လူတစ်ယောက်ဟာ သာမန်စိတ်ပင်ပန်းမွန်းကျပ်မှုမျိုးမဟုတ်ဘဲ ခံစားချက်ကိုမြိုသိပ်ထားတာပြင်းထန်လာတဲ့အချိန်မျိုးဖြစ်လာပြီဆိုရင်တော့ အချိန်မှီ ကုထုံးတစ်ခုလိုအပ်လာနေပါပြီ။ လိုအပ်တဲ့ ကုထုံးတွေထဲမှာ ကိုယ်ယုံကြည်ရတဲ့သူကို ခံစားချက်တွေ ဖွင့်အန်ချလိုက်ကလည်း အကောင်းဆုံးကုထုံးနည်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ဒါပေမယ့် တစ်ပါးသူကို ကိုယ့်ခံစားချင်တွေမျှဝေတဲ့အခါမှာ တစ်ဖက်လူကရော ကိုယ့်ရဲ့ စိတ်ခံစားမှုတွေကို တကယ်ပဲ မျှဝေခံစားပေးနိုင်မှာလား။ ဒါက လူတစ်ဦးနဲ့တစ်ဦး ခံစားချက်တွေကို ရင်ဖွင့်တဲ့အခါမှာ အရေးကြီးဆုံးလိုအပ်ချက်တစ်ခုပါပဲ။
Photo: forbesindia
ကိုယ့်ခံစားချက်ကိုနားထောင်ပေးဖို့ အသင့်ရှိရဲ့လား
တစ်ဦးနဲ့တစ်ဦးအကြားခံစားချက်မတူကြပါဘူး။ ကိုယ့်အတွက်ခံစားနေရတဲ့ အရာတစ်ခုက တစ်ပါးသူအတွက် ပြဿနာမဟုတ်တာမျိုးဖြစ်နေတတ်သလို ကိုယ့်ခံစားချက်ကြောင့် သူ့ရဲ့စိတ်အခြေအနေကိုလည်း သွားပြီးထိခိုက်နိုင်တာကိုသတိပြုရပါမယ်။ ကိုယ့်စကားလုံးတွေက တချို့အတွက်ခွန်အားဖြစ်သွားစေနိုင်သလို တချို့အတွက်လည်း ဖိအားဖြစ်သွားစေနိုင်တတ်ပါတယ်။ ကိုယ့်ခံစားနေရတဲ့ စိတ်ဝေဒနာကို နားထောင်ဖို့အတွက် ရင်ဖွင့်ဖော်က အသင့်ရှိရဲ့လားဆိုတာကလည်း အရေးကြီးပါတယ်။ တကယ်လို့ သူ့ဘက်က စကားလုံးတွေကို လက်ခံနားထောင်ဖို့အတွက် အသင့်ဖြစ်မနေခဲ့ရင် နှစ်ယောက်စလုံးမှာ စိတ်ဒဏ်ရာကြီးကြီးမားမားဖြစ်စေတဲ့အထိ အန္တရာယ်များပါတယ်။
ဒါကြောင့် နားထောင်ဖို့ကိုယ်တိုင်အသင့်ဖြစ်မနေဘူးဆိုရင်တော့ ငြင်းပယ်လိုက်တာက အကောင်းဆုံးနည်းလမ်းဖြစ်စေမှာပါ။ "နောက်ရက်မှပြောပါလား.... ငါမအားသေးလို့တခြားတစ်ယောက်ကို ပြောကြည့်ပါလား" စတဲ့စကားလုံးတွေသုံးပြီးငြင်းပယ်နိုင်ပါတယ်။ ဒီလိုငြင်းပယ်လိုက်တာက ပြစ်မှုကျုးလွန်တာမျိုးမဟုတ်ဘဲ ကိုယ့်စိတ်ခံစားချက်ကို အလေးထားကာကွယ်ရာရောက်ပါတယ်။
Photo: Medium
ကိုယ်နဲ့သဟဇာတဖြစ်သူတိုင်းကို ရင်ဖွင့်နိုင်ရဲ့လား
လူတွေဟာ တစ်ဦးနဲ့တစ်ဦး အကြိုက်တူ ၊ ဝါသနာတူ၊စိတ်တူကိုယ်တူ၊ ကိုယ့်အပေါ် အပြည့်အဝနားလည်ပေးနိုင်တဲ့သူဆိုတာ တကယ်တော့ရှားပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ သဟဇာတဖြစ်အောင်နေနိုင်တဲ့သူလည်းအများကြီးရှိပါတယ်။ အဲဒီလို သဟဇာတတည့်တဲ့သူက မိဘဖြစ်ချင်ဖြစ်မယ် ဒါမှမဟုတ် မောင်နှမ ၊ သူငယ်ချင်း၊ ချစ်သူလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ဘယ်လောက်ပဲ သဟဇာတတည့်အောင်နေနိုင်သူဖြစ်ဖြစ် အမြဲတမ်းတော့ကိုယ့်ခံစားချက်ကိုနားထောင်ပေးနိုင်မှာမဟုတ်ပါဘူး။ သူ့မှာလည်း စိတ်ခံစားချက်အဆင်မပြေတဲ့အခါမျိုးတွေရှိနိုင်ပါတယ်။ ဒီလိုအချိန်မှာတော့ တစ်ဖက်လူကို ရင်ဖွင့်မတိုင်ပင်သင့်သလို သင့်ခံစားချက်တွေကိုလည်း နားလည်ပေးချင်မှ ပေးနိုင်ပါလိမ့်မယ်။ တစ်ဖက်လူကနားလည်မပေးနိုင်၊ အကြံမပေးနိုင် ၊ စိတ်ဓာတ်ခွန်အားပြန်မပေးနိုင်တဲ့အခါမျိုးမှာ သင့်ရဲ့ ရင်ဖွင့်မှုကလည်း အကျိုးသက်ရောက်မှု ရှိလာမှာမဟုတ်ပါဘူး။ တစ်ဦးနဲ့ တစ်ဦး ရင်ဖွင့်တိုင်ပင်ကြတဲ့အခါ နားထောင်ပေးတဲ့သူအနေကလည်း သဘောထားကြီးကြီးနားထောင်ပေးနိုင်တဲ့သူဖြစ်ဖို့လိုသလို သူကိုယ်တိုင်ကလည်း မွန်းကျပ်မှုတွေကို ခံစားနေရတဲ့သူမဖြစ်ဖို့ လိုအပ်ပါတယ်။
အပြန်အလှန်အလေးထားပါ
ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်တော့မယ်ဆိုရင် တစ်ဖက်လူကို အချိန်ရလား ၊ အဆင်ပြေနိုင်မလား ငါပြောပြစရာလေးတွေရှိလို့ဆိုပြီး ရင်ဖွင့်ဖော်ကို အရေးတယူရှိသင့်ပါတယ်။ ရင်ဖွင့်ဖော်က ကိုယ့်ခံစားချက်တွေကို နားထောင်ပေးဖို့ အဆင်သင့်ရှိနေတဲ့ အချိန်မျိုးမှာဆိုရင်တော့ သင့်ရဲ့ ခံစားချက်တွေကို ဖွင့်အန်ချလိုက်ပါ။
ခံစားချက်အရမ်းပြင်းထန်ပြီး မွန်းကျပ်နေတဲ့သူတွေအတွက် တကယ်လိုအပ်နေတာ ရက်ထဲကစကားတွေကိုနားထောင်ပေးမယ့်သူပါ။ စိတ်ဓာတ်ခံနိုင်ရည်နည်းတဲ့သူတွေအတွက် ဒီလိုလူက တကယ် အရေးပါလှပါတယ်။ သင်ကိုယ်တိုင်ကလည်း စိတ်ခံစားချက်အဆင်ပြေနေတဲ့အချိန်မှာ သင့်ကို ရင်လာဖွင့်သူရှိရင် အချိန်ပေးနားထောင်ပေးဖို့လိုအပ်သလိုး သင့်ရဲ့ခံစားချက်တွေကိုလည်း ရင်ဖွင့်ဖော်တစ်ဦးထံကို ဖွင့်ချဖို့ဝန်မလေးပါနဲ့။
ဒီနေ့ခေတ်လူ့အသိုင်းအဝန်းက စိတ်ဖိစီးမှုများတဲ့ဆက်ဆံရေးမျိုးတွေပိုများလာနေပါတယ်။ စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုကိုယ်အဆုံးစီရင်မှုတွေကလည်း ကမ္ဘာတစ်ဝှမ်းမှာ မထူးဆန်းသလိုလောက်ဖြစ်နေပါပြီ။ ထင်သလိုဖြစ်မလာတဲ့ လောကကို အချိန်မတိုင်ခင် အရှုံးပေးလက်မြှောက်ထွက်ခွာသွားသူအများစုဟာ အဖြေမရှိတဲ့ ပြဿနာကို ရင်ဆိုင်နေကြရတာမျိုးမဟုတ်ဘဲ ပြဿနာရဲ့အဖြေကို အတူတကွပူးပေါင်းရှာဖွေပေးမယ့်သူတွေ ရှားပါးလာတဲ့အတွက်ကြောင့်ဆိုတာကိုလည်းစစ်တမ်းတွေအရတွေ့ရပါတယ်။
ဒါကြောင့် စိတ်ခံစားချက်တွေကို မြုံမထားပါနဲ့။ ရင်ဖွင့်ပါ။ ကိုယ်တိုင်လည်း ရင်ဖွင့်ဖော်တစ်ဦးဖြစ်နိုင်အောင် ကြိုးစားပြင်ဆင်ပါ။ ကမ္ဘာကြီးကို လက်ပြနှုတ်ဆက်မယ့်လက်တွေကို သင့်လက်တစ်စုံနဲ့ ပြန်လည်ကယ်တင်နိုင်သူတွေဖြစ်လာအောင်ကြိုးစားဖို့လိုသလို ကိုယ်တိုင်လည်းဆွဲကိုင်ရမယ့် လက်များစွာရှိနေခြင်းက နေပျော်တဲ့ကမ္ဘာကြီးဖြစ်အောင် ဖန်တီးနိုင်ပါလိမ့်မယ်။