အီတလီအသင်းနဲ့ ဗိုလ်လုပွဲ မကစားခင် နောက်ဆုံး လေ့ကျင့်ခန်း အစီအစဥ် ပြုလုပ်ခဲ့ပြီ ဖြစ်ပြီး ကစားသမား အား လုံးကတော့ ကိုဗစ် ကင်းစင်နေတယ်လို့ ဆေးစစ်ချက် ထွက်ပေါ်ထားပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲအဖြစ် အီတလီအသင်းနဲ့ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး ယခုအခါ လေ့ကျင့် ပြင်ဆင်မှုတွေကို နှစ်ဖက်အသင်းတွေ ပြုလုပ်နေကြပါတယ်။
မနက်ဖြန်ညမှာတော့ ဗိုလ်လုပွဲကြီးကို ကြည့်ရှုခံစားရတော့မှာ ဖြစ်ပြီး ဒီအချိန်မှာ အင်္ဂလန်အသင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ အဓိက ကစားသမား အချို့မပါဝင်နိုင်တာကို မီဒီယာတွေက ဖော်ပြ လာနိုင်ကြပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ အဓိက အားထားရတဲ့ ကစားသမားလေး ဖီးလ်ဖိုဒန် အသင်းနှ့င်အတူ ပူးပေါင်း ပါဝင် နိုင်ခြင်း မရှိတာကိုတွေ့ရပါတယ်။
အင်္ဂလန်အသင်းနှင့်အတူ ယခုနှစ်ပြိုင်ပွဲမှာ ၂ပွဲထိ ပါဝင်ပေးထားနိုင်တဲ့ မန်စီးတီးအသင်း ကစားသမားဟာ နောက်ဆုံး လုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ မပါဝင်နိုင်တာဟာ အသေးစား ဒဏ်ရာရှိနေလို့ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အနားပေးခဲ့တာလည်း ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဗိုလ်လုပွဲအတွက် အဓိက အရေးကြီးတဲ့ ကျန်းမာရေး ဆေးစစ်မှုဖြစ်တဲ့ ကိုဗစ် စစ်ဆေးချက်မှာတော့ ဖိုဒန် အပါအဝင် အင်္ဂလန် ကစားသမား အားလုံး ရောဂါပိုး ကင်းစင်တယ်လို့ သိထားရပါတယ်။
ဖိုဒန်ကတော့ အုပ်စုပွဲတုန်းက ပါဝင်ခွင့်ရခဲ့ပေမယ့် ရှုံးထွက်အဆင့်တွေဖြစ်တဲ့ ဂျာမနီ၊ယူကရိန်းတို့နဲ့ ပွဲတွေမှာတော့ မပါဝင်နိုင်ခဲ့ပဲ ဒိန်းမတ်နဲ့ ပွဲမှာတော့ နောက်ကျ လူစားလဲ ကစားခွင့်ရခဲ့ပါတယ်။
အင်္ဂလန်အသင်းဟာ ယူရို ဗိုလ်လုပွဲကို ပထမဆုံး အကြိမ် တက်လှမ်းခဲ့တာ ဖြစ်ပြီး ၁၉၆၆ခုနှစ် နောက်ပိုင်း ပထ မဆုံး အကြိမ် အဓိက ဆုဖလား အောင်မြင်မှု ပြန်ရဖို့ အီတလီကို ကျော်ဖြတ်ပြနိုင်ဖို့သာ လိုပါတော့တယ်။