စွန့်ဦးတီထွင်မှုလောကမှာ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ (လူတိုင်းက မင်းကို "ဒါတော့ မသေချာဘူး Risk ယူရမယ်" လို့ ပြောနေချိန်မှာ စွန့်ဦးတီထွင်သူတစ်ယောက်ကတော့ ဒါက ဆုလာဘ်ကြီး Reward အဖြစ် မြင်နေမယ်) ဆိုတာပါပဲ။

စွန့်ဦးတီထွင်မှုလောကမှာ စကားတစ်ခွန်းရှိပါတယ်။ အဲ့ဒါကတော့ (လူတိုင်းက မင်းကို "ဒါတော့ မသေချာဘူး Risk ယူရမယ်" လို့ ပြောနေချိန်မှာ စွန့်ဦးတီထွင်သူတစ်ယောက်ကတော့ ဒါက ဆုလာဘ်ကြီး Reward အဖြစ် မြင်နေမယ်) ဆိုတာပါပဲ။ ဒါဟာ Entrepreneur လို့ ခေါ်ကြတဲ့ စွန့်ဦးတီထွင်သမားတွေရဲ့ လက်ကိုင်ဆောင်ပုဒ်တွေထဲကတစ်ခု ၊ တစ်နည်း သူတို့ ခံယူချက်ပဲ ဖြစ်ပါတယ်။ 


၁၈၀၀ ပြည့်လွန်နှစ်တွေဆီက စိုက်ပျိုးရေးဆိုင်ရာစွန့်ဦးတီထွင်သူ အယ်လီဇာ လူးကတ်စ်ပစ္စကနေးကနေ ၁၉၀၀ ပြည့်လွန်နှစ်တွေဆီက Apple တည်ထောင်သူ စတိဗ်ဂျော့စ်အထိ ၊ Y မျိုးဆက်လို့ ခေါ်ကြတဲ့ Millinnials တွေကနေ Gen Z လို့ ခေါ်ကြတဲ့ လက်ရှိအသက် ၂၀ အစိတ်တန်း လူငယ်တွေထဲက အစွမ်းအစထက်မြက်တဲ့ လူငယ်တွေဟာ သူတို့ နေထိုင်ရာ ကမ္ဘာကြီးမှာ ကိုယ်ပိုင်အမှတ်အသားထားခဲ့ဖို့ စွန့်ဦးတီထွင်မှုနောက် လိုက်နေကြပါတယ်။ 



Entrepreneurs လုပ်နေကြတဲ့ လူငယ်တွေထဲက ချီးကျူးအားကျစရာကောင်းပြီး စိတ်ဝင်စားစရာနောက်ခံတွေနဲ့ လူငယ်တချို့အကြောင်း ပြောပြပေးချင်ပါတယ်။ 


(၁) ဟာ့တ်မိန်း


Photo: Kent State University

အသက် ၁၃ နှစ်အရွယ်မှာ Hart Main လို့ ခေါ်တဲ့ ဆယ်ကျော်သက်ကောင်လေးဟာ သူ့အစ်မကို နောက်ပြောင်ရင်းနဲ့ ယောင်္ကျားတွေအကြိုက် အမွှေးဖယောင်းတိုင်ထုတ်ဖို့ အိုင်ဒီယာရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူ့အစ်မက ကျောင်းရံပုံငွေအတွက် မိန်းကလေးရေမွှေးဖယောင်းနေတာပါ။ အိုင်ဒီယာမရခင်က ဟာ့တ်ဟာ ဒေါ်လာ ၁၅၀၀ တန် စက်ဘီးဝယ်ဖို့ လုပ်နေတဲ့ အချိန်လည်း ဖြစ်ပါတယ်။


နောက်တော့ သူ့မိဘတွေနဲ့ ပေါင်းပြီး စီးပွားရေးလေးတစ်ခု စလုပ်ပါတယ်။ ManCan ဆိုတဲ့ နာမည်နဲ့ ဖယောင်းတိုင်ထုတ်တာပါ။ ရိုးရှင်းပြီး ကြားလိုက်တာနဲ့ ချက်ချင်းသိသွားမယ့် နာမည်မျိုးကို ရွေးလိုက်တာ ဖြစ်ပါတယ်။ ManCan ထုတ် ဖယောင်းတိုင်တွေကို တောတွင်းစခန်းမီးပုံအနံ့ ၊ ဝက်ပေါင်ခြောက်ကြပ်တိုက်နံ့ ၊ လွှစာမှုန့်နံ့ ၊ ရိတ်ထားတဲ့ မြက်ခင်းနံ နဲ့ ဆေးတံအနံ့အပါအဝင် ယောင်္ကျားဆန်တဲ့ ရနံ့မျိုးစုံနဲ့ ထုတ်ပါတယ်။ 


