ဥရုဂွေးတိုက်စစ်မှူးကာဗာနီက ယူနိုက်တက်ကိုရောက်လာချိန်မှာ အသက် ၃၄ နှစ်အရွယ်ရှိနေပါပြီ။ ပရီးမီးယားလိဂ်လို ကိုယ်စွမ်းဉာဏ်စွမ်းအကုန်အသုံးချပြီး ကစားရမယ့် ပြိုင်ပွဲမှာ သူ့အသက်အရွယ်နဲ့ အံဝင်ပါ့မလားဆိုတာက စောင့်ကြည့်ခံခဲ့ရပါတယ်။ အထူးသဖြင့် တိုက်စစ်မှူးတစ်ဦးဖြစ်လို့လည်း ပိုပြီးတော့စောင့်ကြည့်ခံခဲ့ရသလို သူ့ရဲ့ အရင်ကလပ်မှတ်တမ်းကောင်းတွေကလည်း ယူနိုက်တက်ပရိသတ်တွေအတွက် မျှော်လင့်ချက်လိုဖြစ်နေခဲ့လို့ ပိုပြီးဝန်ပိခဲ့ပြန်ပါတယ်။
ပိုဆိုးတာကတော့ သူက ယူနိုက်တက်မှာ ကျောနံပါတ် ၇ ဝတ်ဆင်ကစားရတာပါ။ ယူနိုက်တက်ရဲ့ ဂန္ထဝင်ကျောနံပါတ်ဖြစ်ပြီး ရော်နယ်ဒိုနောက်ပို်င်း ဝတ်ဆင်ခဲ့သူတွေအကုန်လုံး ကျရှုံးခဲ့ကြပြီး ခြေစွမ်းမပြနိုင်၊ အသင်းကပါထွက်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ကျိန်စာဆိုးကလည်း ဥရုဂွေးသားကြီးကို စောင့်ကြိုနေပြန်ပါတယ်။ ဆိုရရင်တော့ တောင်အမေရိကသားကြီးအတွက် နယ်သစ်မြေသစ်မှာ စိန်ခေါ်မှုအသစ်တွေက ပြည့်နှက်နေခဲ့ပြီး စောင့်ကြည့်နေတဲ့ မျက်လုံးတွေအများကြီးရှိနေခဲ့တယ်ဆိုတာပါပဲ။
တကယ်ကစားခဲ့ချိန်မှာတော့ ကာဗာနီက အသက်အရွယ်နဲ့မလိုက်ဖက်အောင်ကိုခြေစွမ်းပြခဲ့ပါတယ်။ ယူနိုက်တက်အတွက် လူငယ်လေးတစ်ဦးလို ကစားပေးခဲ့ပြီး ခံစစ်ဇုန်အတွင်းထဲထိမှာ လိုက်လံဖျက်ထုတ်ကစားနေခဲ့မှုတွေက မာရှယ်၊ ရက်ရှ်ဖို့ဒ် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်နဲ့ပါ
နှိုင်းယှဉ်ခံရပြီး ကာဗာနီဆီကနေ အတုယူဖို့အတွက်တောင် ပရိသတ်တွေဝိုင်းပြောခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုး ကာဗာနီခြေစွမ်းပြနိုင်ခဲ့တဲ့ နောက်ကွယ်ကလျှို့ဝှက်ချက်ကတော့ ဘဲလေးအကကြောင့်ဆိုတာတော့ လူသိနည်းပါတယ်။
ငါးမျှား၊အမဲလိုက်ပြီး တောင်ယာအလုပ်တွေကိုဝါသနာထုံတဲ့ ကာဗာနီဟာ ဥရုဂွေးက Ballet Nacional de Sodre သင်တန်းကျောင်းကို ပီအက်စ်ဂျီနဲ့စာချုပ်ဖျက်သိမ်းပြီးနောက်မှာ တက်ရောက်ခဲ့တာပါ။ လိုအပ်နေတဲ့ ခွန်အားနဲ့ ကြံ့ခိုင်မှုတွေရရှိဖို့အတွက် အထောက်အကူပြုနိုင်ခဲ့ပြီး ကာဗာနီရဲ့ ဘောလုံးကွင်းအတွင်းကစားမှုကို အကြီးအကျယ်အထောက်အကူပြုနိုင်ခဲ့ပါတော့တယ်။ ယူနိုက်တက်အတွက် အဆုံးအဖြတ်သွင်းဂိုးတွေ၊ အံ့အားသင့်စရာကန်သွင်းချက်တွေကို ကာဗာနီ ပြုလုပ်နိုင်ခဲ့မှုဟာ ဘဲလေးအကလေ့ကျင့်မှုကနေ ရရှိခဲ့တဲ့ စိတ်တည်ငြိမ်မှု၊ ဟန်ချက်ညီမှုတွေကြောင့် ဖြစ်တယ်ဆိုတဲ့အချက်ကလည်း ပိုပြီးခိုင်မာခဲ့ပါတယ်။
