးတယ်။ Zoom သုံးတယ်။ အဲဒီနှစ်ခုကိုတော့ အဓိကပိုသုံးတယ်။ ဒါတွေသုံးခြင်းအားဖြင့် ရုံးမှာ တစ်ယောက်တစ်နေရာရှိနေတဲ့ အချိန်မှာ Team Work လည်း ပိုကောင်းလာတယ်။ လုပ်ဖော်ကိုင်ဖက်တွေ ဝေးကွာတယ်လို့လည်း မခံစားရဘူး။ နီးနီးလေးနဲ့ အလုပ်လုပ်သလို ခံစားရတယ် ၊ Team Engagement လည်း ပိုကောင်းလာတယ်။ Video Conferencing ကို မသုံးတတ်ဘူးဆိုတာက ဒါကို မလုပ်ဖူးလို့ပါ။ မသုံးဖူးလို့ပါ ။ နှစ်ခေါက်သုံးခေါက်လောက် သုံးကြည့်လိုက်ရင်တော့ သုံးတတ်သွားမှာပါ။ သုံးကြည့်လိုက်ပါ။ လေ့လာကြည့်လိုက်မယ်ဆိုရင် သုံးတတ်သွားမှာပါ။ အရမ်းမခက်ပါဘူး။ Technology ကတော့ မယ်ရီ့အတွက် အလုပ်အတွက် အရမ်းကို အရေးကြီးပါတယ်။ Advanced ဖြစ်လာတဲ့ Technology တိုင်းကို လေ့လာသင့်ပါတယ်။ သုံးကြည့်သင့်တယ်။” လို့ အကြံပေးသွားပါတယ်။ 

Video Conferencing အသုံးပြုနိုင်တဲ့ နေရာတွေကတော့ 

၁။ လုပ်ငန်းခွင်အတွင်း မီတင်ပြုလုပ်ခြင်း 

၂။ အလွတ်တန်းဝန်ထမ်းများနဲ့ ဆက်သွယ်ချိတ်ဆက်ပြောဆိုနိုင်ခြင်း 

၃။ အွန်လိုင်းသင်တန်းများတက်ရောက်ခြင်း 

၄။ အလုပ်အင်တာဗျူးပြုလုပ်နိုင်ခြင်း 

၅။ အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုယူနိုင်ခြင်း 

၆။ တရားခွင်တက်ရောက်နိုင်ခြင်း စတဲ့ အခြေအနေတွေမှာ အသုံးများလာတာကို တွေ့ရပါတယ်။ 



လုပ်ငန်းခွင်အတွင်းမှာ အသုံးပြုမှုအများဆုံး Video Conferencing စနစ်တွေကတော့ 

-Zoom

-Skype

-Microsoft Teams နဲ့ 

-Google Meet တို့ပဲ ဖြစ်ပါတယ်။ အီးမေးလ်ရှိရုံနဲ့ အဆင်ပြေတဲ့အတွက် အနည်းဆုံးတစ်ခုလောက် အသုံးပြုတတ်အောင် စမ်းသပ်လုပ်ဆောင်ကြည့်ဖို့လိုအပ်ပါတယ်။ အပေါ်က ပြောပြထားတဲ့ အချက်တွေကိုလည်း စမ်းသပ်အသုံးပြုကြည့်မယ်ဆိုရင် ကိုယ့်ရဲ့ လုပ်ငန်းခွင်လုပ်ဆောင်ချက်တွေဟာ အရင်ကထက် ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။ 

Share

Loading Next Article...
က္က