မွေးကင်းစကနေ အသက် (၆)လသားအရွယ် ကလေးနုနုနယ်နယ်လေးတွေကို ပြုစုစောင့်ရှောက်ရာမှာ တကယ်တော့ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။

လူ့လောကကြီးထဲကို စတင်ရောက်ရှိလာမယ့် ကလေးကို စနစ်တကျပြုစုစောင့်ရှောက်နိုင်ဖို့ဆိုတာ ဖေဖေမေမေတို့ အတွက် မလွယ်ကူလှပါဘူး။

ဒါကြောင့် မိခင်၊ဖခင်အသစ်စက်စက်တွေဟာ ကလေးတစ်ယောက်မွေးမယ်ဆိုရင် ကလေးကို ပြုစုစောင့်ရှောက်ရတဲ့နည်းလမ်းတွေကို ကြိုတင်လေ့လာထားဖို့ အရေးကြီးပါတယ်။ ကလေးတွေကို ပြုစုစောင့်ရှောက်ရာမှာ ရှေးရိုးစွဲအယူအဆတွေများစွာကြောင့် ဆရာဝန်တွေနဲ့ အမြဲတမ်းလွန်ဆွဲ အငြင်းပွားရတဲ့ အဖြစ်တွေကလည်း ပြောမကုန်နိုင်အောင်ပါပဲ။ 

ဒီတစ်ခေါက်မှာတော့ မွေးကင်းစကနေ အသက် (၆)လအရွယ်အထိ ပူတူတူးဘေဘီလေးတွေကို ပြုစုစောင့်ရှောက်ကြရမှာ ရှေးရိုးစွဲနည်းလမ်းတွေကြောင့် လွဲမှားနေတဲ့အယူအဆတွေက ဘာတွေလဲ၊ မီးနေသည်မိခင်တွေလည်း နည်းလမ်းတကျဘယ်လိုပြုမူနေထိုင်စားသောက်သင့်လဲ စတဲ့အကြံကောင်းတွေကို မျှဝေပေးသွားမှာပါ။

Photo: Healthline

ကလေးငယ်လေးတွေကို ပျားရည်တို့၊ ရေတို့တိုက်ချင်ကြတာ

မွေးကင်းစဘေဘီလေးတွေကို ပြုစုတဲ့အခါ ဆရာဝန်တွေနဲ့ ဖေဖေမေမေ၊ ဘိုးဘွားတွေအကြား အမြဲတမ်းဖြေရှင်းရတဲ့ ပြဿနာကတော့ ရိုးရာနည်းတွေနဲ့ ပြုစုစောင့်ရှောက်လိုကြတဲ့နည်းလမ်းတွေကြောင့်ပါပဲ။ ဖေဖေမေမေ၊ ဘိုးဘိုးဘွားဘွားတွေက ရိုးရာအယူအဆတွေအရ ကလေးမွေးလာရင် ပျားရည်တိုက်ချင်တာပါ။ ပျားရည်တိုက်ရင် ဘာကောင်းမလဲဆိုတာ တိတိကျကျမသိကြပေမယ့် မရမကပျားရည်ရှာပြီးတိုက်ကြတာပါ။ ဒီလိုပျားရည်တိုက်တာမျိုးက ကလေးတွေအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီးက ပြောပါတယ်။ လေ့လာမှုအချို့အရ ပျားရည်တွေဟာ နှစ်ချို့ပျားရည်တွေ ဖြစ်တဲ့အတွက် မမြင်နိုင်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေရှိနိုင်ပြီး ပျားရည်သောက်ခြင်းကတစ်ဆင့် ရင်သွေးငယ်လေးတွေမှာ ရောဂါပိုးဝင်နိုင်ပါတယ်။

နောက်တစ်ချက်ကတော့ ကလေးကို ရေတိုက်ချင်ကြတာပါ။ ကလေးက ရေဓာတ်နည်းတယ်ဆိုပြီး ရေကို ဇွတ်တိုက်ချင်ကြပါတယ်။ တကယ်တော့ မိခင်နို့မှာ ရေဓာတ်ပါပြီးသားဖြစ်လို့ မွေးစဘေဘီလေးတွေကို ရေတိုက်စရာမလိုသေးပါဘူး။ ရေတိုက်တာက အန္တရာယ်မရှိဘူးဆိုပေမယ့် ကလေးက ဗိုက်ပြည့်သွားတဲ့အတွက် နို့မဆာတော့ပါဘူး။ 

