အသက် ၇၀ အရွယ် ဘရန်ဆန်ကတော့ အာကာသနယ်စပ်ခရီးကနေ ပြန်လာခဲ့ပါပြီ

အာကာသခရီးသွားကုမ္ပဏီတွေ ကိုယ်စီပိုင်ဆိုင်ထားတဲ့ အီလွန်မတ်စ်နဲ့ ရစ်ချတ်ဘရန်ဆန်တို့ဟာ ခါးသီးတဲ့ပြိုင်ဘက်တွေလို့ ပြောလို့မရပါဘူး။

SpaceX အာကာသယာဉ်လုပ်ငန်းတည်ထောင်သူ အီလွန်မတ်စ်ဟာ ဗြိတိန်စွန့်ဦးတီထွင်စီးပွားရေးသမား ရစ်ချတ်ဘရန်ဆန်ရဲ့ အာကာသယာဉ်နဲ့ ခရီးသွားဖို့ လက်မှတ်ဝယ်ထားတယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ မတ်စ်ဟာ ဘရန်ဆန်ရဲ့ တနင်္ဂနွေနေ့က လူလိုက်ပါတဲ့ အာကာသခရီးမတိုင်ခင် Virgin Galactic ယာဉ်လက်မှတ်ကို ဝယ်ခဲ့တာ ဖြစ်တယ်လို့လည်း လက်မှတ်ဝယ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ နီးစပ်သူတစ်ဦးက ဆိုပါတယ်။




Photo: clickorlando

အသက် ၇၀ ရှိပြီ ဖြစ်တဲ့ ရစ်ချတ်ဘရန်ဆန်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ‌နေ့ကပဲ သူ့ရဲ့ Virgin Galactic ယာဉ်နဲ့ အာကာသအနားသတ်ဆီ ခရီးထွက်ခဲ့ပါတယ်။ သူနဲ့အတူ ယာဉ်မောင်းနှစ်ဦး ၊ Virgin Galactic ဝန်ထမ်း ၃ ဦး စုစုပေါင်း ၆ ဦး လိုက်ပါခဲ့ပြီး နယူးမက္ကဆီကိုကနေ ထွက်ခွာပျံသန်းခဲ့ပြီး နယူးမက္ကဆီကို ပြေးလမ်းပေါ်မှာ ပြန်ဆင်းသက်ခဲ့ပါတယ်။ Virgin Galactic ရဲ့ အောင်မြင်တဲ့ ပျံသန်းမှုအပြီးမှာ NASA အာဏာပိုင်တွေနဲ့ အာကာသယာဉ်မှူးတွေအပါအဝင် လူပေါင်းများစွာက လူမှုကွန်ရက်တွေပေါ်ကနေ ချီးကျူးဂုဏ်ပြုမှုတွေ ပြုခဲ့ကြပါတယ်။

မတ်စ်ရဲ့ လက်မှတ်က ဘယ်အချိန်မှာ အာကာသထဲ ခရီးသွားနိုင်မယ့် လက်မှတ်လဲ ဆိုတာတော့ မသိရသေးပါဘူး။ အခုလို ရစ်ချတ်ဘရန်ဆန်ပိုင် အာကာသယာဉ်လက်မှတ်ကို ဝယ်တာဟာ သူနဲ့ ဘရန်ဆန်အကြား သိသာတဲ့ ရင်းနှီးမှုအတိုင်းအတာကို ဖော်ပြလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ရစ်ချတ်ဘရန်ဆန်နဲ့ အမေရိကန် စူပါဘီလျံနာကြီးဖြစ်တဲ့ ဂျက်ဖ်ဘီဇော့စ်တို့ဟာ အာကာသခရီးသွားလာရေးဈေးကွက်အတွက် တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဘက်အသွင် မာန်စောင်နေကြတာပါ။

