ကိုဗစ်လူနာတွေအနေနဲ့ အောက်ဆီဂျင် (၉၀)အောက်ကျဆင်းမှသာ အောက်ဆီဂျင်ရှုသင့်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအတွင်းကူးစက်မြန်နေတဲ့ Delta ကိုဗစ်ပိုးကြောင့် ကူးစက်လူနာတွေများလာကာ သေဆုံးမှုတွေလည်းမြှင့်တက်လျှက်ရှိနေပါတယ်။

မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းမှာ သေဆုံးလူနာအများစုဟာ အောက်ဆီဂျင်ပြတ်လပ်သေဆုံးတာတွေဖြစ်ပြီး လက်ရှိအချိန်မှာ ဆေးရုံဆေးခန်းတွေမှာလည်း ကုသမှုခံယူဖို့ခက်ခဲတဲ့ကာလကိုဖြတ်သန်းနေကြရပါတယ်။ လူနာအများစုကို နေအိမ်တွေမှာပဲ အောက်ဆီဂျင်ပေးကုသနေကြရပြီး အောက်ဆီဂျင်ရရှိရေးက အဓိက ပြဿနာတစ်ရပ်လို ရင်ဆိုင်ကြုံတွေ့နေကြရတာပါ။ အများနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကပ်ဘေးကာလမှာ အသက်ရှင်ဖို့အတွက် အောက်ဆီဂျင်ရှာရခက်တဲ့အခါ ခန္ဓာကိုယ်အတွက် အသုံးဝင်တဲ့ အသက်ကယ်နည်းနေထိုင်မှုတွေအတိုင်းနေထိုင်ဖို့လိုအပ်နေတာကြောင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်ချိန်ကို ဘယ်လိုကျော်ဖြတ်ရမလဲဆိုတဲ့နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။ 

Photo: The New York Time

အောက်ဆီဂျင်လိုအပ်တဲ့ ကိုဗစ်လူနာများ

ကိုဗစ်လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်ရဲ့ တွေ့ရှိချက်တွေအရ ကိုဗစ်လူနာ (၁၀)ဦးမှာ (၂)ဦးနှုန်းက အဆုတ်ယောင်ယမ်းပြီး အရေးပေါ်အောက်ဆီဂျင်လိုအပ်တယ်လို့သိရပါတယ်။ အဆုတ်ရောင်ရမ်းပြီး အောက်ဆီဂျင်လိုအပ်တဲ့လူနာတွေဟာ စဖျားပြီး (၅)ရက်နောက်ပိုင်းမှ ဒီပြဿာနာကို ရင်ဆိုင်ကြုံတွေ့ကြရတာလည်းဖြစ်ပါတယ်။ သက်ကြီးပိုင်းအများစုရင်ဆိုင်ကြုံတွေ့ရသလို လူလတ်ပိုင်းတွေအနေနဲ့လည်း စဖြစ်တဲ့ပထမ (၅)ရက်အတွင်းမှာ ရောဂါလက္ခဏာကို သတိမမူခဲ့မိရင် (၅)ရက်နောက်ပိုင်းမှာ အောက်ဆီဂျင်ပြဿနာကို ကြုံတွေ့လာရတက်ပါတယ်။ ရောဂါစတင်ခံစားရတဲ့ ပထမ (၅)ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးကို ခန္ဓာကိုယ်က ပြန်တိုက်နိုင်တဲ့အချိန်ကာလဖြစ်လို့ ဒီအချိန်အတွင်းမှာ ဂရုတစိုက်ကုသမှုခံယူနိုင်ခဲ့ရင်တော့ ကိုဗစ်ကပ်ရောဂါဆိုးကြီးကို အကောင်းဆုံးကျော်ဖြတ်နိုင်ခဲ့မှာပါ။

Photo: Yale Medicine

ကြောက်စိတ်ကြောင့် အောက်ဆီဂျင်ကျနိုင်လား

လူနာရဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်ကြောင့် အောက်ဆီဂျင်ကျနိုင်ပါတယ်။ ခံစားနေရတဲ့ ရောဂါဝေဒနာ သက်သာဖို့အတွက် လူနာရဲ့ စိတ်ကိုတည်ငြိမ်အောင်ထိန်းနိုင်တာက အထိုက်အလျှောက်အထောက်အကူဖြစ်စေမှာပါ။ လူတစ်ယောက်ဟာ စိတ်လှုပ်ရှားတဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ အောက်ဆီဂျင်လိုအပ်ချက်ပိုများလာကြောင်းကိုလည်း ဆေးပညာရပ်တွေရဲ့စစ်တမ်းအရသိရပါတယ်။ ကိုဗစ်လူနာအများစုဟာ ကိုယ့်မှာ ရောဂါဆိုးကြီး ကူးစက်ခံစားနေရတယ်ဆိုတဲ့ စိုးရိမ်စိတ်တွေ ၊ကြောက်စိတ်တွေရှိလာတတ်လေ့ရှိပါတယ်။ ရောဂါဝေဒနာဒဏ်ကိုခံစားနေရလို့ ကိုယ်ခံအားစနစ်ကျဆင်းပြီး အဆုတ်ယောင်ယမ်းနေတဲ့အချိန်မျိုးမှာ ကြောက်စိတ်ကြောင့် အောက်ဆီဂျင်လိုအပ်ချက်ပါရှိလာရင် ကိုဗစ်လူနာတွေမှာဆိုရင် ထိခိုက်မှု ပိုပြီးများနိုင်ပါတယ်။

