ခန္ဒာကိုယ်ကျန်းမာနေဖို့ လုံလောက်တဲ့ လှုပ်ရှားမှုရှိနေဖို့ လိုပါတယ်။

ကိုယ်လက်လှုပ်ရှားတယ်ဆိုတာသွက်လက်ပြီး လှုပ်ရှားနေတဲ့ လူနေမှုဘဝပုံစံနဲ့ နေထိုင်ဖို့ဖြစ်ပါတယ်။ အားကစားနဲ့ မတူပါဘူး။ ခန္ဒာကိုယ်ကျန်းမာနေဖို့ လုံလောက်တဲ့ လှုပ်ရှားမှုရှိနေဖို့ပဲ ဖြစ်ပါတယ်။ အသက်အရွယ်ကြီးလာလေလေ ကိုယ်လက်လှုပ်ရှားမှုနည်းလာလေဖြစ်တဲ့အပြင် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုယ်လက်လှုပ်ရှားမှုနည်းတယ်လို့ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရင်ရင်ထွန်းက Duwun ကို ပြောပါတယ်။



ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် နေ့စဥ်နေထိုင်မှုမှာ ထိခိုက်နိုင်တဲ့အပြင် အောက်ပါ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ 

၁။ နှလုံးရောဂါ

Photo - Freepik

ကိုယ်လက်လှုပ်ရှားမှုမရှိတဲ့အခါ အဖြစ်အများဆုံးနဲ့ သေပျောက်မှုအများဆုံးရောဂါက နှလုံးရောဂါဖြစ်ပါတယ်။ နှစ်စဉ် လူသေဆုံးမှုစာရင်းတွေအရ နှလုံးသွေးကြောဆိုင်ရာရောဂါတွေကြောင့် သေဆုံးမှုဟာ ကမ္ဘာ့နံပါတ်တစ် အကြောင်းရင်းဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ဆိုပါတယ်။နှလုံးရောဂါဖြစ်ပေါ်စေတဲ့ အကြောင်း တွေထဲမှာမှ ကျန်းမာရေးနဲ့မညီညွတ်တဲ့ လူနေမှုဘဝပုံစံဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့် သွေးကြောထဲ အဆီတွေပိတ်တာ ၊ အဝလွန်ရာကနေတစ်ဆင့် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)က ဆိုပါတယ်။

၂။ သွေးတိုး

Photo - Freepik

ကိုယ်လက်လှုပ်ရှားမှုမရှိရင် ဖြစ်ပွားနိုင်တဲ့ရောဂါတွေထဲမှာ သွေးတိုးရောဂါလည်း အဓိကပါဝင်ပါတယ်။

သွေးတိုးရောဂါ သို့မဟုတ်  သွေးပေါင်ချိန်မြင့်ခြင်းက နှလုံးရောဂါ၊ ဦး နှောက်၊ ကျောက်ကပ်နဲ့ အခြားရောဂါများဖြစ်လာနိုင်ချေကို သိသာစွာမြင့်မားစေပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့( WHO) ရဲ့ အဆိုအရ ကမ္ဘာတစ်ဝန်းမှာ ခန့်မှန်းခြေအားဖြင့်လူ ဦး ရေ ၁.၁၃ ဘီလီယံမှာ သွေးတိုးရောဂါရှိတယ်လို့ ဆိုပါတယ်။ဒါ့အပြင် သူတို့ရဲ့ လေ့လာတွေ့ရှိချက်အရ အမျိုးသား ၄ ယောက်မှာ ၁ ယောက် ၊ အမျိုးသမီး ၅ယောက်မှာ ၁ယောက် သွေးတိုးရောဂါတွေ့ရှိတယ်လို့ ဆိုပါတယ်။သွေးတိုးရောဂါဟာ ကမ္ဘာတစ်ဝှမ်းမှာ အချိန်မတန်မီသေဆုံးခြင်းရဲ့ အဓိကအကြောင်းရင်းလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

