ဂျာမနီနဲ့ကစားခဲ့တဲ့ပွဲမှာ အဆိုပါဒဏ်ရာကိုရရှိခဲ့တာလို့သိရပြီး ကစားသမားဟာ နာကျင်မှုဒဏ်သက်သာစေမယ့်ဆေးတွေထိုးနှံပြီး အသင်းရဲ့ ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲတွေကို ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်နောက်ခံလူလုခ်ရှောဟာ ယူရိုပွဲစဉ်နောက်ဆုံး ၃ ပွဲကို နံရိုးကျိုးဒဏ်ရာရရှိနေလျက်နဲ့ ဝင်ရောက်ကစားခဲ့တယ်လို့ Metro က ဖော်ပြလိုက်ပါတယ်။ ၁၆ သင်းအဆင့်အဖြစ် ဂျာမနီနဲ့ကစားခဲ့တဲ့ပွဲမှာ အဆိုပါဒဏ်ရာကိုရရှိခဲ့တာလို့သိရပြီး ကစားသမားဟာ နာကျင်မှုဒဏ်သက်သာစေမယ့်ဆေးတွေထိုးနှံပြီး အသင်းရဲ့ ကွာတား၊ ဆီမီး၊ ဗိုလ်လုပွဲတွေကို ဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲတွေမှာတော့ လုခ်ရှောခြေစွမ်းပြကစားနိုင်ခဲ့ပြီး အားလုံးရဲ့အသိအမှတ်ပြုမှုကို ရယူနိုင်ခဲ့ပါတယ်။ အီတလီနဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲမှဆိုရင် ပွဲအစ ၂ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး စံချိန်မှတ်တမ်းပါ တင်နိုင်ခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ ဦးစားပေးကစားသမားအဖြစ် လုခ်ရှောက သတ်မှတ်ခံခဲ့ရပြီး အင်္ဂလန်ရဲ့အကောင်းဆုံးကစားသမားတွေထဲက တစ်ဥိးဖြစ်ခဲ့ပါတယ်။
အခုလိုမျိုး ဒဏ်ရာကြီးနဲ့ ဝင်ရောက်ကစားခဲ့တဲ့အကြောင်းက အခုမှထွက်ပေါ်လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အတွက်တော့ စိတ်ပူစရာဖြစ်လာခဲ့ရပါတယ်။ မားကပ်ရက်ရှ်ဖို့ဒ်က လာမယ့်ရာသီအစကို ပခုံးဒဏ်ရာခွဲစိတ်ကုသမှုကြောင့် လွဲချော်မှာဖြစ်ပြီး လုခ်ရှောအနေနဲ့ နံရိုးဒဏ်ရာပျောက်ကင်းဖို့ အနားယူရမှာဖြစ်လို့ အဓိကကစားသမား ၂ဦးကို ယူနိုက်တက်က လက်လွှတ်ထားရဖွယ်ရှိနေတာဖြစ်ပါတယ်။
ကစားသမားအနေနဲ့ ဒဏ်ရာနဲ့တောင်မှ ခြေစွမ်းပြခဲ့တာက ချီးကျူးဖွယ်ရာကောင်းပေမယ့် မလိုအပ်ဘဲ အခြေအနေပိုမိုဆိုးရွားလာမယ့်အရေးကို ယူနိုက်တက်ဘက်က စိုးရိမ်နေရမှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် နောက်ခံလူဟာ ပြီးခဲ့တဲ့တရာသီလုံးလည်း အသင်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး ဆိုးလ်ရှားရဲ့ အမာခံကစားသမားဖြစ်ခဲ့ကာ ပရိသတ်အကြိုက်ကစားသမားတစ်ဦးလည်းဖြစ်လာခဲ့ပါတယ်။