စိတ်ကျရောဂါဆိုတာ မဖြစ်ခင်သတိထားကာကွယ်ရတာမျိုးဖြစ်ပြီး အချိန်မီမသိဘဲပတ်ဝန်းကျင်နဲ့ အဆက်ပြတ်လာပြီဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။

စိတ်ဓာတ်ကျခြင်း၊ ငြီးငွေ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊အထီးကျန်ဆန်ခြင်း တွေကနေတစ်ဆင့် လူအများစုမှာ စိတ်ခံစားမှုပြင်းထန်လာရာကနေ စိတ်ကျရောဂါဖြစ်လာနိုင်ပြီးနောက်ဆုံး ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့ အဆင့်ထိဖြစ်လာတတ်ပါတယ်။  စိတ်ကျရောဂါဆိုတာက ယနေ့ခတ်လူငယ်တွေကြားမှာတော့ ရေပန်းစားအပြောများတဲ့ ပြဿနာလို့ ဆိုနိုင်ပေမယ့် စိတ်မပျော်ရွှင်တိုင်းစိတ်ကျရောဂါလို့ တထစ်ကျပြောလို့မရပါဘူး။ ဒီတော့ ကိုယ့်ကိုကိုယ် စိတ်ကျရောဂါခံစားနေရပြီလားဆိုတာကို အချိန်မီသိရှိနိုင်ဖို့လိုအပ်သလို သာမန်အဆင်မပြေမှုတွေကြောင့်ဖြစ်ပေါ်တတ်တဲ့စိတ်ခံစားမှုနဲ့ မရောထွေးသွားဖို့အတွက် ဂရုပြုဖို့လိုအပ်ပါတယ်။ 

 

Photo: ADDitude

စိတ်ကျပြီဆို ဘာတွေဖြစ်တတ်လဲ

ပုံမှန်အားဖြင့် စိတ်ခံစားချက် အရမ်းမွန်းကျပ်လာသူတစ်ဦးဟာ စိတ်ကျခြင်းဆိုင်ရာ လက္ခဏာတွေစတင်ခံစားလာရတတ်ပါတယ်။ ကိုယ်ပုံမှန်လုပ်နေကြအရာတွေကို မလုပ်နိုင်တော့ပါဘူး။ အစားစားချင်စိတ်မရှိတာ၊ အိပ်မပျော်တာ၊ ဒေါသထွက်လွယ်တာ၊ အိပ်ယာထဲမှာပဲတစ်ယောက်တည်းနေချင်တာ ကိုယ်ပုံမှန်နေ့စဉ်လုပ်နေကြအရာတွေကို လုပ်ချင်စိတ်မရှိတော့တာ ဒါမျိုးတွေခံစားလာရပြီဆိုရင်တော့မိမိကိုယ်ကို သတိပြုစောင့်ကြည့်သင့်ပါပြီ။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့တိုင်ပင်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ 

 သတိပြုရမှာက စိတ်ဓာတ်ကျ ၊စိတ်ညစ်တဲ့အခါ အစားစားချင်စိတ်မရှိတာ မှန်ပေမယ့် သတိထားပြီး အာဟာရဖြစ်မယ့် အစားအစာမျိုးကိုတော့ စားပေးသင့်ပါတယ်။ လိုအပ်တဲ့ အာဟာရရှိခြင်းကလူတစ်ယောက်ရဲ့ စိတ်နဲ့ စွမ်းအင်ကို မြှင့်တင်ပေးနိုင်ပါတယ်။

 

Photo: Time Now

ခန္ဓာကိုယ်ကိုပါ နှိပ်စက်လာတတ်တဲ့ စိတ်ကျရောဂါ

စိတ်ဓာတ်ကျနေတဲ့ သူတစ်ယောက်ရဲ့ အတွေးတွေဟာ အဆိုးဘက်ကချည်းဖြစ်နေတတ်ပါတယ်။ အတွေးဆိုးတွေက စိတ်ပိုင်းဆိုင်ရာတင်မက ရုပ်ပိုင်းဆိုင်ရာကိုပါ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့်စိတ်ဓာတ်ကျနေတဲ့သူကို စိတ်ပိုင်းဆိုင်ရာအရ ကူညီပေးဖို့ ခက်ခဲနေရင်တောင် ရုပ်ပိုင်းဆိုင်ရာအရ အကူအညီပေးဖို့ကြိုးစားရမှာပါ။  စိတ်ဓာတ်ကျနေတဲ့သူအများစုဟာ အစားမမှန်၊အအိပ်မမှန်၊ အလုပ်လုပ်ချင်စိတ်တွေမရှိတာကြောင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတက်ပြီး နေ့စဉ်နေထိုင်မှုဘဝနဲ့ကျန်းမာရေးကို ထိခိုက်လာစေတတ်ပါတယ်။  ဒါကြောင့် ကိုယ့်သူငယ်ချင်းတစ်ယောက် စိတ်အခြေအနေမကောင်းတဲ့အခါ ဖုန်းဆက်စကားပြောပါ။ အတူစားသောက်ဖြစ်အောင်ကြိုးစားပါ။ လျစ်လျုမရှုထားသင့်ပါဘူး။  

Photo: Top Doctor UK

ဘယ်လိုလူမျိုးတွေမှာ အဖြစ်များလဲ

 စိတ်ရောဂါလက္ခဏာဟာ အသက်အရွယ်အလိုက်အဖြစ်များတာထက် ကိုယ်ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ ကိုယ့်ကိုထိန်းကျောင်းလာတဲ့ပုံစံတွေကြောင့်အဖြစ်များပါတယ်။ ပြဿနာတွေ စိတ်ဖိစီးမှုတွေနဲ့ ပြည့်နှက်နေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေကြရတဲ့ သူတွေဟာ စိတ်ခံစားချက်ပြင်းထန်ပြီး စိတ်ကျဝေဒနာခံစားရဖို့ လွယ်ကူပါတယ်။ 

မိသားစုပြဿနာ၊ လူမှုစီးပွားရေးပြဿနာတွေရဲ့ရိုက်ခတ်မှုက လူတစ်ဦးကို စိတ်ရောဂါခံစားစေရနိုင်အတွက်အပြင်းထန်ဆုံးရိုက်ချက်တွေပါ။  

 

စိတ်ကျရောဂါဆိုတာ မဖြစ်ခင်သတိထားကာကွယ်ရတာမျိုးဖြစ်ပြီး အချိန်မီမသိဘဲပတ်ဝန်းကျင်နဲ့ အဆက်ပြတ်လာပြီဆိုရင်တော့ အန္တရာယ်ရှိလာနိုင်ပါတယ်။ အမြဲအဆိုးမတွေးပါနဲ့၊ အရာအားလုံးကိုအဆိုးဘက်ကတွေးလာပြီဆိုတာနဲ့ ဆုံးရှုံးမှုတွေဖြစ်လာဖို့ နီးစပ်လာပြီဆိုတာကို သတိပြုပါ။ ကိုယ့်ဆီမှာရှိတဲ့ ကောင်းတဲ့အရာတွေကို ခံစားသိရှိနိုင်ဖို့လိုအပ်ပါတယ်။

ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေပြီဆိုရင် ပြန်ကုစားဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်။ အချိန်မီ ကိုယ့်ကိုကိုယ်ပြန်လည်ကုစားပြီး ဘဝရဲ့အနိမ့်အမြင့်အတက်အကျတွေကို ရင်ဆိုင်ကျော်လွှားပြီး ရှင်သန်နိုင်ဖို့က လူ့ဘဝမှာအရေးအကြီးဆုံးအရာပါ။  

သတင်းဆောင်းပါးပါအချက်အလက်များကိုဒေါ်နန်းကြည်ပြာမော်(စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်) က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။



Share

Loading Next Article...
က္က