ပုံမှန်အားဖြင့် VPN ခံပြီး အင်တာနက် သုံးချိန်မှာ ရိုးရိုး VPN မပါဘဲ အင်တာနက်သုံးတာထက် လိုင်းဆွဲအား ၁၀% ကနေ ၂၀% လောက် ကျသွားတတ်ပါတယ်။

အင်တာနက်သုံးတဲ့သူတွေအတွက် တချိန်မဟုတ်တချိန် VPN မသုံးမဖြစ် လိုလာတဲ့အချိန်တွေ ရှိကြပါတယ်။ အခုတောင် VPN ခံပြီး လူမှုကွန်ရက်မီဒီယာတွေနဲ့ အင်တာနက်စာမျက်နှာတွေ လျှောက်ကြည့်နေတဲ့သူတွေ ရှိမယ်လို့ ထင်ပါတယ်။ 


VPN လို့ အတိုကောက်ခေါ်နေကြတဲ့ Virtual Private Network နည်းပညာဟာ အင်တာနက်သုံးသူနဲ့ အင်တာနက်အကြား လုံခြုံစိတ်ချရတဲ့ ချိတ်ဆက်မှုတစ်ခု လုပ်လိုက်တာပါပဲ။ အလွယ်ဆုံးပြောရရင် VPN သုံးတာဟာ ကိုယ့်နိုင်ငံမှာ ပိတ်ထားတဲ့ ဝက်ဘ်ဆိုက်တွေထဲ ဝင်ကြည့်လို့ ရနိုင်ပြီး အွန်လိုင်းကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံရေး အဆင်ပြေတယ်လို့ ဆိုနိုင်ပါတယ်။


ပြဿနာတစ်ခုက ဘယ်လောက်ကောင်းတဲ့ VPN services ကို သုံးသုံး အင်တာနက်မြန်နှုန်း ထိတာတော့ ရှိတတ်စမြဲပါပဲ။ ပုံမှန်အားဖြင့် VPN ခံပြီး အင်တာနက် သုံးချိန်မှာ ရိုးရိုး VPN မပါဘဲ အင်တာနက်သုံးတာထက် လိုင်းဆွဲအား ၁၀% ကနေ ၂၀% လောက် ကျသွားတတ်ပါတယ်။ တကယ်လို့ VPN နဲ့ အင်တာနက်သုံးရင်း လိုင်းဆွဲအားနှေးလာတယ်လို့ ခံစားရရင် ဒီနည်းလမ်းလေးတွေနဲ့ ဖြေရှင်းလို့ ရနိုင်ပါတယ်။ 


(၁) VPN Servers တွေ ပြောင်းပါ



VPN လိုင်းဆွဲအားနှေးရတဲ့ အကြောင်းအရင်းတွေထဲမှာ အဖြစ်အများဆုံးက VPN Server ကြောင့် ဖြစ်တတ်ပါတယ်။ ကိုယ်သုံးနေတဲ့ နေရာနဲ့ Server ထားတဲ့နေရာ ဝေးလေလေ ဒေတာအရောက်ပို့ဖို့ သွားရတဲ့ အကွာအဝေးများလာပြီး လိုင်းဆွဲအားကျလေလေပါပဲ။ နောက်တစ်ချက်က ကိုယ်ချိတ်ထားတဲ့ Server မှာ လာချိတ်တဲ့သူများလို့ Overload ဖြစ်ရာကနေ အင်တာနက်လိုင်းတွေ နှေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်ရင် ကိုယ်နဲ့ အနီးဆုံးက Server တစ်ခုနဲ့ ချိတ်ကြည့်ပြီး Speed စမ်းကြည့်ပါ။ တစ်ခုမဟုတ်တစ်ခု ချိတ်သွားရင်းနဲ့ Performance အကောင်းဆုံး Server ကို တွေ့နိုင်ပါတယ်။ 


