ပြီးခဲ့တဲ့ရာသီက မက်ဂွိုင်းယားနဲ့ တွဲဖက်ပေးနေခဲ့တဲ့ လင်ဒီလော့ဖ်၊ ဘိုင်ယီတို့ရဲ့ ခြေစွမ်းအပေါ် နည်းပြဆိုးလ်ရှားက စိတ်တိုင်းမကျဖြစ်နေခဲ့ပါတယ်။
ဒေါ့မွန်တောင်ပံကစားသမားဆန်ချိုကို ခေါ်ယူပြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရာနီကိုပါ ထပ်မံခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုအတွက် ယူရို ၈၅ သန်းနဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး ဒီနေ့မှာပဲ နှစ်ဖက်အသင်းက တရားဝင်ကြေညာချက်ထုတ်ပြန်မယ်လို့ မျှော်လင့်ရပါတယ်။
Photo : AS
ပြီးခဲ့တဲ့ရာသီကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ယူနိုက်တက်ဟာ အခုအခါမှာတော့ ဆန်ချိုကို အရခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဆန်ချိုကို ရရှိဖို့သေချာခဲ့တဲ့နောက် ချက်ချင်းဆိုသလိုပဲ ယူနိုက်တက်ဟာ ဗဟိုခံစစ်ပိုင်းအတွက် ရီးရဲလ်နောက်ခံလူဗာရာနီကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့ပြီး ခေါ်ယူနိုင်ဖို့ အကောင်းဆုံးအခြေအနေမှာ ရှိနေတယ်လို့ ESPN က ဖော်ပြခဲ့ပါတယ်။
Photo : Mirror
ပြီးခဲ့တဲ့ရာသီက မက်ဂွိုင်းယားနဲ့ တွဲဖက်ပေးနေခဲ့တဲ့ လင်ဒီလော့ဖ်၊ ဘိုင်ယီတို့ရဲ့ ခြေစွမ်းအပေါ် နည်းပြဆိုးလ်ရှားက စိတ်တိုင်းမကျဖြစ်နေခဲ့ပါတယ်။ မက်ဂွိုင်းယားဒဏ်ရာရရှိသွားချိ်န်မှာတော့ ဗဟိုခံစစ်ကို ဦးဆောင်ပေးနိုင်မယ့် ကစားသမားမရှိလို့ ယူရိုပါလိဂ်ဖလားကို လက်လွှတ်ရတဲ့အထိ ဖြစ်ခဲ့ရကာ ဆိုးလ်ရှားက ဗာရာနီကို မရရအောင် ခေါ်ယူပေးဖို့ အသင်းကိုတောင်းဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပါတယ်။
Photo : MEN
အသက် ၂၈ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိကကစားသမားအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားကို်ယ်တိုင်က နယ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တယ်လို့ ဖွင့်ဟထားပြီး ရီးရဲလ်ကလည်း ရာမို့စ်နဲ့ ဗာရာနီတို့ ဗဟိုခံစစ်အတွဲနေရာမှာ မီလီတာအိုနဲ့ အသစ်ခေါ်ယူထားတဲ့ အလာဘာတို့ကို ပြောင်းလဲဖို့ စီစဉ်ထားတာကြောင့် ဗာရာနီကို ရောင်းချဖို့ အသင့်ဖြစ်နေပြီဖြစ်ပါတယ်။
Photo : Marca
ပီအက်စ်ဂျီကလည်း ဗာရာနီကို စိတ်ဝင်စားနေတယ်လို့ သိရပြီး ကစားသမားရဲ့ တန်ဖိုးဟာ အနည်းဆုံး ယူရိုသန်း ၅၀ ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ယူနိုက်တက်အနေနဲ့ ဗာရာနီကို ခေါ်ယူဖို့အဆင်မပြေဖြစ်ခဲ့ပါက ဗီလာရီးရဲလ်နောက်ခံလူပါအူတောရက်စ်ကို ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ဒါပေမယ့် တဖက်မှာလည်း ရီးရဲလ်က ဗာရာနီကို ရောင်းချလို့ရရှိမယ့် ငွေကြေးနဲ့ ပါအူတောရက်စ်ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားကြောင်း ESPN က ဖော်ပြခဲ့ပါတယ်။