သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ် တစ်နှစ်သက်တမ်းတိုးဖို့အတွက် ဖိအားပေးနေစဉ်မှာပဲ ရော်နယ်ဒိုက သူ့ရဲ့အနာဂတ်ကို အတည်ပြုသွားခဲ့တာလည်းဖြစ်ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ အသင်းမှာဆက်လက်ရှိနေမယ်လို့ ဂျူဗင်တပ်စ်အသင်းကို အတည်ပြုပြောဆိုခဲ့ကြောင်း အီတလီသတင်းဌာန La Gazzetta dello Sport က ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ် တစ်နှစ်သက်တမ်းတိုးဖို့အတွက် ဖိအားပေးနေစဉ်မှာပဲ ရော်နယ်ဒိုက သူ့ရဲ့အနာဂတ်ကို အတည်ပြုသွားခဲ့တာလည်းဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ဂျူဗီတို့ဟာ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်းမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာလည်းဖြစ်ပါတယ်။ ဒီအတွက်ကြောင့် လက်ရှိမှာ စာချုပ်သစ်မချုပ်ဆိုထားပါက ပြန်လည်စတင်မယ့်ဘောလုံးရာသီအကုန်မှာ ရော်နယ်ဒိုက အလွတ်ထွက်ခွာနိုင်မှာဖြစ်ပြီး အဆိုပါအချိန်မှာတော့ သူ့ရဲ့အသက်ဟာ ၃၇ နှစ်အရွယ်ရှိနေတော့မှာလည်း ဖြစ်ပါတယ်။
ပီအက်စ်ဂျီနဲ့ အသင်းဟောင်းမန်ချက်စတာယူနိုက်တက်အသင်းတို့က ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း တစ်နှစ်လုပ်ခယူရို ၃၁သန်းအထိ ပေးချေရမယ့်အပေါ်မှာတော့ အဆင်မပြေဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ရော်နယ်ဒိုနဲ့ ဂျူဗီတို့ကလည်း စာချုပ်သစ်အတွက် ကိုယ်စီကမ်းလှမ်းမှုတွေမရှိခဲ့ဘူးလို့ သိရပြီး အနည်းဆုံးတော့ ရာသီကုန်ထိ အသင်းမှာ ဆက်ရှိနေမှာတော့ဖြစ်ပါတယ်။
လက်ရှိမှာ အနားယူအပန်းဖြေနေတဲ့ ရော်နယ်ဒိုက ဇူလိုင် ၂၅ ရက်နေ့မှာ အသင်းနဲ့ပြန်လည်ပူးပေါင်းဖို့ အကြောင်းကြားထားကြောင်း သိရပါတယ်။ ယူရို ၂၀၂၀ ပြိုင်ပွဲအပြီးမှာ အနားယူနေတာဖြစ်ပြီး နည်းပြအယ်လီဂရီကတော့ သူ့ရဲ့ရာသီကြိုပြင်ဆင်မှုကို ပြီးခဲ့့တဲ့နှစ်ရက်ကပဲ စတင်နေပြီဖြစ်ကာ ဂျော့မန်ဒက်စ်ကတော့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ညှိနှိုင်းပေးနေတယ်လို့ သိရပါတယ်။