Photo: UNICEF

အောင်ဆီဂျင်လိုအပ်တဲ့အခါ အရေးပေါ်ပြုစုနည်း

ကိုဗစ်လူနာတွေအနေနဲ့ အောက်ဆီဂျင် (၉၀)အောက်ကျဆင်းမှသာ အောက်ဆီဂျင်ရှုသင့်ပါတယ်။ ရောဂါဆိုးရွားတဲ့အချိန်မဟုတ်ဘဲ သာမန်အချိန်မျိုးတွေမှာ အသက်ရှူလ့ကျင့်ခန်းတွေလုပ်တာ၊ ရေနွေးငွေ့ရှူတာ၊ခန္ဓာကိုယ်အနေအထားပြောင်းပြီးနေထိုင်တာတွေနဲ့ အောက်ဆီဂျင်တက်အောင်လုပ်လို့ရပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ရောဂါပြင်းထန်ပြီး အောက်ဆီဂျင်ကျသွားပြီး အလွယ်တကူအောက်ဆီဂျင်မရဘဲ အခက်အခဲဖြစ်နေတဲ့အချိန်မျိုးမှာဆိုရင်တော့ လူနာဟာ မှောက်ခုံအနေအထားနေပြီး ခြေရင်းခေါင်းရင်းက အောက်ကို အနည်းငယ်စိုက်နေတဲ့ပုံစံနဲ့ အသက်ကို ဖြေးဖြေးမှန်မှန်ရှူပေးသင့်ပါတယ်။ အဲဒီလိုအနေအထားမှာ လူနာအနေနဲ့ စိတ်ပူကြောက်ရွံ့နေလို့မဖြစ်ပါဘူး။ စိတ်ပူနေတဲ့အချိန်မျိုးမှာ အသက်ကို ဝဝမရှူနိုင်တဲ့အပြင် စိုးရိမ်စိတ်ကြောင့် လေကိုမြန်မြန်ရှူတဲ့အခါမှာ ကိုယ်ရှူလိုက်တဲ့လေက အဆုတ်ထဲအထိမရောက်ဘဲ အပြင်ကို ပြန်ထွက်ကုန်ကာ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတပါတယ်။ ဒါ့ကြောင့် အရေးပေါ်အောက်ဆီဂျင်လိုအပ်တဲ့အခါမျိုးမှာ စိုးရိမ်စိတ်ကင်းပြီး စိတ်တည်ငြိမ်စွာနဲ့ အဆုတ်ထဲထိလေရောက်အောင် အသက်ကို ဖြေးဖြေးမှန်မှန်ရှူသွင်းဖို့ လိုအပ်ပါတယ်။


အကြံပြုချက်

အောက်ဆီဂျင်ှူနေရတဲ့ လူနာတစ်ယောက် အောက်ဆီဂျင်ပြတ်သွားလို့ဆိုပြီး ဘေးလူတွေလုပ်ဆောင်ပေးလို့ရတဲ့ အရေးပေါ်အသက်ကယ်နည်းဆိုတာတော့မရှိပါဘူး။ ကိုယ်တိုင် စိတ်အေးအေးထားပြီး မှောက်ခုံအနေအထားနဲ့ အသက်ကိုဖြေးဖြေးမှန်မှန်ရှူသွင်းတဲ့ပြုစုနည်းကိုသာ လုပ်ဆောင်ဖို့လိုသလို လူနာဘေးကသူတွေအနေနဲ့လည်း လူနာအတွက် အားဖြစ်စေမယ့် စကားတွေသာ ပြောဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်ကာလမှာ လူတွေအားလုံးဟာ စိတ်အေးအေးနဲ့ ကိုဗစ်ကိုတွန်းလှန်နေကြရမှာပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာဟာ အလွန်အရေးကြီးတဲ့အတွက် မိမိစိတ်ဓာတ်ကို ကိုယ်တိုင်ကြံ့ခိုင်အောင် နေဖို့လိုသလို လူနာပတ်ဝန်းကျင်မှာရှိတဲ့သူတွေကလည်း သူတို့ကို စိတ်ဓာတ်ကြံ့ခိုင်အောင် ၊တိုးတက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ။ ဒီနည်းလမ်းဟာ လူနာရဲ့ရောဂါပြင်းထန်မှုကို လျော့ချနိုင်တာကြောင့် လူတိုင်းသိထားသင့်တဲ့ အကြောင်းအရာတစ်ခုဖြစ်တယ်လို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က ကိုဗစ်လူနာကုသမှုအတွေ့အကြုံအရ အကြံပြုပြောကြားထားပါတယ်။ 

သတင်းဆောင်းပါးပါအချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က