မန်စီးတီးအသင်းဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူးရော်နယ်ဒိုကို ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အီတလီမီဒီယာတွေက စတင်ဖော်ပြခဲ့ကြတာဖြစ်ပြီး အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးကို အသင်းကနေထွက်ခွာသွားတဲ့ အဂူရိုနေရာမှာအစားထိုးဖို့အတွက် မန်စီးတီးနည်းစနစ်နည်းပြတွေက ဂွာဒီယိုလာကို အကြံပေးထားတယ်လို့ ဆိုပါတယ်။
စပါးတိုက်စစ်မှူးဟယ်ရီကိန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းနေပေမယ့် ပေါင်သန်း ၁၅၀ အထိ စပါးကတောင်းဆိုနေချိန်မှာ မန်စီးတီးဘက်က ရော်နယ်ဒိုကို လေသံပစ်လာတာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒိုအနေနဲ့ အသင်းဟောင်းယူနိုက်တက်ပရိသတ်တွေရဲ့ အမုန်းဒဏ်ကို ရင်ဆိုင်ဖို့တော့မရှိဘူးလို့ မန်ချက်စတာညနေခင်းသတင်းစာက သုံးသပ်ဖော်ပြခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတေ့ာသူဖြစ်ပြီး စာချုပ်သစ်အတွက်တော့ ဆွေးနွေးထားခြင်းမရှိသေးသူဖြစ်ပါတယ်။ ရော်နယ်ဒိုကို ဂျူဗီကလည်း ပြန်လည်ရောင်းချချင်တယ်လို့ သတင်းတွေထွက်နေပြီး ကစားသမားကတော့ သူ့အနာဂတ်ဟာ တူရင်မှာသာဆက်ရှိနေမယ်လို့ ပြောဆိုထားပေမယ့်လည်း လက်ရှိအချိန်ထိတော့ တိကျရေရာမှုရှိတဲ့ အနေအထားကိုမရောက်သေးတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ စီးရီးအေရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး ၃ ရာသီအတွင်း ဂျူဗီအတွက် ၁၀၁ ဂိုးသွင်းပြီး ၂၂ ကြိမ်ဖန်တီးပေးခဲ့တဲ့ ပေါ်တူဂီသားကို ဧရိယာအတွင်းမှာ အလုပ်ဖြစ်နေဆဲတိုက်စစ်မှူးလို့ အားလုံးက လက်ခံထားကြပါတယ်။ ယူရိုပြိုင်ပွဲမှာလည်း သူက ရွှေဖိနပ်ဆုရယူနိုင်ခဲ့ပြီး မန်စီးတီးအနေနဲ့ အမှန်တကယ်ကမ်းလှမ်းနိုင်မှာလားဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာဖြစ်ပါတယ်။