လက်ရှိမြန်မာနိုင်ငံမှာ ကိုဗစ်လူနာကူးစက်မှုများပြားလာပြီး ဆေးရုံတွေမှာ လက်ခံကုသပေးဖို့အခက်တွေ့နေတဲ့ အခြေအနေကြောင့် လူနာတွေကို မိမိနေအိမ်တွေမှာပဲ ထားရှိကုသနေကြရပါတယ်။

ကိုဗစ်တတိယလှိုင်းမှာဆိုရင်တော့ လူနာအများစုကိုနေအိမ်တွေမှာပဲ ထားရှိကုသမှုတွေများလာသလို သေဆုံးမှုတွေလည်း မြင့်တက်လာနေတာကို နေ့စဉ်ထုတ်ပြန်ချက်တွေအရသိရပါတယ်။ လူနာတွေအနေနဲ့ အထူးကုသမားတော်ကြီးတွေ၊ ဆရာဝန်တွေရဲ့ လမ်းညွှန်ကုသမှုတွေအတိုင်း နေထိုင်ကုသနေကြရတာပါ။ လူနာအများစု သေဆုံးရတဲ့ အကြောင်းအရင်းကအောက်ဆီဂျင်ပြတ်လတ်ကြောင့်ဖြစ်ပြီး အိမ်မှာကုသမှုခံယူနေတဲ့ ကိုဗစ်လူနာတွေအတွက် ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေက အရေးပါသလို ပြုစုစောင့်ရှောက်နည်းတွေကိုလည်း နားလည်ထားဖို့လိုပါတယ်။ 

Photo: Times of India

အိမ်ကလူတွေမကူးစက်အောင် ဘယ်လိုနေမလဲ

ကိုဗစ်လူနာကိုအိမ်မှာကုသတဲ့ အခါမှာတခြားအိမ်သားတွေကို မကူးစက်နိုင်ရန်အတွက် လူနာကို သီးသန့်အခန်းတစ်ခန်းမှာနေစေပြီး မိသားစုဝင်တွေနဲ့ တတ်နိုင်သမျှ အဝေးဆုံးမှာထားဖို့လိုပါတယ်။ လူနာကို ပြုစုတဲ့လူအရေအတွက်ကို ကန့်သတ်ထားသင့်ပြီး ထိုလူတွေအနေနဲ့ လူနာနဲ့အနီးကပ်ရှိတဲ့အချိန်မှာ maskတပ်ထားဖို့လိုအပ်ပါတယ်။ ထမင်းစားတဲ့အခါမှာလည်း အခန်းထဲမှာသာစားဖို့ပြင်ဆင်ပေးသင့်ပြီး သန့်စင်ခန်းသုံးပြီးတဲ့အခါမှာလည်း ပိုးသတ်ဆေးဖြန်းသင့်ပါတယ်။ လူနာရဲ့အခန်းကို လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားပြီး အသက်ရှုမွန်းကြပ်တာကို သက်သာအောင်ဆောင်ရွက်ပေးပါ။ လက်ရှိကူးစက်ပျံ့နှံ့နေတဲ့ ပိုးက နေမကောင်းမဖြစ်ခင် ပထမတစ်ရက်နှာစေးတဲ့အခါမှာကတည်းက ရောဂါပိုးက ဝင်နေပြီဖြစ်လို့ စဖြစ်တဲ့နေ့မှာပဲ မိသားစုနဲ့ခွဲနေဖို့ လိုအပ်ပြီး ကုသမှုခံယူနေရတဲ့အချိန်မှာလည်း ဆရာဝန်တွေ ညွှန်ကြားထားတဲ့ ဆေးဝါးများနဲ့ ဖြစ်ပေါ်လာတဲ့ ရောဂါလက္ခဏာအတိုင်းကုသဖို့ကလည်း အရေးကြီးလှပါတယ်။ ယခုအချိန်မှာ လူမှုကွန်ယက်မှာလည်း ကုသမှုနည်းလမ်းပေါင်းစုံကိုရေးသားဖော်ပြနေတာတွေရှိတဲ့အတွက် လူနာကိုကုသတဲ့နေရာမှာ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေကိုသာ အဓိကထား လိုက်နာဆောင်ရွက်ဖို့တော့လိုအပ်ပါတယ်။

