In partnership with  logo
ဒါတွေပြည့်စုံနေရင် လုပ်ငန်းခွင်မှာလည်း လျင်လျင်မြန်မြန်တိုးတက်နိုင်မှာပါ။

လုပ်ငန်းခွင်ဆိုတာ အလုပ်စတင်လုပ်မယ့် လူငယ်လေးတွေအတွက် ကျောင်းသစ်တစ်ကျောင်းစတက်ရသလို ရင်ခုန်စိတ်လှုပ်ရှားစရာတွေ အပြည့်ပါ။ အဆင်မပြေမှုတွေကို အမြန်ဆုံးကျော်လွှားနိုင်ပြီး လုပ်ငန်းခွင်မှာ ပျော်ရွှင်မှုရဖို့ အခုဖော်ပြတဲ့ စွမ်းရည်တွေထဲက ကိုယ့်မှာ လိုအပ်နေတာတွေကို ကြိုတင်ဖြည့်တင်းထားလိုက်ပါနော်။



၁။စကားအပြောအဆိုစွမ်းရည် 

လုပ်ငန်းခွင်ရောက်လာချိန်မှာ စကားအပြောအဆိုစွမ်းရည်ဟာ မဖြစ်မနေ လိုအပ်လာပါပြီ။ အိမ်မှာ ၊ အပြင်မှာ စကားကို ဘယ်လို ပြောဆိုခဲ့ပါစေ၊ လုပ်ငန်းခွင်ထဲရောက်လာရင်တော့ စကားပြောဆို ညင်သာဖို့ ၊ ပြေပြစ်ဖို့ ၊ ချိုသာဖို့ ဆိုတာတွေက မဖြစ်မနေလိုအပ်လာပါပြီ။ ဒါ့ကြောင့်မို့ လုပ်ငန်းခွင်ဝင်ရောက်မယ်ဆိုရင် ကိုယ့်ရဲ့ စကားအပြောအဆိုစွမ်းရည်ကို ကောင်းမွန်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ 

၂။နည်းပညာပိုင်းဆိုင်ရာစွမ်းရည် 

ကိုယ်ဝင်မယ့် လုပ်ငန်းခွင်နဲ့ သက်ဆိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာကိုလည်း တတ်ကျွမ်းထားဖို့လိုအပ်ပါတယ်။ အနည်းဆုံးတော့ မေးလ်အသုံးပြုတာ၊ စာစီစာရိုက်တာ ၊ စာရင်းသွင်းတာ ၊ Microsoft Office အခြေခံတွေကို သိနားလည်ထားတာမျိုး၊ အသုံးပြုတတ်တာမျိုး ဖြစ်အောင် လေ့ကျင့်ထားဖို့၊ သင်တန်းတွေတက်ထားဖို့ လိုအပ်ပါတယ်။ 

Freepik.com 

၃။ပေါင်းသင်းဆက်ဆံမှုစွမ်းရည် 

လုပ်ငန်းခွင်မှာ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်ဟာလည်း မဖြစ်မနေလိုအပ်တဲ့ စွမ်းရည်တစ်မျိုးဖြစ်ပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပေါင်းသင်းဆက်ဆံရေးမကောင်းမွန်ခဲ့ရင် အလုပ်လုပ်ရာမှာလည်း အဆင်မပြေဖြစ်တတ်သလို 

လုပ်ငန်းရဲ့ Client နဲ့ ဆက်ဆံရာမှာလည်း အဆင်မပြေဖြစ်တတ်တဲ့အတွက် ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်ဖို့ အရမ်းကို အရေးကြီးပါတယ်။ 

၄။ပြဿနာကို ဖြေရှင်းနိုင်မှုစွမ်းရည် 

ဒီစွမ်းရည်ဟာလည်း ဟပ်ချလောင်း ဆိုပြီးတော့ ရောက်မလာနိုင်ပေမယ့် လုပ်ငန်းခွင် ဝင်ရောက်တော့မယ့်သူအတွက်တော့ အရေးပါတဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပြီး အလုပ်လုပ်ရင်း စွမ်းရည်တက်အောင် သင်ယူရမယ့်အရာလည်း ဖြစ်ပါတယ်။လုပ်ငန်းခွင်တိုင်းမှာ ပြဿနာသေးသေးလေးကစလို့ ကြီးမားတဲ့ ပြဿနာတွေအထိ ကြုံရနိုင်ပါတယ်။ အဲဒီအခါမျိုးတွေမှာ ကိုယ်က ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းမှာလဲဆိုတာက အဓိကကျပါတယ်။ ဒါကြောင့် ဘဝမှာ ပြဿနာတွေကြုံလာတိုင်း စိတ်မညစ်ဘဲ ဘယ်လိုပြေလည်အောင်ဖြေရှင်းမလဲဆိုတာကို စဥ်းစားပါ၊ ဖြေရှင်းပါ။ ဒါတွေက ပြဿနာဖြေရှင်းမှုစွမ်းရည် မြှင့်တင်အောင် လုပ်နေခြင်းပဲလို့ တွေးတတ်ဖို့လိုပါတယ်။