၃။ ဆီးချို ၊ သွေးချို

ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်းကြောင့် ဖြစ်ပွားနိုင်ချေမြင့်တဲ့ ရောဂါတွေထဲမှာ ဆီးချိုနဲ့သွေးချိုရောဂါတွေလည်း အပါအဝင်ဖြစ်ပါတယ်။ကိုယ်လက်လှုပ်ရှားမှုကြောင့် သွေးထဲရှိ ဂလူးကို့စ်ထိန်းချုပ်မှုကို တိုးတက်စေပြီး ဆီးချို၊သွေးချို ရောဂါဖြစ်ပွားမှုကို ကာကွယ်စေနိုင်ပါတယ်။ဆီးချို ၊ သွေးချိုရောဂါက

နာတာရှည်ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါဖြစ်ပြီး နှလုံး၊ သွေးကြောများ၊ မျက်စိ၊ ကျောက်ကပ်နှင့်အာရုံကြောများကိုအကြီးအကျယ်ပျက်စီးစေနိုင်ပါတယ်။ ကမ္ဘာတစ်ဝန်းက လူပေါင်း ၄၂၂သန်းခန့်မှာ ဆီးချို၊သွေးချိုရောဂါရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က ထုတ်ပြန်ထားပါတယ်။နှစ်စဉ် ဆီးချို သွေးချိုရောဂါကြောင့် သေဆုံးမှု ၁.၆သန်းရှိပါတယ်။ 


အရိုးပွရောဂါဖြစ်နေတဲ့ အရိုးအဆစ်နဲ့ ကျန်းမာတဲ့ အရိုးအဆစ် (Photo - Freepik)

၄။ အရိုးပွရောဂါ

အရိုးပွရောဂါဟာ အမျိုးသမီးတွေ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေမြင့်မားတဲ့ ရောဂါဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ အမျိုးသမီးတွေဟာ အရိုးတွေအားနည်းတာကြောင့် အရိုးပွပြီး ကျိုးပဲ့နိုင်ခြေပိုများပါတယ်။ American Family Physician website ရဲ့ ဖော်ပြချက်အရ အရိုးပွရောဂါနဲ့ ဆက်စပ်တဲ့ အရိုးကျိုးမှုတွေဟာ အမျိုးသားငါးဦးမှာ တစ်ဦးသာဖြစ်ပွားနိုင်ပေမယ့် အမျိုးသမီးနှစ်ဦးမှာတော့ တစ်ဦးအထိ ဖြစ်နိုင်ချေမြင့်မားတယ်လို့ သိရပါတယ်။

၅။ စိတ်ကျရောဂါ

ရုပ်ပိုင်းဆိုင်ရာရောဂါတွေတင်မက ကိုယ်လက်လှုပ်ရှားမှုမရှိတာကြောင့် စိတ်ဓာတ်ကျလွယ်တာ ၊ စိတ်ဖိစီးမှုများတာ ၊ ဒါ့အပြင် စိတ်ခံစားချက်ပြင်းထန်တာ ၊ စိုးရိမ်မှုလွန်ကဲတာတွေနဲ့ မိမိစိတ်ကို ထိန်းချုပ်နိုင်စွမ်း လျှော့ကျတာတွေကြောင့်လည်း အန္တရာယ်ရှိနိုင်ပါတယ်။ 

အထက်ပါရောဂါတွေ မဖြစ်ဖို့ဆိုရင်

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းဟာ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တာကြောင့် ကိုယ်လက်လှုပ်ရှားမှုကို မိမိရဲ့ နေ့စဉ်ဘဝနေထိုင်မှုမှာ နေ့တိုင်း အချိန်ပေးလုပ်ဆောင်ရမယ့် အလုပ်တစ်ခုအဖြစ် ထည့်သွင်းပြီး ငါးမိနစ်ကနေ စတင်နိုင်ရင် ငါးမိနစ်စတင်လုပ်ဆောင်ပြီး ကိုယ်လက်လှုပ်ရှားမှုကို လုပ်ဖြစ်အောင် လုပ်ကြဖို့ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာရင်ရင်ထွန်းက Duwun ကတဆင့် အကြံပြုထားပါတယ်။



Share

Loading Next Article...
က္က