အသင်းနဲ့လမ်းခွဲတော့မယ့်သူပါ။

အာဆင်နယ်ကနေ ထွက်ခွာခဲ့ပြီလို့ အတည်ပြုခဲ့တဲ့ ကွင်းလယ်လူဂွမ်ဒူဇီက အသင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုအနေအထားက သူ့အပေါ်ကို တော်တော်လေးရိုက်ခတ်ခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ၁၉၉၅ ခုနှစ်နောက်ပိုင်း အဆိုးရွားဆုံးအဆင့်ရပ်တည်မှုအဖြစ် အဆင့် ၈ မှာ ရပ်တည်ခဲ့ပြီး ဥရောပပြိုင်ပွဲဝင်ခွင့်ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ 

ဂွမ်ဒူဇီကတော့ နည်းပြအာတီတာရဲ့ လက်အောက်မှာ ပုံမှန်ကစားခွင့်မရရှိတာကြောင့် ဟာသာဘာလင်ကို အငှားနဲ့သွားကစားရပါတယ်။ အသင်းနဲ့ သူ့ကြားမှာ ဆက်ဆံရေးအဆင်မပြေမှုတွေရှိနေခဲ့ပေမယ့် အသင်းရဲ့ရပ်တည်မှုအတွက် ခံစားရတယ်လို့ ဂွမ်ဒူဇီက ပြောဆိုခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ အာဆင်နယ်က ထိုက်တန်တယ်လို့ ပြောဆိုခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။ 

"နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အသင်းက ဥရောပပွဲဝင်ကစားခွင့်မရတာကိုမြင်ရတာ တကယ်ကိုနာကျင်ရပါတယ်၊ ဒါက ကျွန်တော့်ကိုလည်း အများကြီးရိုက်ခတ်ခဲ့ပါတယ်၊ အာဆင်နယ်က ဥရောပရဲ့အသင်းကြီးတစ်သင်းပါ၊ ဒီအတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကို နှစ်တိုင်းဝင်ကစားခွင့်ရဖို့ ထိုက်တန်ပါတယ်၊ ကျွန်တော့်အတွက်တော့ ဒါက ပုံမှန်ပါပဲ၊ ဒီလိုအဖွဲ့အစည်းမျိုးက အကောင်းဆုံးနဲ့ပဲ ထိုက်တန်တာပါ"

"အာဆင်နယ်က သူပိုင်တဲ့နေရာကို သေချာပေါက်ပြန်လာမှာပါ၊ ဘာလို့ကျရှုံးခဲ့သလဲဆိုတာ ကျွန်တော်မသိပါဘူး၊ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ရာသီက ကျွန်တော်အဲဒီမှာမရှိခဲ့လို့ပါ၊ ဒါပေမယ့်လည်း အသင်းအနေအထားကို ကျွန်တော်စိုးရိမ်ပါတယ်၊ ဘာလို့လဲဆိုရင် အာဆင်နယ်က ကြီးမားတဲ့အရာတွေနဲ့ပဲ ထိုက်တန်လို့ပါ၊ ကျွန်တော့်နှလုံးသားအတွင်းထဲအထိကို ဂန်းနာတစ်ဦးဖြစ်နေမှာပါ၊ ဘာတွေပဲဖြစ်ဖြစ်ပေါ့" လို့ ဂွမ်ဒူဇီက ပြောဆိုခဲ့ပါတယ်။


အသက် ၂၂ နှစ်အရွယ် ကစားသမားဟာ ပြင်သစ်ကလပ်မာဆေးလ်အသင်းကို ပြောင်းရွှေ့မယ်လို့ သိရပြီး သူ့ကို ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်နည်းပြဟောင်းအူနိုင်းအမ်မရီက ပေါင် ၇ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဂွမ်ဒူဇီက ၈၉ ပွဲအထိကစားပေးခဲ့ပါတယ်။ 

Share

Loading Next Article...
က္က