ဗာရာနီကလည်း ကလပ်အသင်းနှစ်သင်းသဘောတူညီမှုရရှိဖို့ကို စောင့်ဆိုင်းနေတယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပြိး ၅ နှစ်စာချုပ်ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရာနီကို ခေါ်ယူနိုင်ခဲ့ပြီလို့ အင်္ဂလန်မီဒီယာတချို့နဲ့ မက်ဒရစ်အခြေစိုက်သတင်းဌာနတွေက ဖော်ပြနေကြပါတယ်။ ယူနိုက်တက်က ကမ်းလှမ်းဖို့ ပြင်ဆင်နေဆဲဖြစ်ပြီး ရီးရဲလ်ဘက်က လက်ခံဖို့ အသင့်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်မှာ သဘောတူညီမှုရရှိတဲ့သတင်းက ဆက်တိုက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ရီးရဲလ်နဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားပြီး အတွေ့အကြုံတွေရယူချင်နေတဲ့ ဗာရာနီကလည်း ကလပ်အသင်းနှစ်သင်းသဘောတူညီမှုရရှိဖို့ကို စောင့်ဆိုင်းနေတယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပြိး ၅ နှစ်စာချုပ်ဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ယူရို ၅၈ သန်းနဲ့ ယူနိုက်တက်က သဘောတူညီမှုရယူနိုင်ခဲ့လို့ အခုချိန်မှာ သတင်းထွက်လာတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်း ယူနိုက်တက်က ဆန်ချိုကို ခေါ်ယူနိုင်အပြီး ဒုတိယမြောက်ခေါ်ယူနိုင်မယ့်သူက ဗာရာနီလို့ ဖော်ပြမှုတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်တွေအရတော့ ယူနိုက်တက်ဘက်က တရားဝင်ကမ်းလှမ်းမှုပြုလုပ်ဖို့ကို စီစဉ်နေဆဲဖြစ်တယ်လို့သာ ဖော်ပြခဲ့ကြပါတယ်။
အခုထွက်ပေါ်လာတဲ့ သတင်းတွေသာ မှန်ကန်မယ်ဆိုရင်တော့ ယူနိုက်တက်ဟာ ရာသီသစ်အတွက် နည်းပြဆိုးလ်ရှားအလိုချင်ဆုံးနေရာနှစ်ခုကို အင်အားဖြည့်တင်းပေးနိုင်တော့မှာလည်းဖြစ်ပါတယ်။ မက်ဂွိုင်းယားနဲ့တွဲဖက်ပေးဖို့ ဗဟိုခံစစ်မှူးတစ်ဦးနဲ့ ညာတောင်ပံတိုက်စစ်နေရာအတွက် တစ်ဦးကို ဆိုးလ်ရှားက အလိုရှိခဲ့ပြီး ဆန်ချိုနဲ့ ဗာရာနီတို့က သူ့ရဲဲ့စိတ်ကြိုက်ကစားသမားတွေဖြစ်နေခဲ့တာ ဖြစ်ပါတယ်။