ဆာကာအနေနဲ့ ၁၆သင်းအဆင့်မှာ ခြေစွမ်းပြခဲ့သည့်တိုင် ကွာတားဖိုင်နယ်ပွဲ လွဲချော်ခဲ့ရပြီး ယခုလို အင်မတန်မှ အရေးပါနေတဲ့ ဆီမီးဖိုင်နယ်ပွဲမျိုးမှာ ပွဲထွက်ခွင့်ရမလားဆိုတာကလည်း စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။
ယနေ့ည(ကြာသပတေးနံနက် ၁နာရီခွဲ)မှာ ယှဥ်ပြိုင်ကစားရမယ့် ဒိန်းမတ်အသင်းနဲ့ ယူရို ၂၀၂၀ ဆီမီးဖိုင်နယ်ပွဲစဥ် ကို ပွဲထွက် ပါဝင်ကစားနိုင်ရေး ဆာကာတစ်ယောက် မျှော်လင့်ချက် ထားနေတယ်လို့ BBC SPORTမှာ ဖော်ပြလာ ပါတယ်။
အသက် ၁၉နှစ်အရွယ်သာ ရှိသေးတဲ့ အာဆင်နယ် ကစားသမားလေး ဆာကာဟာ ပြီးခဲ့တဲ့ ဂျာမနီကို ၂-၀နဲ့ အနိုင်ရ ခဲ့တဲ့ ၁၆သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားပြနိုင်ခဲ့သူပါ။
လက်ရှိ အင်္ဂလန်အသင်းဟာလည်း ၁၉၆၆ နောက်ပိုင်း ပထမဆုံးအကြိမ် အဓိက ဆုဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲ ရောက်နိုင်ရေးအတွက် ခြေတစ်လှမ်းအလိုမှာ လူငယ်ခြေတက်ကစားသမားလေးကို နည်းပြ ဆောက်ဂိတ်က အရဲစွန့် ပွဲထုတ်မလား ပွဲမထုတ်ဘူးလားဆိုတာကလည်း အထူး စောင့်ကြည့်သွားရမယ့် စိတ်ဝင်စားစရာ တစ်ခုပါ။
ဆာကာအနေနဲ့ ကစားပေါက်တူနေတဲ့ ဂျော်ဒန်ဆန်ချိုကို ကျော်ဖြတ် နေရာရဖို့တော့ မလွယ်ပေမယ့်လည်း လေ့ ကျင့်ရေးကွင်း ခြေစွမ်းပြမှု ကံတရား ဖေးမမှုတွေကြောင့်လည်း တပ်အပ်တော့ မပြောသာပေ။
“တစ်ခါတရံမှာ ကျွန်တော်တို့ ယုံကြည်ထားလို့ရတဲ့ သမိုင်းကြောင်းကောင်း ကျွန်တော်တို့မှာ မရှိပါဘူး။ အခု ကစားသမားတွေက ဒီကံကြမ္မာကို ဖန်တီးမှာပါ။”လို့ နည်းပြ ဆောက်ဂိတ်က ဆိုပါတယ်။
အင်္ဂလန်အသင်းဟာ ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ကို တစ်ကြိမ်မျှ တက်လှမ်းဖူးတဲ့ အစဥ်အလာ မရှိတာကလည်း ယခု ကစားပွဲအတွက် အတိတ်ဆိုးတစ်ခု အဖြစ် ရှိနေပါတယ်။