ဘဲလေးစိတ်ပိုင်းဆိုင်ရာကုထုံးပညာရှင် လုခ်အက်ဘ်နက်က ကာဗာနီရဲ့အောင်မြင်မှုဟာ စိတ်ပိုင်းဆိုင်ရာအသစ်ပြောင်းလဲမှုတွေကြောင့်လို့ ယုံကြည်နေပါတယ်။ "ဘဲလေးအကသမားတွေက အားကစားတွေထက်ပိုပြီး သန်မာကြံ့ခိုင်တယ်ဆိုတာကို ခင်ဗျားလိုက်ရှာကြည့်ပါ၊ ဘဲလေးမှာ လှုပ်ရှားမှုခွန်အားတင်မဟုတ်ဘဲ ရွေ့လျားပုံတိကျမှုလည်း ပါဝင်လိုအပ်တာပါ၊ အားကောင်းတဲ့ ကြွက်သားလှုပ်ရှားမှုတွေကို တည်ငြိမ်တဲ့ကြွက်သားတွေနဲ့ ပေါင်းစပ်ထားတာပါ၊ ပိုမိုကျွမ်းကျင်တဲ့ ဘဲလေးအကအဆင့်ကိုရောက်ပြီဆိုရင် ခုန်၊လှည့်၊ ခြေဖျားထောက်ပြီး ပတ်ချာလည်လှည့်တာ၊ ထိန်းချုပ်တာတွေကို လုပ်ဆောင်ရပါတယ်" လို့ Irish Times နဲ့ အင်တာဗျူးမှာ ဆိုပါတယ်။
"ခင်ဗျားရဲ့ ကိုယ်အလေးချိန်ကိုလွှဲပြောင်းတာ၊ စိတ်ဝင်စားဖို့ကောင်းတဲ့နေရာယူပုံတွေက နောက်ထပ်အဆင့်တစ်ခုကို ရောက်သွားတာပါ၊ ဒါတွေအားလုံးက ဒီအခြေအနေတွေနဲ့ သက်ဆိုင်နေတာပါပဲ" လို့ သူက ဆက်ပြောခဲ့ပါတယ်။ ဒီသင်ခန်းစာတွေကနေ သင်ယူတတ်မြောက်ခဲ့မှုတွေကို ကာဗာနီဟာ ဘောလုံးကစားရာမှာ အသုံးချနိုင်ခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းတည်ငြိမ်မှု၊ ချိန်သားကိုက်နေရာပြေးဝင်ယူမှုနဲ့ အဆုံးသတ်ပိုင်းသေချာမှုတွေက ပိုပြီးတော့ကောင်းမွန်လာတယ်လို့ ယူနိုက်တက်ပရိသတ်တစ်ဦးကလည်း ဆိုပါတယ်။
ဒါတွေအားလုံးကို သူ့ရဲ့အတွေ့အကြုံနဲ့ ပေါင်းစပ်ချိန်မှာတော့ ကာဗာနီဟာ အသက် ၃၄နှစ်အရွယ်ရှိနေပြိဖြစ်ပေမယ့် ထိပ်တန်းအဆင့်မှာ ကစားနေနိုင်ဆဲ ကစးသမားတစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ ဒီအကျိုးဆက်တွေကြောင့်ပဲ သူက ယူနိုက်တက်နဲ့ နောက်ထပ်တစ်နှစ်စာချုပ်ချုပ်ဆိုနိုင်ခဲ့ပြီး ဆိုးလ်ရှားရဲ့ ဦးစားပေးတိုက်စစ်မှူးအဖြစ်ရှိနေဦးမှာပါ။
ဖေဖော်ဝါရီလအတွင်းက ယူနိုက်တက်တိုက်စစ်မှူးဟောင်း တက်ဒီရှရင်ဂမ်ဆီကနေ အများကြီးသင်ယူနိုင်ခဲ့တယ်လို့ ယူနိုက်တက်နည်းပြဆိုးလ်ရှားက ပြောဆိုခဲ့ဖူးပါတယ်။ ယူနိုက်တက်ကို ရှရင်ဂမ်ပြောင်းရွှေ့လာတုန်းကလိုပုံစံနဲ့ ကာဗာနီလည်း ရောက်လာတယ်လို့ ဆိုးလ်ရှားက သုံးသပ်ပြီး လူငယ်ကစားသမားတွေဟာ ကာဗာနီဆီကနေ အများကြီးသင်ယူနိုင်လိမ့်မယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။