Photo: runnersworld

လူနာအတွက် ဆောင်ရန်၊ရှောင်ရန်များ

ကိုဗစ်လူနာတွေအနေနဲ့ ရောဂါလက္ခဏာစတင်ခံစားရတဲ့ day -1 ကို သတ်သတ်မှတ်မှတ်သိဖို့လိုအပ်ပါတယ်။ စဖြစ်တဲ့ရက်ကနေ (၅)ရက်အတွင်းမှာ နားနားနေနေနေပြီး အာဟာပြည့်ဝအောင်စားသောက်ခြင်း၊ ရေများများသောက်ခြင်း၊ ကောင်းကောင်အိပ်စက်ခြင်းတွေနဲ့ တော်လှန်ကြပါ။ (၅)ရက်နောက်ပိုင်းရောက်တဲ့အခါမှာတော့ အောက်ဆီဂျင်တိုင်းတာတွေလုပ်ဆောင်သင့်ပြီး အောက်ဆီဂျင် ၉၆ အောက်ရောက်တာနဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်တာ၊ ရေနွေးငွေ့ရှုတာနဲ့ ခန္တကိုယ်ပုံစံပြောင်းလဲနေထိုင်တာတွေလုပ်ဆောင်ပေးသင့်ပါတယ်။ ကိုဗစ်ပိုးကူးစက်ခံရတဲ့လူနာတွေဟာ အဆုတ်ကိုထိခိုက်နိုင်တဲ့အတွက် အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ပေးခြင်းက အဆုတ်ကျန်းမာရေးအတွက်အထောက်အကူပြုနိုင်ပါတယ်။ မှောက်လျှက်အိပ်တဲ့အခါ အသက်ရှုလိုက်ရင် အဆုတ်ထဲကို လေပိုရောက်နိုင်တဲ့အပြင် မှောက်အိပ်ကြဖို့ကိုလည်း ဆေးပညာရှင်တွေက အကြံပြုထားပါတယ်။ ကိုဗစ်လူနာကို အိမ်မှာပြုစုတဲ့အခါမှာ အိမ်သားတွေအနေနဲ့ လူနာနဲ့ အနည်းဆုံး (၆)ပေအကွာမှာသာနေသင့်ပြီး အနီးကပ်ပြုစုရတဲ့သူအနေနဲ့ကတော့ နှာခေါင်းစည်း maskနဲ့ လက်အိတ်တို့ကို မဖြစ်မနေတပ်ဆင်ထားဖို့လိုအပ်ပါတယ်။

အကြံပြုချက်

လက်ရှိ ကူးစက်မှုမြန်ဆန်နေတဲ့ ကိုဗစ် Delta ပိုးဟာ လက္ခဏာမပေါ်ခင် ပထမရက် စတင်နှာစေးကတည်းက ပိုးကခန္တာကိုယ်ထဲရောက်ရှိနေပြီဖြစ်ပါတယ်။ တစ်အိမ်မှာ တစ်ယောက်ဖျားရုံနဲ့ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရနိုင်ပါတယ်။ စတင်နှာစေးကတည်းက သတိမမူခဲ့မိဘဲ ပုံမှန်တိုင်းနေထိုင်သွားလာခဲ့တဲ့အခါ ရောဂါပိုးက ပိုပြီးပျံ့နှံ့စေနိုင်ပါတယ်။ လူတိုင်းနီးပါး ကူးစက်မှုခံနေရတဲ့ ကိုဗစ်တတိယလှိုင်းက ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးထိရောက်မှုရှိပါတယ်။ မိမိ အိမ်သားတစ်ဦးတစ်ယောက် စတင်ဖျားနာပြီဆိုတာနဲ့ မိသားစုလိုက်ကူးစက်ခံရခြင်းကနေကင်းဝေးအောင် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းတွေကို စနစ်တကျလုပ်ဖို့လုပ်အပ်သလို လူနာအတွက်ကိုလည်း နီးစပ်ရာဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးကာ အချိန်မီကုသမှုတွေကိုခံယူသင့်တယ်လို့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က