ပန်းခြံထဲရှိသမျှ ခုံတွေအားလုံး ဘိုကင်တွေပြည့်၊စားသောက်ဆိုင်တွေနဲ့ အနီးအနားမှာ တီဗွီအကြီးကြီးတွေ ချထားပြီး ယူကရိန်းအသင်းရဲ့ ပထမဆုံး ယူရို ကွာတားဖိုင်နယ်ပွဲစဥ်ကို အားပေးကြဖို့ ယူကရိန်း ပရိသတ် တွေ ပြင်ဆင်နေကြပါပြီ။
ယူကရိန်းအတွက်တော့ ယခုလို ယူရို ၂၀၂၀ ကွာတားဖိုင်နယ်အဆင့်ထိ တက်လှမ်းလာနိုင်တာဟာ ဘောလုံးပွဲ တစ်ပွဲရဲ့ အောင်မြင်မှုသာမက အခြားသော နိုင်ငံရေးနဲ့ လူမျိုးရေး အရ ကောင်းမွန်တဲ့ အပေါင်း လက္ခဏာဆောင် တဲ့ ပြယုဂ်တွေ ဖြစ်ပေါ်လာစေပါတယ်။
၉နှစ်အလွန်မှ ယခုလို ယူရို ပြိုင်ပွဲကြီးရဲ့ ထိပ်ပိုင်းအဆင့်မှာ ပြန်လည် ပူးပေါင်းလာနိုင်တာ ဖြစ်သလို လွန်ခဲ့တဲ့ ၂၀၁၂တုန်းကလည်း အင်္ဂလန်နဲ့တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စု နောက်ဆုံးပွဲမှာ အင်္ဂလန်ကို ၁ဂိုးတည်းနဲ့ ကပ် အရေးနိမ့်ခဲ့လို့ နောက်တစ်ဆင့်နဲ့ ဝေးကွာခဲ့ရတာလည်း ဖြစ်ပါတယ်။
အခုချိန်မှာ ယူကရိန်းအသင်းဟာ ကွာတားဖိုင်နယ်အဆင့်ထိတောင် တက်လှမ်းလာနိုင်တာဟာ ၇နှစ်တာ ကာလ ပတ်လုံးစစ်ပွဲကြောင့် စိတ်ဒုက္ခရောက်နေကြရတဲ့ အရှေ့ဒေသက ပြည်သူတွေနဲ့ ကိုဗစ်ကြောင့် ကာလ အတန်ကြာ စိတ်ကျဥ်းကြပ်နေကြတဲ့ သူတွေအတွက် စိတ်ပြေစရာ တစ်ခု စတင် ဖြစ်လာစေတာပါ။
“ဆွီဒင်နဲ့ပွဲတုန်းက တီဗွီဖန်သားပြင်ကတဆင့် အားပေးနေခဲ့ကြတဲ့ ပြည်သူတွေဟာ တစ်ခဲနက် ပြိုင်တူ အောင်ပွဲခံကြတဲ့ ပုံရိပ်တွေက ကြက်သီး ထစရာပါပဲ။ ကိုဗစ်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ရှိတာ အမှန်ဆို ပေမယ့် ဒါကို ပြည်သူတွေက ရင်ဆိုင်ပြီး အားပေးခဲ့ကြတာပါ။”လို့ ပရိသတ်တစ်ဦးက ဆိုပါတယ်။
အခုလို ယူကရိန်းအသင်း ကွာတားဖိုင်နယ် တက်လှမ်းလာတဲ့ နေရာမှာ အသိအမှတ် မပြုလို့ မရတဲ့သူတစ်ဦးက တော့ တစ်ချိန်က ယူကရိန်း အသဲကျော် ဘလွန်းဒီအော ဆုရှင်ကြီး ရှက်ချင်ကိုပဲ ဖြစ်ပါတယ်။
သူဟာ နိုင်ငံရဲ့ ပုံရိပ်တစ်ဦးဖြစ်သလို လက်ရှိမှာလည်း ယူကရိန်း လက်ရွေးစင်အသင်းကို တာဝန်ယူ ကိုင်တွယ်နေ တာ ၅နှစ်ခန့် ရှိနေပါပြီ။
ယူကရိန်းအသင်းဟာ ယူရိုပြိုင်ပွဲမတိုင်ခင် ကိုဗစ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို အတော်လေး ခံစားခဲ့ရပါသေးတယ်။ အသင်း ဆရာဝန်ဟာ ကိုဗစ်ကြောင့်နဲ့ သေဆုံးခဲ့ရသလို ကစားသမား ၁၀ဦးထိ ကိုဗစ်ပိုးတွေ့လို့ တစ်သင်းလုံး သီးသန့် နေထိုင်ခဲ့ရတဲ့ ကာလတွေလည်း ဖြတ်သန်းခဲ့ရပါတယ်။
အဲ့တုန်းကဆိုရင် နေးရှင်းလိဂ် ကစားနေတာဖြစ်လို့ ဆွစ်ဇာလန်နဲ့ပွဲကို ဖျက်သိမ်းပေးခဲ့ရပြီး အရှုံးလည်း ပေးခဲ့ရ ပါသေးတယ်။
အခုတော့ ယူကရိန်းအသင်းဟာ သန်းခေါင်ထက် ညမနက်ဘူးဆိုတဲ့အတိုင်း အာရုံဦး လမ်းစတွေကို စတင် မြင်လာရပါပြီ။
ဒီအခိုက်အတန့်ဟာ ဘယ်လောက်ထိ ကြည်နူးစရာ ကောင်းသလဲဆိုရင် ယူကရိန်းအသင်း ကွာတားဖိုင်နယ် တက်လှမ်းတာကို ဂုဏ်ပြုတဲ့အနေနဲ့ အစိုးရအဖွဲ့ဟာ အစည်းအဝေးကျင်းပတဲ့အချိန်မှာ ယူကရိန်း ဘောလုံး အသင်းဝတ်စုံတွေကို ဝတ်ဆင်ပြီး ပြုလုပ်ကာ ဂုဏ်ပြုခဲ့ပါသေးတယ်။
ဒါကြောင့်ပဲ ယူကရိန်းအသင်းရဲ့ ယူရို ၂၀၂၀ ပြိုင်ပွဲဝင် ဘောလုံးအသင်းဂျာစီဟာ ဘောလုံးဂျာစီအဖြစ်သာ ရှိနေခဲ့တာ မဟုတ်ဘူးဆိုတာလည်း မြင်လာစေပါတယ်။
ဒီညမှာတော့ ကိုဗစ်ကို ခဏမေ့ အများပြည်သူ အပန်းဖြေအနားယူရာ ပန်းခြံကြီးတွေမှာ တီဗွီအကြီးကြီးတွေကို ချ၊ဘားတွေ ကော်ဖီဆိုင်တွေမှာ လူတွေစုပြီး ယူကရိန်းအသင်း အင်္ဂလန်အသင်းကို ရင်ဆိုင် ယှဥ်ပြိုင်ကြမယ့်ပွဲ ကို အားပေးကြတော့မှာပဲ ဖြစ်ပါတယ်။
ဒါဟာ အမြဲတစေ ဖြစ်လာစေမယ်လို့ တထစ်ချ ပြောလို့ မရသေးပေမယ့် ဘောလုံးဟာ လူမှုဘဝကို ပုံမှန် ဘဝထဲ ပြန်လည်ခေါ်ဆောင်ပေးလာနိုင်တဲ့ လမ်းစအသွင် ဆောင်လာတာကိုလည်း သတိထားမိစေမှာတော့ အမှန်ပင်။
Share