Photo: FirstCry Parenting

ကလေးအညစ်အကြေးစွန့်ဖို့ အဝတ်ဟောင်းသုံးကြတာ

မွေးကင်းစဘေဘီလေးတွေမှာ သူတို့နေကောင်းလား မကောင်းလားဆိုတာ့ သူတို့ရဲ့ အီအီး၊ ရှုးရှုး ဘာအရောက်လဲဆိုတာ ကြည့်ရပါတယ်။ အဲဒီလိုကြည့်ဖို့ အတွက် ကလေးအဝတ်တွေကို အဖြူထည်သန့်သန့်လေးတွေ ထားပေးရပါတယ်။ အညစ်အကြေးကိစ္စမို့လို့ ရှေးလူကြီးတွေအယူအဆအရ အဝတ်ဟောင်းတွေ သုံးကြတာများပါတယ်။ အဝတ်ဟောင်းတွေသုံးတော့ ကလေးရဲ့ အညစ်အကြေးအရောင်ကို သေချာမသိနိုင်တော့ပါဘူး။ ဒါကြောင့် မွေးကင်းစကလေးအနှီးတွေသုံးတဲ့အခါ အဝတ်စုတ်သုံးတာမျိုးမလုပ်သင့်ပါဘူး။

Photo: Mom Love Best

ခေါင်းရိတ်တာမျိုး လုံးဝမလုပ်ပါနဲ့

နောက်တစ်ခု လွဲမှားနေတဲ့အယူကတော့ မိန်းမကိုယ်လမ်းကြောင်းက ထွက်လာတဲ့ ရင်သွေးကို ခေါင်းရိတ်ပေးတာပါပဲ။ ရှေးရိုးဆန်အယူအဆတွေအရ ကလေးက မိန်းမကိုယ်လမ်းကြောင်းကထွက်လာတော့ မသန့်ဘူး၊ အညစ်အကြေးတွေရှိတယ်ဆိုပြီးတော့ မွေးတုန်းကပါလာတဲ့ ဆံပင်တွေကို ရိတ်ပစ်ကြတာပါ။ မွေးကင်းစ နုနုနယ်နယ်လေးအရွယ်မှာ ခေါင်းကိုဓါးနဲ့ ရိတ်တော့ ဘေဘီလေးတွေမှာ အနာတရဖြစ်နိုင်ပါတယ်။ မွေးကတည်းကပါလာတဲ့ဆံပင်က ဘေဘီလေးတွေအတွက် သဘာဝဦးထုပ်ပါ။ ဒီသဘာဝဦးထုပ်ကလေးက ဘဘီလေးတွေရဲ့ ခေါင်းလေးကို နွေးနေအောင်ထားပေးထားတာပါ။ အဲဒါကို ရက်သားအရွယ်လေး (၂)ပတ်ကျော်မှာ ကတုံးတုံးချလိုက်တာတွေရှိပါတယ်။ ခေါင်းရိတ်လိုက်တဲ့အခါ ဘေဘီလေးတွေမှာ သဘာဝဦးထုပ်မရှိတော့တဲ့အတွက် သူတို့ရဲ့ အပူအအေးကို မထိန်းပေးနိုင်တော့ပါဘူး။ အဲဒါကြောင့် ကတုံးတုံးလိုက်တဲ့ ကလေးဟာ တုံးပြီး နှစ်ရက်အကြာမှာ ရင်ကြပ်ပြီး ဆေးရုံတင်လိုက်ရတဲ့ ဖြစ်ရပ်တွေ ကြုံဖူးကြောင်း ကလေးအထူးကုဆရာဝန်ကြီးက ရှင်းပြပါတယ်။ ဒါကြောင့် မွေးလနုတဲ့အချိန်မှာ ဘေဘီလေးတွေကို ခေါင်းရိတ်တာမျိုးမလုပ်သင့်ပါဘူး။

ကလေး (၆) လကျော်လို့ ခေါင်းရိတ်ပေးမယ်ဆိုရင်လည်း ရာသီဥတုကို ကြည့်ပေးရပါမယ်။ ဆောင်းတွင်းကာလချိန်မှာ ခေါင်းရိတ်လိုက်မိရင်လည်း ကလေးအတွက် အေးပြီးအဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်။ ကလေးရဲ့ အပူအအေးထိန်းတဲ့စနစ်က လူကြီးနဲ့ မတူပါဘူး။ ဒါကြောင့် ကလေးကို ခေါင်းကနေ ရေလောင်းပြီးချိုးပေးတာမျိုးတွေလည်း မလုပ်သင့်ပါဘူး။ 

