နေ့တိုင်း ကျွန်တော်တို့ဟာ ဖုန်းကိုင်ပြီး ဆိုရှယ်မီဒီယာပေါ်က ရုပ်သံတွေ ၊ ပို့စ်နဲ့ သတင်းတွေ စားသုံးနေကြတာပါ။ ကြာလာတာနဲ့အမျှ နည်းပညာပစ္စည်းတွေနဲ့ ကင်းပြီး မနေနိုင်အောင် စွဲလမ်းလာကြပါတယ်။ စမတ်ဖုန်းစွဲလမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုတစ်ခုလို့တောင် ပြောရမယ့်အခြေအနေကို ရောက်နေပါပြီ။
ဒါကြောင့် စမတ်ဖုန်း ၊ တီဗွီ ၊ ကွန်ပျူတာ ၊ ဆိုရှယ်မီဒီယာ စတဲ့နည်းပညာပစ္စည်းတွေကို အချိန်နဲ့အခါနဲ့ သုံးဖို့ ၊ ဥပုသ်စောင့်သလို မသုံးဘဲ ရှောင်ရမယ့်နေ့တွေ ထားဖို့ အကြံပေးချက်တွေ ထွက်လာနေတာပါ။ ဒါကိုပဲ Digital Detoxing လုပ်တယ်လို့ ခေါ်တာ ဖြစ်ပါတယ်။ ဘာကြောင့် Digital Detox လုပ်ပေးသင့်သလဲလို့ မေးရင် ဖြေစရာအကြောင်းတွေကလည်း အများသား။
(၁) အကျိုးမရှိတာတွေနဲ့ အချိန်မကုန်တော့ဘူး
Photo: Unsplash
တစ်နေ့တစ်နေ့ စမတ်ဖုန်းတစ်လုံးကြောင့် ကုန်ဆုံးသွားတဲ့ နာရီတွေထဲမှာ ကိုယ့်အတွက် တကယ်အကျိုးများတာတွေ ဘာများလုပ်မိခဲ့သလဲလို့ ကိုယ့်ဘာသာ ပြန်မေးကြည့်စေချင်ပါတယ်။ တစ်နေ့တာရဲ့ သုံးပုံတစ်ပုံလောက်ဟာ Screen တွေပေါ်မှာ အချိန်ကုန်သွားတာပါ။ ကွန်ပျူတာနဲ့ အလုပ်လုပ်ရတဲ့သူတွေဆို ပိုလို့တောင် Screen Time များပါတယ်။ Digital Detox လုပ်တာဟာ ပြင်ပလောကကြီးနဲ့ တရင်းတနှီးနေဖို့ အချိန်ပေးလိုက်တာပါပဲ။
အရေးပါတဲ့ ၂၄ နာရီမှာ တကယ်တမ်း စမတ်ဖုန်းတွေ ၊ နည်းပညာပစ္စည်းတွေ မပါဘဲ သဘာဝလောကကြီးနဲ့ ကျွန်တော်တို့ တွေ့ဖို့ ကိုယ့်ကိုယ်ကိုယ် အချိန်ယူလိုက်တာပဲ ဖြစ်ပါတယ်။ Digital Detox လုပ်တော့ ကိုယ်လက်ကျန်းမာရေးအတွက် ဖြစ်ဖြစ် ၊ စိတ်ပြေလက်ပျောက် လမ်းလျှောက်ဖို့ဖြစ်ဖြစ် ၊ သုတ/ရသပေးမယ့် စာအုပ်ကောင်းတစ်အုပ်ကို ဖတ်ဖို့ဖြစ်ဖြစ် ၊ ကိုယ့်မိသားစုနဲ့အတူ ကြည်ကြည်နူးနူး အချိန်ဖြုန်းဖို့ဖြစ်ဖြစ် အချိန်ပိုပေးနိုင်ပါတယ်။
(၂) အာရုံစူးစိုက်နိုင်စွမ်း ပိုတက်လာမယ်
Photo: Unsplash
စမတ်ဖုန်းတွေ ပေါ်ပေါက်လာပြီးတဲ့ နောက်ပိုင်းကစလို့ လူတွေရဲ့ ပျမ်းမျှ အာရုံစိုက်နိုင်တဲ့ ကြာချိန်ဟာ သိသိသာသာ ကျဆင်းသွားတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ Facebook မှာ သတင်းသစ်တွေ Scroll ဆွဲရင်း ၊ အင်တာနက်ပေါ်က ရုပ်သံဖျော်ဖြေမှုတွေ ၊ မကုန်ဆုံးနိုင်တဲ့ သတင်းအချက်အလက်သစ်တွေကို ရယူရင်းနဲ့ လူတွေရဲ့ အာရုံစူးစိုက်မှုဟာ ပြား သွားတယ်လို့ ပြောရမှာပါ။
တစ်ပတ်မှာ ၂ ရက်လောက် စမတ်ဖုန်း လုံးလုံး မသုံးဘဲနေရင်တောင် စိတ်စုစည်းမှုကို နှောင့်ယှက်နေတဲ့ အာရုံတွေရဲ့ ရိုက်ခတ်မှုကနေ သက်သာရာရနိုင်ပါတယ်။ အာရုံပိုစိုက်နိုင်တာကြောင့် အလုပ်လုပ်ရာမှာလည်း ပိုပြီး ထိထိရောက်ရောက် လုပ်အားထည့်လုပ်နိုင်ပါလိမ့်မယ်။ ဒီတော့ စိတ်ရှုပ်တာ သက်သာချင်ရင် Digital Detox လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။