ဂျက်ဖ်ဘီဇော့ရဲ့ Blue Origin အာကာသခရီးသွားလုပ်ငန်းကနေ မကြာသေးခင်ကပဲ New Shepard ဒုံးပျံကို Karman Line လို့ FAI (နိုင်ငံတကာ အာကာသသိပ္ပံဖက်ဒရေးရှင်း) က ခေါ်တဲ့ အာကာသနယ်စပ် မြေပြင်အထက် ၆၂ မိုင်စည်းအထိ လွှင့်တင်ခဲ့ပါတယ်။ Virgin Galactic SpaceShipTwo အာကာသယာဉ်ကလည်း အမေရိကန်အစိုးရက အာကာသနယ်စပ်စည်းလို့ သတ်မတ်ထားတဲ့ မြေပြင်အမြင့် ၅၅ မိုင်ဆီ လွှင့်တင်ပျံသန်းနိုင်ခဲ့ပါတယ်။ မတူတဲ့ အာကာသနယ်စပ်စည်း သတ်မှတ်မှုတွေအရ ကုမ္ပဏီနှစ်ခုစလုံးဟာ အာကာသဆီ ပျံသန်းနိုင်တယ်လို့ သတ်မှတ်ထားတာပါ။

Photo: Abc7news

Virgin ကုမ္ပဏီကလည်း ဘီဇော့စ်ကို သူ့ပိုင်ဒုံးပျံနဲ့ အာကာသထဲမသွားခင် ကုမ္ပဏီတည်ထောင်သူ ဘရန်ဆန်ကို အာကာသထဲ ကိုးရက်ကြိုတင် ပျံသန်းဖို့ ကြိုးစားသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အမြင့်မိုင်ပျံသန်းနှုန်းနဲ့ အာကာသထဲ ရောက်မရောက်ဆိုတဲ့စံအပေါ်လည်း Virgin ကုမ္ပဏီကို Blue Origin ဘက်က ထိုးနှက်ပြောဆိုမှု‌တွေ လုပ်ထားပါတယ်။ ဒီလို Blue Origin နဲ့ Virgin Galactic တို့ အချင်းချင်း ပြိုင်ဆိုင်မှုမြင့်တက်လာချိန်မှာ အီလွန်မတ်စ်ဟာ Virgin Galactic မှာ လက်မှတ်လာဖြတ်တာ ဖြစ်ပါတယ်။

မတ်စ်ကိုယ်တိုင်လည်း လကမ္ဘာခရီးသွားလာရေးလုပ်ငန်းအတွက် SpaceX ကို အာရုံစိုက်ထားပြီး ပုံမှန်အားဖြင့် အာကာသထဲ ကုန်ကျစရိတ်များပြားလှတဲ့ ကုန်တွဲ payloads တွေ သယ်တာမျိုး လုပ်နေပါတယ်။ မတ်စ်ပိုင် SpaceX ဟာ လောလောဆယ် အစိုးရကန်ထရိုက်နဲ့ အာကာသယာဉ်မှူးတွေနဲ့ ကုန်ပစ္စည်းတွေကိုပဲ အာကာသထဲ ပို့နေပေမယ့် စက်တင်ဘာလထဲမှာ ကုမ္ပဏီရဲ့ ပထမဆုံး ပုဂ္ဂလိကအာကာသယာဉ်မှူးမစ်ရှင်တစ်ခု လုပ်ဖို့ လျာထားပါတယ်။


Photo: Engadget

မတ်စ်ရဲ့ Space X အာကာသယာဉ်လုပ်ငန်းဟာ Virgin Galactic နဲ့ Blue Origin တို့လို ကမ္ဘာ့လေထုအနားသတ်အလွန်မှာ မိနစ်ပိုင်းလောက် ခရီးဆန့်ရုံတင်မဟုတ်ဘဲ ကမ္ဘာပတ်လမ်းထဲကိုအထိ ခပ်ကြာကြာ ခရီးသွားလာနိုင်အောင် ရည်မှန်းထားပါတယ်။ ကုန်ကျစရိတ်အနေနဲ့ ပိုပြီး မြင့်မားဖို့ ရှိပါတယ်။ Virgin Galactic ရဲ့ SpaceShipTwo မှာ ခရီးသည်ထိုင်ခုံ ၆ ခု ပါပြီး လက်မှတ်တစ်စောင် အကြမ်းဖျဉ်း ဒေါ်လာ ၂ သိန်းခွဲနဲ့ ရောင်းချထားတာပါ။

လောလောဆယ် Virgin ရဲ့ အာကာသခရီးစဉ်မှာ နာမည်ကျော်ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ဂျက်စတင်ဘီဘာ နဲ့ လီယိုနာဒို ဒီကာပရီယိုတို့လို ဆယ်လီတွေ အပါအဝင် ခရီးသည်ပေါင်း ၆၀၀ ကျော် လိုက်ပါဖို့ စာရင်းသွင်းထားတယ်လို့လည်း သိရပါတယ်။

Share

Loading Next Article...
က္က