လူမျိုးရေး ခွဲခြားသူတွေကို ရာသက်ပန် ဘောလုံးပွဲကြည့်ခွင့် ပိတ်မယ်လို့ သိရပါတယ်။

အီတလီနဲ့ ဗိုလ်လုပွဲမှာ ပင်နယ်တီ မဝင်ခဲ့တဲ့ အင်္ဂလန်ကစားသမား ၃ဦးစလုံးဟာ လူမဲ ကစားသမားတွေ ဖြစ်နေခဲ့ တာပါ။

ယူရိုမှာ အင်္ဂလန်အသင်း အောင်မြင်မှု မရတဲ့အပေါ် ဗီလိန်ဖြစ်ခဲ့ရတဲ့ အင်္ဂလန် ကစားသမား ၃ဦးဟာ စိတ်ဆိုး ဒေါသ ထွက်နေကြတဲ့ ပရိသတ်အချို့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။



အီတလီအသင်းနဲ့ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဟာ ရက်ရှ်ဖို့ဒ်၊ဆန်ချိုနဲ့ ဆာကာတို့ရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့အတူ ၁၉၆၆ခုနှစ်နောက်ပိုင်း ပထမဆုံး အဓိကဆုဖလား ဆွတ်ခူးနိုင်မယ့်အရေးနဲ့ ကပ်လွဲချော်ခဲ့ရတာပါ။

ဒီအပေါ်မှာ ကြိတ်မနိုင်ခဲမရဖြစ်နေတဲ့ အင်္ဂလန်ပရိသတ်တွေဟာ ပင်နယ်တီ မဝင်ခဲ့တဲ့ ကစားသမားတွေကို ပစ်မှတ်ထားပြီး လူမျိုးရေး ခွဲခြားတဲ့ အရေးအသားတွေနဲ့ တိုက်ခိုက်နေခဲ့တာပါ။

ဒီလို လူမျိုးရေး ခွဲခြား တိုက်ခိုက်နေတဲ့အပေါ်မှာတော့ အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဆောက်ဂိတ်၊ဝန်ကြီးချုပ် ဂျွန်ဆင်တို့ကတော့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ရှုတ်ချထားပါတယ်။

အလားတူပဲ ကိုယ်တိုင် တိုက်ခိုက်ခြင်း ခံနေရတဲ့ ဆန်ချိုကလည်း - “လူအဖွဲ့အစည်းမှာဆိုရင် ကျွန်တော်တို့ ပိုလို့ တောင် ကောင်းမွန်ဖို့ လိုပါတယ်။ အခုလို အမုန်းတရားတွေနဲ့ အချင်းချင်း တိုက်ခိုက်နေလို့ကတော့ အောင်မြင်မှုနဲ့ ဝေးကွာနေအုံးမှာပါ။”လို့ ပြန်လည် တုံ့ပြန်ပြောဆိုလာပါတယ်။

လူမှုကွန်ရက်ကတဆင့် ပင်နယ်တီ မဝင်ခဲ့တဲ့ လူမဲ ကစားသမား ၃ဦးကို လူမျိုးရေး ခွဲခြား တိုက်ခိုက်ခဲ့တဲ့ လူတွေ ထဲက ၄ယောက်လောက်ကိုတော့ ယူကေ ရဲက ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီလို့ သိရပါသေးတယ်။

ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ လူမျိုးရေး ခွဲခြားသူတွေကို ရာသက်ပန် ဘောလုံးပွဲကြည့်ရှုခွင့် ပိတ်ပင်ဖို့အထိ စည်းကမ်းတင်းကြပ်ထားလို့ ဖမ်းဆီးခံထားရတဲ့သူတွေဟာ အင်္ဂလန်အသင်းရဲ့ ဘောလုံးပွဲတွေကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် ဒီတစ်သက် ရနိုင်တော့မှာ မဟုတ်ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က