(၃) ပိုပြီး ပျော်ရွှင်လာမယ်
Photo: Unsplash
အင်တာနက်အလွန်အမင်း သုံးစွဲခြင်းနဲ့ စိတ်ဓါတ်ကျခြင်းအကြားမှာ အားကောင်းတဲ့ဆက်သွယ်ချက်တစ်ခု ရှိပါတယ်။ အွန်လိုင်းပေါ်မှာပဲ အနေများတဲ့သူတွေမှာ အင်တာနက် မသုံးဖြစ်သူတွေထက် Depression ဝင်ဖို့ အလားအလာ ၅ ဆ ပိုများတယ်လို့ ဆိုပါတယ်။ လေ့လာချက်တွေအရ Social Media ဟာ Depression ဖြစ်စေနိုင်တယ်လို့ပါ ပြောထားပါတယ်။
Social Media ဟာ တခြားသူတွေရဲ့ ပြီးပြည့်စုံတဲ့ဘဝကို အွန်လိုင်းပေါ် တင်ပေးပြီး လူတိုင်းကြည့်အောင် လုပ်ထားတဲ့ ပလက်ဖောင်းဖြစ်ပါတယ်။ ဒီလို Perfect Lives တွေကို ကြည့်ရင်း ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ချို့ယွင်းချက်ရှိတဲ့သူလို့ ထင်လာစေနိုင်ပါတယ်။
Digital Detox ကတော့ Social Media ကြောင့် စိတ်ဖိစီးခြင်း ၊ စိတ်ဓါတ်ကျခြင်းတို့ရဲ့ အဖြေဖြစ်နိုင်ပါတယ်။ တစ်ပတ်လောက် နည်းပညာပစ္စည်းတွေ မရှိဘဲ နေရုံနဲ့တင် ပျော်ရွှင်မှု Level ဟာ ၃ ဆကျော် မြင့်တက်လာနိုင်လို့ပါ။
(၄) ညဘက် ပိုလို့အိပ်ကောင်းမယ်
Photo: Unsplash
Digital Screen က ထွက်လာတဲ့ Blue Light ဟာ အိပ်စက်မှုပုံစံကို နှောင့်ယှက်တာကြောင့် ညဘက်အိပ်မပျော်ဘဲ မျက်စိကြောင်စေနိုင်ပါတယ်။ Blue Light ဆိုတာ နေ့ဘက် နေရောင်လိုပဲ လူကို နိုးကြားစေတဲ့ အားကောင်းတဲ့အလင်းတစ်မျိုး ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဖုန်းကို အိပ်ရာထဲအထိ ယူသုံးတဲ့သူတွေဟာ အိပ်စက်မှုပြဿနာရှိနေကြတာ ဖြစ်ပါတယ်။ ဖုန်းမသုံးဘဲ Digital Detox လုပ်ထားတဲ့ နေ့တွေမှာတော့ အိပ်စက်မှု အရည်အတွေးဟာ ပိုပြီး မြင့်တက်လာမှာပါ။
(၅) လူမှုဆက်ဆံရေး ပိုတိုးတက်လာမယ်
Photo: Unsplash
Digital Detox လုပ်တာဟာ Virtual World ထဲကနေ ခွာပြီး တကယ့်လောကထဲ တိုးဝင်ကြည့်တာ ဖြစ်ပါတယ်။ တကယ့်လောကထဲက လူတွေနဲ့ တွေ့ ၊ အပြင်မှာ တကယ်ထိတွေ့ဆက်ဆံတာ ဖြစ်ပါတယ်။ စမတ်ဖုန်းတွေ ၊ Social Media တွေကနေ ဆက်သွယ်တာထက် အပြင်မှာ လူကိုယ်တိုင်တွေ့ဆုံစကားပြောတာဟာ အချင်းချင်း အစစ်အမှန်အလေးထားမှုကို ပြတာ ဖြစ်ပါတယ်။
ဒီနေ့ခေတ်လို စမတ်ဖုန်းစိတ်ဖိစီးမှုတွေ မြင့်တက်လာတဲ့ခေတ်မှာ Digital Detox ဟာ မဖြစ်မနေ လုပ်ပေးသင့်တဲ့ အလေ့အထကောင်းတစ်ခုဖြစ်ပါတယ်။ Digital Detox လုပ်တာဟာ ကိုယ့်ရဲ့ စိတ်ပိုင်း ရုပ်ပိုင်းနဲ့ လူမှုဆက်ဆံရေးပိုင်း တိုးတက်အောင် မြှင့်တင်နည်းတစ်ခုလည်း ဖြစ်ပါတယ်။
Share