(၂) Protocol Settings ပြောင်းပါ



ကျွန်တော်တို့ သုံးနေတဲ့ VPN ဆော့ဖ်ဝဲလ်တွေဟာ UDP ဒါမှမဟုတ် TCP Protocol တစ်ခုခု သုံးပြီး မတူညီတဲ့ port number ပေါ်ကနေ Servers တွေကို ချိတ်ဆက်တာပါ။ ဒီ protocols တွေကို အင်တာနက်ပေါ်ကနေ ဒေတာတွေ ပေးပို့ဖို့ သုံးတာဖြစ်ပြီး VPN Connections အများစုဟာ လိုင်းဆွဲအား ပိုမြန်လေ့ရှိတဲ့ UDP Protocol ကို သုံးပါတယ်။ တချို့နေရာတွေမှာတော့ TCP နဲ့ချိတ်တာက ပိုမြန်တတ်ပါတယ်။ နောက် Settings တစ်ခုကတော့ VPN အတွက် ကိုယ်သုံးနေတဲ့ port ကို ပိုပြီး လုံခြုံမှုရှိတဲ့ SSL စနစ်သုံး 443 ကို ပြောင်းတာပါပဲ။ 


(၃) System Resources ပြန်စစ်ပါ



တစ်ခါတလေ VPN လိုင်းဆွဲအား နှေးတာ ကိုယ့်စက်မှာ သုံးထားတဲ့ Apps တွေက Bandwidth သိပ်အများကြီး စားနေလို့လည်း ဖြစ်နိုင်တာပါပဲ။ နောက်ကွယ်မှာ ဖွင့်ထားတဲ့ တချို့ Apps တွေကြောင့် လိုင်းဆွဲအား နှေးသလား သိချင်ရင် ကိုယ့်စက်ရဲ့ Task Manager ကို ဖွင့်ပြီး စစ်လို့ ရပါတယ်။ Windows ကွန်ပျူတာတွေမှာ Task Manager နဲ့ MacOS တွေမှာ Activity Monitor ဖွင့်ပြီး ကိုယ်အသုံးမလိုတဲ့ Apps တွေ လိုက်ပိတ်ထားပါ။ ဒီလို လုပ်ခြင်းအားဖြင့် VPN Connection အတွက် မလိုဘဲ သုံးနေတဲ့ Bandwidth နေရာ လျှော့ချနိုင်မှာပါ။


(၄) Split Tunneling ဖွင့်ကြည့်ပါ



VPN ဆော့ဖ်ဝဲအတော်များများမှာ Split Tunneling လို့ ခေါ်တဲ့ အင်တာနက် traffics တွေ ခွဲပြီး ပို့တဲ့ features ပါတတ်ပါတယ်။ တကယ်လို့ ကိုယ်ဟာ Bandwidth သိပ်စားတဲ့ apps တွေ တပြိုင်တည်းဖွင့်ထားဖြစ်တယ် ၊ ပိတ်လည်း မပိတ်ချင်ဘူးဆိုရင် ကိုယ့် VPN မှာ ပါတတ်တဲ့ Split Tunneling ဖွင့် သုံးကြည့်ပါ။ Split Tunneling က VPN ပေါ်မှာ ဘယ်လမ်းကြောင်း သွားမယ် ဆိုတာနဲ့ ပုံမှန်အင်တာနက် Connection ပေါ်ကနေ ဘာတွေ ပြန်ပြီး ထုတ်ပေးမယ်ဆိုတာကို ခွဲပေးလိုက်မှာပါ။


(၅) VPN ပြောင်းပါ



VPN လိုင်းစွဲအား နှေးတာကို ဖြေရှင်းဖို့ အလွယ်ဆုံးနဲ့ လူသုံးအများဆုံးနည်းတစ်ခုက လိုင်းဆွဲအားပိုကောင်းမယ့် VPN တစ်ခုခု ပြောင်းသုံးကြည့်တာပဲ ဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ သုံးနေတဲ့ VPN ဆော့ဖ်ဝဲလ်တွေထဲမှာ 1.1.1.1 (WARP) ၊ OpenVPN Connect ၊ Outline ၊ HA Tunnel Plus တို့က လိုင်းဆွဲအားကောင်းပြီး လူသုံးများကြတာကြောင့် စမ်းသုံးကြည့်နိုင်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က