Freepik.com 

၅။သင်ယူနိုင်မှုစွမ်းရည် 

လုပ်ငန်းခွင်တစ်ခုကို စတင်ဝင်ရောက်တော့မယ်ဆိုရင် ကိုယ်က လုပ်ငန်းခွင်အတွင်း ဘယ်အရာကိုမဆို သင်ယူနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့လည်းလိုအပ်ပါတယ်။ ဒါမှသာ အထက်လူကြီးကလည်း ကိုယ့်ကို သဘောကျမှာဖြစ်သလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်လုပ်ရာမှာလည်း အဆင်ပြေမှာပါ။ သင်လွယ်တတ်လွယ်တဲ့သူမျိုးဟာ လုပ်ငန်းခွင်မှာ အဆင်ပြေသလို ရာထူးတက်ဖို့လည်း ပိုအလားအလာရှိပါတယ်။ ဒီစွမ်းရည်ကို ကြိုတင်ဖြည့်တင်းဖို့ဆိုရင်တော့ အခုကတည်းက သင်ယူသင့်တဲ့အရာတိုင်းကို တတ်မြောက်အောင် သင်ယူကြည့်လိုက်ပါ၊ သင့်ရဲ့ သင်ယူနိုင်မှု စွမ်းရည်တိုးတက်နိုင်သလို ဘယ်ပညာဖြစ်ဖြစ် တတ်ကျွမ်းထားရင် အသုံးတည့်လာနိုင်ပါတယ်။

၆။ ညှိနှိုင်းမှုစွမ်းရည် 

ဒီစွမ်းရည်ကတော့ အလုပ်လျှောက်ပြီး အလုပ်အင်တာဗျုးမှာ ထုတ်သုံးရမယ့် စွမ်းရည်ဖြစ်ပါတယ်။ ကိုယ့်မှာသာ ညှိနှိုင်းတတ်တဲ့ စွမ်းရည်မရှိခဲ့ဘူးဆိုရင် အလုပ်အင်တာဗျူးသူပြောသမျှ ခေါင်းညိတ်လာရပါလိမ့်မယ်။ သေချာမညှိနှိုင်းတတ်ဘဲ ပြောသမျှ ခေါင်းညိတ်နေတတ်တဲ့သူကို လုပ်ငန်းခွင်က အလိုမရှိပါဘူး၊ အလုပ်အင်တာဗျူးပြီးသွားလို့ လုပ်ငန်းခွင်ဝင်ပြီဆိုရင်လည်း ကိုယ်က ကောင်းကောင်း ညှိနှိုင်းတတ်ဖို့ လိုအပ်လာပါပြီ။ ဒါ့ကြောင့် လုပ်ငန်းခွင်ကို ဝင်ရောက်တော့မယ်ဆိုရင် မရှိမဖြစ် လိုအပ်တဲ့ စွမ်းရည်ထဲမှာ ညှိနှိုင်းမှု စွမ်းရည်ကလည်း ပါဝင်ပါတယ်။ 

လုပ်ငန်းခွင်စတင်ဝင်ရောက်မယ့်သူတွေအတွက် နောက်ထပ် အကြံပြုချက်

“အလုပ်ဖြစ်ရင်ပြီးရောဆိုတာမျိုးမလုပ်ဘဲ ကိုယ်ဝါသနာပါရာကို ကြိုးစားလုပ်ကိုင်မယ်ဆိုရင် အောင်မြင်မှုရမှာပါ။ အောင်မြင်မှုကို ရပြီဆိုရင် နောက်က ငွေက အလိုလိုလိုက်လာမှာပါပဲ။ ကိုယ့်ရဲ့ အသက်မွေးဝမ်းကျောင်းကိုလည်း ကြိုးစားလုပ်ကိုင်မယ်၊ သက်ဆိုင်ရာသင်တန်းတွေလည်း တက်ရောက်မယ်၊ အသက်မွေးဝမ်းကျောင်းနဲ့ သက်ဆိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကိုလည်း လေ့လာမယ်ဆိုရင် အဆင်ပြေပါတယ်။ လုပ်ငန်းခွင်တစ်ခုကို ဝင်ရောက်မယ်ဆိုရင်လည်း ဒီလုပ်ငန်းကနေ ငါ ဘာတွေ လေ့လာသင်ယူလို့ ရနိုင်မလဲဆိုတဲ့ စိတ်က အရေးကြီးဆုံးပါပဲ။ ကိုယ်ဘာတွေ လေ့လာနိုင်မလဲ လေ့လာနိုင်သမျှ လေ့လာပါ၊ ကိုယ့်ရဲ့ အထက်လူကြီးက ချမှတ်တဲ့ တာဝန်တွေကို ကျေပွန်အောင် လုပ်ပြီး လေ့လာပါ။ ပြီးတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ တာဝန်တွေကိုလည်း ကူညီပေးပါ။ ဒါမှသာ ကိုယ်က အကုန်လုံး လုပ်တတ်သွားမှာ။ လုပ်ငန်းခွင်မှာ Positive thinking ကို အမြဲထည့်ထားပါ” လို့ CB Bank ရဲ့ HR Manager ဦးအောင်ကျော်ဇောက အကြံပေးပါတယ်။


 

Share

Loading Next Article...
က္က