ဟာ့တ်ရဲ့ ဖယောင်းတိုင်တွေဟာ အမေရိကန်ပြည်နယ်တိုင်းက စတိုးဆိုင်တွေမှာ တင်ရောင်းတဲ့အဆင့် ဖြစ်လာပြီး ရောင်းအားကလည်း နှစ်စဉ် ဂဏန်း ၆ လုံးအထက် ကျော်ခဲ့ပါတယ်။ ဟာ့တ်ဟာ ရောင်းအားထဲက တချို့တစ်ဝက်ကို အိုဟိုင်းယိုး ၊ ပင်န်ဆီဗေးနီးယား ၊ ဝက်စ်ဗာဂျီးနီးယားနဲ့ မစ်ချီဂန်ပြည်နယ်က မီးဖိုချောင်တွေကို ပြန်လှူတာမျိုး လုပ်ပါတယ်။ 


(၂) ကိန်းမွန်ရွိုင်း


Photo: My Hero Project

လော့စ်အိန်ဂျလိစ် အရှေ့ပိုင်းက သူ့အဖေရဲ့ ကားပစ္စည်းအရောင်းဆိုင်ထဲမှာ နေ့စဉ်သုံးနေကျ ပစ္စည်းလေးတွေနဲ့ ကိုယ်ပိုင်စက္ကူကတ်ထူအိမ်လေးတွေ စလုပ်တော့ ကိန်းဟာ အသက် ၉ နှစ်သားပဲ ရှိသေးတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ တစ်ဦးတည်းသော ဖောက်သည်က ကိန်းရဲ့ပါရမီကို သတိထားမိရာကနေ ကိန်းကို လူသိများအောင်နဲ့ ကိန်းအတွက် ကောလိပ်ကျောင်းစရိတ်ရအောင်ဆိုပြီး သူ့အကြောင်း Short Film လေးရိုက်ပြီး Social Media ပေါ်မှာ တင်လိုက်ပါတယ်။ 


မကြာခင်မှာပဲ ကိန်းရဲ့ ကတ်ဘုတ်အိမ်လုပ်ငန်းဟာ နိုင်ငံတကာက သိလာကြပြီး ABC World News ၊ Good Morning America နဲ့ MSNBC တို့လို သတင်းဌာနတွေက ကိန်းအကြောင်း သတင်းတင်ဆက်လာပါတယ်။ နောက်တော့ သူ့ဆီလာတဲ့ ဖောက်သည်တွေဟာ ကားအပိုပစ္စည်းဆိုင်က ဝန်ဆောင်မှုပေးနိုင်တာထက် များလာသလို သူ့လုပ်ငန်းမှာ ငွေပင်ငွေရင်းထည့်ချင်လို့ လာတဲ့လူတွေလည်း ၄-၅ နာရီစောင့်ရတဲ့အဖြစ်မျိုးအထိ ရောက်လာပါတယ်။ 



ကိန်းအနေနဲ့ ဒီလုပ်ငန်းကနေ ငွေဘယ်လောက် ရှာနိုင်ခဲ့သလဲ မသိပေမယ့် ဒီလုပ်ငန်းကနေ ရတဲ့ စကောလားရှစ်ရံပုံငွေက ဒေါ်လာ ၂ သိန်းကျော်ပါတယ်။ နောက်တော့ ကိန်းဟာ သူ့လိုပဲ ဖန်တီးလိုစိတ်ထက်သန်ပြီး စွန့်ဦးတီထွင်တာ ဝါသနာပါတဲ့ ကလေးတွေကို မြေတောင်မြှောက်ပေးဖို့ Imagination Foundation နာမည်နဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတစ်ခု တည်ထောင်ခဲ့ပါတယ်။ ကိန်းဟာ ပြီးခဲ့တဲ့နှစ်ကပဲ ကောလိပ်တက်ဖို့ လျှောက်ထားနေတယ်လို့ သိရပါတယ်။


