ပီအက်စ်ဂျီက သူ့ကိုစာချုပ်သစ်အတွက် ကမ်းလှမ်းမှုပြုလုပ်ထားပေမယ့် ကစားသမားဘက်က တုံ့ပြန်မှုမရှိသေးဘဲ သူရဲ့ဆန္ဒကတော့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်လက်ကစားပေးပြီး ထွက်ခွာဖို့သာ ဖြစ်နေပါတယ်။
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးကိုင်လီယန်ဘတ်ပီဟာ အသင်းနဲ့စာချုပ်သစ်မချုပ်ဆိုချင်ဘူးလို့ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။ ဒါပေမယ့်လည်း လက်ကျန်စာချုပ်သက်တမ်း တစ်နှစ်အတွက်တော့ ဆက်လက်ကစားပေးသွားဖို့ ဘတ်ပီက ဆုံးဖြတ်ထားပြီး အဲဒီနောက်မှာတော့ အလွတ်ပြောင်းရွှေ့ခွင့်နဲ့အတူ အသင်းပြောင်းဖို့ စီစဉ်ထားတယ်လို့ Managing Madrid က ဖော်ပြခဲ့ပါတယ်။
ပြင်သစ်သတင်းဌာန L'Equipe ကလည်း အထက်ပါအတိုင်းဖော်ပြခဲ့ပြီး ဘတ်ပီဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ရွေးချယ်ထားပြီးပြီလို့ သိရပါတယ်။ လက်ရှိမှာ ပီအက်စ်ဂျီက သူ့ကိုစာချုပ်သစ်အတွက် ကမ်းလှမ်းမှုပြုလုပ်ထားပေမယ့် ကစားသမားဘက်က တုံ့ပြန်မှုမရှိသေးဘဲ သူရဲ့ဆန္ဒကတော့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အထိ ဆက်လက်ကစားပေးပြီး ထွက်ခွာဖို့သာ ဖြစ်နေပါတယ်။
ယူရိုပြိုင်ပွဲမှာ ပြင်သစ်အတွက် ခြေစွမ်းပြကစားပေးနိုင်ခြင်းမရှိဘဲ ၁၆ သင်းအဆင့်ကနေ အသင်းထွက်ခွာခဲ့ရာမှာ အဓိကတရားခံအဖြစ် ဘတ်ပီက ရှိနေခဲ့ပါတယ်။ အရေးပါတဲ့ ပင်နယ်တီကို လွဲချော်ခဲ့တာဖြစ်ပြီး တောင်းပန်မှုတွေပြန်လည်ပြုလုပ်ခဲ့ရကာ ကစားသမားဘဝမှာ အခါးသီးဆုံးအခိုက်အတန့်ကို ဘတ်ပီတစ်ယောက် ရင်ဆိုင်ခဲ့ရပါတယ်။
ရီးရဲလ်ကတော့ ဘတ်ပီကို ခေါ်ယူဖို့ စိတ်ရှည်လက်ရှည်နဲ့ စောင့်ဆိုင်းနေတဲ့ အသင်းဖြစ်ပါတယ်။ ကစားသမားကို စိတ်ဝင်စားတယ်လို့ တရားဝင်ပြောဆိုထားပေမယ့် တစ်စုံတစ်ရာကမ်းလှမ်းမှုမျိုး မရှိဘဲ အပြန်အလှန်အားဖြင့် ဘတ်ပီကလည်း ဘာနေဗျူးမှာ ကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ဖွင့်ဟထားခဲ့လို့ ၂၀၂၂ မှာ ဒီအပြောင်းအရွှေ့က ဖြစ်မြောက်လာဖွယ်ရာရှိနေပါတယ်။
ဒါပေမယ့်လည်း ဘတ်ပီကို မိုနာကိုကနေ ခေါ်ယူခဲ့စဉ်က ပီအက်စ်ဂျီဟာ လူငယ်ကစားသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးကို ပေးချေခဲ့ရတာဖြစ်ပါတယ်။ ဒီအတွက် ဘတ်ပီကို ဘယ်နည်းနဲ့မှ အလွတ်ထွက်ခွာခွင့်ပေးမှာမဟုတ်ဘူးလို့ ယုံကြည်ရပြီး ဘယ်လိုစီမံသွားမလဲဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာပါ။