အထွေထွေရောဂါကုသမားတော်ကြီးတစ်ဦးရဲ့ အတွေ့အကြုံနဲ့ အကြံပြုချက်တွေ ဖြစ်ပါတယ်။

လူ့သက်တမ်းမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အသက်ငါးနှစ်ပိုရှည်တယ်လို့ လေ့လာတွေ့ရှိထားပါပေမဲ့ အမျိုးသမီးတွေက အမျိုးသားတွေထက် ကျန်းမာရေးပြဿနာတွေပိုရှိတယ်လို့ အမေရိကန်ရဲ့ ပထမဆုံး သုတေသနတက္ကသိုလ် JOHNS HOPKINS ရဲ့ စစ်တမ်းတွေက ဆိုပါတယ်။ JOHNS HOPKINS က အောက်ပါ ရောဂါ ၁၃ မျိုးက အမျိူးသမီးတွေမှာ အဖြစ်များသလို ဆေးကုသမှုခံယူရန် လာရောက်မှု ပိုမိုများပြားတာကို တွေ့ရှိခဲ့ပါတယ်။ 



အမျိုးသမီးတွေအဖြစ်အများဆုံးရောဂါ (၁၃)မျိုး

၁။ အယ်လ်ဇိုင်းမားရောဂါ/ သတိမေ့တတ်တဲ့ရောဂါ (Alzheimer’s Disease)

၂။ ခုခံအားကစဥ့် ကလျားဖြစ်ခြင်း ရောဂါများ (Autoimmune Diseases )

၃။ ရင်သားကင်ဆာ (Breast Cancer)

၄။ နှလုံးသွေးကြောဆိုင်ရာရောဂါ (Cardiovascular disease_

၅။ နာတာရှည်နာကျင်မှု (Chronic pain)

၆။ စိတ်ကျရောဂါ (Depression)

၇။ အဆုတ်ရောဂါ (Diseases of the lung)

၈။ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါ (Gastroenterological problems)

၉။ အရေပြားလေးဖက်နာ၊ သွေးလေးဖက်နာ (Lupus)

၁၀။ ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine Headache)

၁၁။ စိတ်ရောဂါ (Mood Disorders)

၁၂။ Multiple sclerosis

၁၃။ အဆစ်အမြစ်ကိုက်ခြင်း (Rheumatoid arthritis)

အမျိုးသမီးငယ်တွေက ဘယ်လိုဝေဒနာတွေကြောင့် ဆရာဝန်ဆီလာကြလဲ

အမျိုးသမီးငယ်တွေ အထူးသဖြင့် အသက် ၂၀ ကျော်၊ ၃၀ ဝန်းကျင် အသက်အရွယ်တွေဟာ ကျန်းမာတဲ့အရွယ်ဖြစ်တာကြောင့် နာတာရှည်ရောဂါထက် အနေအထိုင်၊ အစားအသောက်ကြောင့် ဖြစ်တဲ့ ဝေဒနာတွေ အဖြစ်အများတယ်လို့ အထွေထွေရောဂါအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Duwun ကို ပြောပါတယ်။

 အမျိုးသမီးငယ်တွေ ဆေးခန်းလာပြတာများတဲ့ အကြောင်းရင်းအနှစ်ချုပ်ကတော့ စိတ်နဲ့နှီးနွယ်တဲ့ရောဂါတွေ ၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာရောဂါတွေ ၊ အကြောတွေနဲ့ ကြွက်သားတွေ နာကျင်တာကြောင့်လို့ သိရပါတယ်။ 

Photo - istock

၁။ စိတ်နဲ့နှီးနွယ်တဲ့ရောဂါများ

တခြားသူတစ်ယောက် ရောဂါဝေဒနာတစ်ခုခုခံစားရတာ ၊ သေဆုံးတာကို တွေ့ရတဲ့အခါ ကိုယ်ပါ အဲဒီလက္ခဏာတွေ လိုက်ဖြစ်လာတယ်လို့ ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ လာပြတဲ့ လူနာအမျိုးသမီးကတော့ စိတ်ကြောင့်ဖြစ်တာလို့ မသိဘဲ ရောဂါတစ်ခုခုဖြစ်တယ်လို့ ယူဆကာ လာပြကြတာများတယ်လို့ ဆိုပါတယ်။ 

၂။ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေ

အမျိုးသမီးငယ်တွေဟာ အပူအစပ်ကို အလွန်စားကြိုက်ကြသူများဖြစ်တဲ့အပြင် အခုနောက်ပိုင်း မာလာရှမ်းကော ၊ မာလာအနှစ်တွေစတဲ့ အပူအစပ်များလွန်းတဲ့ ခေတ်ပေါ်အစားအစာတွေ အလွန်စားသောက်ကြတာကြောင့် ဗိုက်အောင့် ၊ ဗိုက်နာပြီး အစာအိမ်ရောဂါနဲ့ ဆေးခန်းလာရောက်ပြသကြတာများတယ်လို့လည်း အထွေထွေရောဂါအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။

၃။ အကြောနဲ့ ကြွက်သားများ နာကျင်ခြင်း

 ရင်ဘတ်အောင့် ၊ နောက်ကျောအောင့်တယ်ဆိုပြီး ဆေးခန်းလာပြတဲ့ လူငယ်တွေဟာ ရောဂါကြီးကြီးမားမားကြောင့်မဟုတ်ဘဲ အအေးမိတာ ၊ ပန်ကာလေ ၊ အဲကွန်းလေ ရင်ဘတ်ကို တိုက်ရိုက်ထိတွေ့ပြီး အချိန်ကြာကြာနေတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် အထိုင်များတာ ၊ လှုပ်ရှားမှုနည်းတာ ၊ ဖုန်းကို ငုံ့ပြီး အသုံးများတာတွေကြောင့်လည်း ခေါင်းကိုက်ခြင်း ၊ ကြွက်သားနာကျင်ခြင်းတွေလည်း အဖြစ်များတယ်လို့ အထွေထွေရောဂါအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ပြောပါတယ်။


အမျိုးသမီးငယ်တွေ ဆေးခန်းခဏခဏပြတာကို ရှောင်ဖို့ဆိုရင်

အမျိုးသမီးငယ်တွေဟာ ဆေးခန်းမကြာခဏပြသရတာမျိုးကို ရှောင်ရှားချင်ရင်တော့ အပူအစပ်စားသောက်တာ ဆင်ခြင်ပါ ၊ အအေးမိမခံပါနဲ့၊ အဲကွန်းလေ ပန်ကာလေနဲ့ တိုက်ရိုက်မထိတွေ့ပါနဲ့။ ထိုင်တဲ့အခါ မတ်မတ်ထိုင်ပါ၊ ဖုန်းကို အချိန်ကြီး ခေါင်းငုံ့သုံးခြင်းကိုလည်း ဆင်ခြင်ပါ၊ အိပ်တဲ့အခါမှာလည်း အနေအထားမှန်မှန်အိပ်စက်ပါ၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ပါလို့ အထွေထွေရောဂါအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က Duwun ကတစ်ဆင့် အကြံပြု ပြောကြားထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က