(၃) ဂျက်ခ်ကင်မ်


Photo: millennialentrepreneurs

Grade 6 တန်းမှာ အမေရိကန်ရောက်လာခဲ့တဲ့ ကိုရီးယားသားလေး ဂျက်ခ်ကင်မ်အကြောင်းကလည်း စိတ်ဝင်စားစရာ အပြည့်ပါ။ ဆီယက်တဲလ်မှာ နေထိုင်တဲ့ ဂျက်ခ်ကင်မ်ဟာ အမေရိကန်ရောက်စနှစ်မှာပဲ ဝက်ဘ်ဆိုက်တွေ ရေးပြီး ဝက်ဘ်ဆိုက်ကနေ ငွေရှာနေတာပါ။ တစ်နေ့တော့ သူဟာ ရုတ်တရပ်အတွေးပေါက်သွားပါတယ်။ အဲ့ဒါက သူ့ရဲ့ အွန်လိုင်းကနေ ငွေရအောင် လုပ်တဲ့ နည်းကို ပရဟိတအလှူအတွက် ငွေရှာအောင်လည်း သုံးလို့ရတာပဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။


ဒီလိုနဲ့ ဂျက်ခ်ကင်မ်ဟာ Benelab လို့ခေါ်တဲ့ အကျိုးအမြတ်မယူတဲ့ Search Engine တစ်ခု တည်ထောင်ဖြစ်ခဲ့ပါတယ်။ Benelab Search Engine သုံးသူတွေကြောင့် ရလာတဲ့ ကြော်ငြာဝင်ငွေအကုန်လုံးကို ပရဟိတတွေမှာ လှူဒါန်းတာ ဖြစ်ပါတယ်။ Search Engines တွေထဲမှာ ကြော်ငြာဝင်ငွေအကုန် ပြန်လှူတဲ့ ပထမဆုံး Search Engine လည်း ဖြစ်ပါတယ်။ ကင်မ်ရဲ့ ခံယူချက်က ရှင်းပါတယ်။ 

"အလှူအတန်းကို လွယ်လွယ်လေးနဲ့ လူတိုင်းလုပ်နိုင်ဖို့ Benelab ထောင်တာ"လို့ ဆိုပါတယ်။


(၄) ဂါးရတ်ဂီး

Photo: Daily Universe-BYU


ဂါးရတ်ဂီးရဲ့ စွန့်ဦးတီထွင်မှုခရီးကလည်း တစ်မျိုးတစ်ဘာသာ ထူးခြားပါတယ်။ ၂၀၀၉ ခုနှစ်မှာ စမတ်ဖုန်း စကိုင်ခဲ့တဲ့သူဟာ iPad 2 ထွက်တော့မယ့်အချိန်မှာ စီးပွားရေးအခွင့်အလမ်းတစ်ခုကို ကြိုပြီးမှန်းဆနိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က သူဟာ ဘရိုက်ဟမ်ယန်းဂ်တက္ကသိုလ်မှာ ကျောင်းတက်နေတုန်းပဲ ရှိသေးတာ ဖြစ်ပါတယ်။ နည်းပညာလောကထဲ သူဝင်ရောက်လာပုံက မထင်မှတ်ဘဲ ဖြစ်လာတာလို့ ဆိုနိုင်ပါတယ်။


စမတ်ဖုန်းစကိုင်တဲ့အချိန်မှာ သူ့ဖုန်းမှာ လက်လီပစ္စည်းလေးတွေ ဝယ်ရင် ဘားကုဒ်စကင်ဖတ်ဖို့ ဒေါင်းလုပ်ဆွဲထားတဲ့ App တစ်ခု ရှိခဲ့ပါတယ်။ သုံးလို့ အဆင်မပြေတာကြောင့် ဖျက်ပစ်ခဲ့ပြီးမှ နောက်ပိုင်း Barcode scan ဖတ်ဖို့ App ရှာရာမှာ မတွေ့တာကြောင့် ကိုယ့်ဘာသာ Scan လို့ နာမည်ပေးထားတဲ့ ဘားကုဒ်စကင်နာအက်ပလီကေးရှင်းကို ရေးဖြစ်ခဲ့တာပါ။ iPad 2 ထွက်လာတဲ့အချိန်မှာ ဒီထုတ်ကုန်အတွက် အဆင်ပြေမယ့် QR Code ဆော့ဖ်ဝဲလ်တစ်ခုခု လိုပြီလို့ သူတွက်ဆခဲ့ပါတယ်။ 


