ပရီမီယံ Features တွေ ပါတဲ့ Google ရဲ့ တစ်ကိုယ်ရည်သုံး Workspace Individual ဝန်ဆောင်မှုကို နိုင်ငံ ၅ နိုင်ငံမှာ အသုံးပြုနိုင်ပြီလို့ ဆိုပါတယ်။
Google Workspace Individual ဟာ လုပ်ငန်းငယ်လေးတွေနဲ့ ပရောဂျက်အသေးလေးတွေ ကိုင်နေသူတွေအတွက် ရည်ရွယ်ပြီး ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Business Account မဟုတ်ဘဲ ရိုးရိုး @gmail.com အကောင့်နဲ့ စီးပွားရေးလုပ်ငန်းတွေ လည်ပတ်နေတဲ့ one-person ကုမ္ပဏီတွေအတွက် ထုတ်လုပ်လိုက်တာပါ။ Google Workspace Individual ကို ပြီးခဲ့တဲ့ ဇွန်လထဲမှာ ကုမ္ပဏီက စတင်ကြေညာခဲ့တာပါ။
Photo: 9to5google
ကုမ္ပဏီရဲ့ကြေညာချက်ထဲမှာ "Workspace Individual ဟာ တစ်ကိုယ်ရည်စီးပွားရေးလုပ်ငန်းရှင်တွေကို အလုပ်ပို ပြီးမြောက်ဖို့ ၊ ပရော်ဖက်ရှင်နယ်ကျကျ ပိုလုပ်ပြနိုင်ဖို့ နဲ့ သူတို့ရဲ့ ဖောက်သည်တွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်တယ်" လို့ ပြောထားပါတယ်။ Workspace Individual မှာ အရေးပါတဲ့ features တွေ ပါလာပါတယ်။ ဒီထဲမှာ Google Meet နဲ့ မိနစ် ၆၀ ကျော်ကြာအောင် (၂၄ နာရီအထိ) အဖွဲ့လိုက် အစည်းအဝေးထိုင်နိုင်မယ့် လုပ်ဆောင်ချက် ၊ Meet Calls ခေါ်ဆိုမှုတွေကို Record ဖမ်းနိုင်တဲ့စနစ်နဲ့ ဆူညံသံတွေ စစ်ထုတ်နိုင်စွမ်းလည်း ထည့်ထားပါတယ်။
Workspace Individual မှာ Google Forms လိုမျိုး ပြန်မျှဝေလို့ရတဲ့ sharable booking pages တွေပါတာကြောင့် ကိုယ့်Google Calendar မှာ တခြားသူတွေ Scheduled ပေးထားတဲ့ အချိန်ဇယားလည်း အလွယ်တကူ တင်နိုင်မှာပါ။ Gmail မှာ ပါတဲ့ ပရော်ဖက်ရှင်နယ် နဲ့ Customizable လုပ်နိုင်မယ့် email layouts ဒီဇိုင်းတွေလည်း မကြာခင် ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။
Photo: Support Google
Storage ကတော့ ပုံမှန်အတိုင်း အကောင့်တစ်ခုကို 15GB ပေးထားပြီး Google One ကနေ ထပ်တိုးနိုင်မှာ ဖြစ်ပါတယ်။ Workspace Individual ကို အမေရိကန် ၊ ကနေဒါ ၊ မက္ကဆီကို ၊ ဘရာဇီးနဲ့ ဂျပန်တို့မှာ လောလောဆယ် ဖြန့်ချိထားပါတယ်။ Free အနေနဲ့ ၁၄ ရက် အစမ်းသုံးနိုင်မှာပါ။ လစဉ်ကြေးအနေနဲ့ Google Workspace Individual Plan ဟာ တစ်လ ၉.၉၉ ဒေါ်လာ ကျသင့်မှာပါ။
၂၀၂၂ ဇန်နဝါရီအတွင်း ဝယ်မယ့်သူတွေအတွက် ၂ ဒေါ်လာ လျှော့ဈေးပေးထားပါတယ်။ Google Workspace ရဲ့လုပ်ငန်းသုံး နဲ့ ပညာရေးသုံး ဝန်ဆောင်မှုကို နိုင်ငံအများစုမှာ ဖြန့်ချိထားပေမယ့် နိုင်ငံရေးမတည်ငြိမ်တဲ့ ခရိုင်းမီးယား ၊ ကျူးဘား ၊ အီရန် ၊ မြန်မာ ၊ မြောက်ကိုရီးယား နဲ့ ဆီရီးယား ၆ နိုင်ငံမှာတော့ သုံးခွင့် ကန့်သတ်ထားပါတယ်။