Photo: Sanford Health News

မီးနေသည်မိခင်တွေ အစားရှောင်ကြတာ

မီးနေသည်မိခင်တွေ အစားအသောက်စားတဲ့အခါ ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ အကုန်စားသောက်လို့ရပါတယ်။ ဒီနေရာမှာ လူကြီးတွေရဲ့ ရှေးရိုးစွဲအယူအဆတွေကြောင့် မီးနေသည်မိခင်တွေကို အစားရှောင်ခိုင်းကြပါတယ်။ ဥပမာ- ကြက်ဥ၊ဘဲဥစားရင် ကလေးက ဝမ်းပုပ်တယ်။ သံပုရာရည်သောက်ရင် ကလေးအတွက် နို့ချဉ်တယ် စသဖြင့် ပြောကြတော့ အမေက အစားရှောင်ရင်းနဲ့ နောက်ဆုံး ထမင်းကို ဆီနဲ့ဆားနဲ့နယ်၊ ငါးခြောက်ဖုတ်နဲ့ပဲ စားသောက်ရတာမျိုးတွေတောင် ဖြစ်သွားတတ်ပါတယ်။ မိခင်တွေအနေနဲ့ ကစီဓာတ်၊ အသားဓာတ်၊ ပရိုတင်းဓာတ် စတဲ့ အာဟာရဓာတ်ပြည့်ပြည့်၀၀ရရှိအောင် စားသုံးပါ။ အစာကြေလွယ်တဲ့ အစားအစာမျိုး စားပေးပါ။ ထမင်းပျော့ပျော၊ အသား၊ ငါး၊ ပဲ စသဖြင့် စားသုံးပေးပါ။ ခွဲမွေးတဲ့မိခင်တွေအနေနဲ့ မွေးပြီး ပက်လက်လှဲနေရတာဆိုရင် အရည်အဓိကသောက်ပေးပါ။ အစာမကြေနိုင်တဲ့ဟာတွေ၊ လက်ဘက်ရည်၊ လက်ဖက်သုပ်၊ အစပ်တွေက အာဟာရဓာတ်လဲ မရှိတဲ့အတွက် မစားသုံးသင့်ပါဘူး။

Photo: FirstCry Parenting

မီးနေသည်မိခင်တွေ ချွေးအောင်းသင့်လား

ရှေးရိုးရာအယူအဆတွေအရ မီးနေသည်ဘေးမှာ မီးဖိုထားတာ၊ အုတ်ခဲပူပူနဲ့ကျပ်ထုပ်ထိုးတာ၊အခန်းတွင်းအလုံပိတ် ခြင်ထောင်ထူထူ၊ စောင်ထူထူထဲထဲမှာ ချွေးအောင်းနေတာမျိုးတွေ လုပ်တတ်ကြပါတယ်။ မွေးကင်းစမိခင်တွေက ချွေးထွက်လေကောင်းလေဆိုတဲ့ အယူအဆကြောင့် လုပ်ခိုင်းကြတာပါ။ ဒါတွေက မဖြစ်မနေလုပ်ရတာမျိုးမဟုတ်သလို အခန့်မသင့်ရင် မလိုလားအပ်တဲ့ဆိုးကျိုးတွေ ရတတ်ပါတယ်။ ဆးပညာရှုထောင့်အရ မီးနေသည်တွေ ချွေးမထွက်ရလို့ ဘာဆိုးကျိုးမှမရှိနိုင်သလို တစ်ချို့အရာတွေက မိခင်တွေအတွက် နေရခက်တဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

Photo: Today's Parent

ဘေဘီလေးတွေကို ဧည့်သည်ပေးမတွေ့သင့်ပါ

ကိုယ့်ရဲ့မိတ်ဆွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ ကလေးမွေးတာတို့၊ နာမကျန်းဖြစ်တာတို့ဆိုရင် မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့လေးတွေအရ ကလေးမွေးထားတဲ့အိမ်၊ လူနာရှိနေတဲ့အိမ်ကို လက်ဆောင်တွေပေး၊ လူကိုယ်တိုင် သတင်းမေးတာမျိုးလုပ်တတ်ကြပါတယ်။ ဒါပေမယ့် ကလေးမွေးကင်းစလေးရှိတဲ့အိမ်မှာ ဧည့်သည်တွေလာတာမျိုး၊ ဧည့်သည်တွေက ကလေးနဲ့ တွေ့တာမျိုးကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ လူကြီးတွေရဲ့ နှာခေါင်း၊အာခေါင်မှာ ရှိတဲ့ ဘတ်တီးရီးယားအချို့က လူကြီးတွေမှာ ဘေးဥပါဒ်မဖြစ်ပေမယ့် မွေးစကလေးတွေမှာကျတော့ ရောဂါဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကလေးတွေကို လူတွေအများကြီးနဲ့ ပေးတွေ့တာ၊ ချီတာ၊ နှမ်းတာမျိုး မလုပ်သင့်ပါဘူး။


မွေးကင်းစကနေ အသက် (၆)လသားအရွယ် ကလေးနုနုနယ်နယ်လေးတွေကို ပြုစုစောင့်ရှောက်ရာမှာ တကယ်တော့ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ မေမေတို့ရဲ့ ပြင်ဆင်လေ့လာမှုအားကောင်းလေလေ ကိုယ့်ရဲ့ ရင်သွေးလေးတွေကို ပြုစုတဲ့အခါ ပိုပြီး ချောမွေ့လေလေဖြစ်ပါတယ်။ ဒါကြောင့် ကလေးယူတော့မယ့် မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကတည်းက ကိုယ့်စိတ်ကို ပြင်ဆင်ပါ။ ကလေးပြုစုနည်းလမ်းတွေကို လေ့လာကြဖို့ တိုက်တွန်းအကြံပြုလိုက်ရပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို ကလေးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်မြင့်နီလာက အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။ 

Share

Loading Next Article...
က္က