သူ့တွက်ကိန်းအတိုင်း iPad 2 မှာ သုံးစွဲသူတိုင်း အဆင်ပြေမယ့် Scan App ကို iOS developer ဆီကနေ ယူပြီး နှစ်ညလောက် မအိပ်မနေ ကြိုးစားပြီး ဖန်တီးခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအချိန် ၂၀၁၁ ဖေဖော်ဝါရီထဲမှာ ဒီ App ကို ဖြန့်ချိဖို့ သူ့အတန်းဖော်နှစ်ယောက်ဖြစ်တဲ့ ဘန်တာလီနဲ့ ကာ့ခ်အွိုင်းမက်တို့ကို အလုပ်ခန့်ခဲ့ပါတယ်။ ဂီးက Scan Inc မှာ CEO ၊ အွိုင်းမက်က COO နဲ့ တာလီက CTO လုပ်ပြီး လှုပ်ရှားခဲ့တာပါ။ 


နောက်တော့ ဒီ App ကို သုံးစွဲသူတွေရဲ့ တောင်းဆိုချက်အတိုင်း features သစ်တွေထည့်ပြီး အဆင့်မြှင့်ခဲ့ပါတယ်။ ၂၀၁၂ အတွင်းမှာကိုပဲ Scan ကို ဒေါင်းလုပ်ဆွဲသူ ၂၅ သန်းကျော် ရှိခဲ့ပြီး လစဉ် စကင်ဖတ်မှုပေါင်း ၂၇ သန်း ပုံမှန်ရှိခဲ့ပါတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ Scan app ကို Snapchat CEO အီဗန်စပိုက်ဂဲလ်ဆီမှာ ဒေါ်လာ ၅၄ သန်းနဲ့ ရောင်းချသွားခဲ့ပါတယ်။ အခုလည်း ဒီ App က တစ်လကို ဒေါ်လာ ၆ သိန်း ဝင်တယ်လို့ ဆိုပါတယ်။ 


(၅) ကင်မ်ရွန်း ဂျွန်ဆင်

Photo: homebusinessmag


ကင်မ်ရွန်း ဂျွန်ဆင်ဆိုတဲ့ လူငယ်လေးဟာ အသက် ၉ နှစ်မှာ စပြီး ကိုယ့်ဘာသာ ပိုက်ဆံရှာခဲ့ပါတယ်။ သူ့မိဘတွေရဲ့ အားလပ်ရက်တွေ့ဆုံပွဲတွေအတွက် ဖိတ်စာတွေ ဖန်တီးတဲ့ အလုပ်ဖြစ်ပါတယ်။ နှစ်နှစ်ကြာပြီးနောက်တော့ ဂျွန်ဆင်ဟာ Cheers and Tears ဆိုတဲ့ နာမည်နဲ့ ကုမ္ပဏီကနေ ကတ်တွေရောင်းပြီး ဒေါ်လာထောင်ပေါင်းများစွာ ရှာနိုင်ခဲ့ပါတယ်။ အသက် ၁၂ ရောက်တော့ သူ့စီးပွားရေးက နောက်တစ်မျိုး ဖြစ်လာပါတယ်။ 


သူ့နှစ်မရဲ့ 30 Beanie Babies အရုပ်ကလေးတွေကို ဒေါ်လာ ၁၀၀ နဲ့ ဝယ်ပြီး eBay ဈေးကွက်မှာ သူ့ဝယ်ရင်းဈေးထက် ၁၀ ဆတင်ပြီး ရောင်းခဲ့တာပါ။ နောက်တော့ အရုပ်ထုတ်လုပ်တဲ့ ပင်ရင်းစက်ရုံတွေကနေ အရုပ်တွေ တိုက်ရိုက်မှာဝယ်ပြီး တစ်နှစ်မပြည့်ခင် ဒေါ်လာ ၅ သောင်းမြတ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ရလာတဲ့ ငွေနဲ့ အင်တာနက်စီးပွားရေးတစ်ခု လုပ်ခဲ့ပြီး တစ်လကို ကြော်ငြာဝင်ငွေ ဒေါ်လာ ၃၀၀၀ ရှာနိုင်ခဲ့ပါတယ်။ 

အသက် ၁၅ နှစ်အရွယ်မှာ သူ့ရဲ့တခြားစီးပွားရေးတွေနဲ့ဆိုရင် တစ်လကို ဝင်ငွေ ဒေါ်လာ ၃ သိန်းကနေ ၄ သိန်းအကြား ရနေပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

က္က