စိုးရိမ်ရတဲ့ ကိစ္စ ကြီးတာနဲ့ သေးတာပဲ ကွာခြားပေမယ့် လူတိုင်း တစ်ခုခုကို စိုးရိမ်တတ်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် ဒီစိုးရိမ်ပူပန်မှုက ရေတိုပဲဆိုရင် အသက်ရှူတာနဲ့ နှလုံးခုန်နှုန်း မြန်တာလောက်ပဲ ဖြစ်ပြီး ပြေပျောက်နိုင်ပေမယ့် ရေရှည်ဖြစ်လာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပျက်စီးစေနိုင်ပါတယ်။
အမျိုးသမီးတွေဟာ အသက်ခြောက်နှစ်အရွယ်လောက်ကတည်းက စိုးရိမ်မှုကို ခံစားတတ်ကြပြီး စိုးရိမ်မှု ၊ စိတ်ဖိစီးမှုနဲ့သက်ဆိုင်တဲ့ ရောဂါတွေဖြစ်နိုင်ခြေ ခြောက်ဆလောက် အမျိုးသားတွေထက်မြင့်တယ်လို့ ဆေးပညာစစ်တမ်းတွေက ဆိုပါတယ်။စိုးရိမ်ပူပန်မှုဆိုတာ အရွယ်မရွေး ၊ အခြေအနေမရွေး ဖြစ်နိုင်ပေမယ့် လူလတ်ပိုင်းအရွယ်မှာတော့ ပိုပြီးအဖြစ်များတယ်လို့ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေကတော့ အမျိုးသားတွေထက် စိုးရိမ်ပူပန်မှုနဲ့သက်ဆိုင်တဲ့ ရောဂါတွေအဖြစ်များတယ်လို့ အမျိုးသားစိတ်ကျန်းမာရေးသိပ္ပံ (NIMH) က ဆိုပါတယ်။
စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေက ပေးတဲ့ ကိုယ်ခန္ဒာအတွက် အဓိကဆိုးကျိုး (၅)မျိုး
အာရုံကြောစနစ်ထိခိုက်ခြင်း
Photo-verywellmind.com
ရေရှည်စိုးရိမ်ပူပန်မှုတွေက ဦးနှောက်ကိုဖိအားပေးတဲ့ ဟော်မုန်းတွေထုတ်လွှတ်စေတာကြောင့် ဦးနှောက်အာရုံကြောစနစ်ကို ထိခိုက်စေပြီး ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ နဲ့ ကိုယ်အလေးချိန်တိုးတာ ၊ စိတ်ဓာတ်ကျတာလို ဝေဒနာတွေပိုပြီး ခံစားရနိုင်ပါတယ်။
နှလုံးသွေးကြော ထိခိုက်ခြင်း
Photo-diyhcg.com
စိုးရိမ်ပူပန်မှုတွေက သွေးပေါင်ချိန်မြင့်တက်တာ၊ နှလုံးခုန်မြန်တာ ၊ ရင်ဘတ်အောင့်တာကို ဖြစ်စေနိုင်ပြီး နှလုံးရောဂါဖြစ်ဖို့ ပိုပြီးရာခိုင်နှုန်းမြင့်စေပါတယ်။ ဒါ့အပြင် ကိုယ့်မှာ နှလုံးရောဂါရှိပြီးသားဆိုရင်လည်း စိုးရိမ်မှုက အသက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
အစာအိမ်နှင့်အစာခြေစနစ်ထိခိုက်ခြင်း
Photo-shutterstock
စိုးရိမ်ပူပန်မှုက အစာအိမ်နဲ့အစာခြေစနစ်ကို ထိခိုက်စေတာကြောင့် အစာအိမ်နာတာ ၊ ပျို့အန်ချင်တာ ၊ ဝမ်းလျှောတာ ၊ ဝမ်းချုပ်တာ ၊ အစားမစားချင်တာတွေအပြင် အူသိမ် ၊ အူမနဲ့ ပတ်သက်တဲ့ ရောဂါတွေဖြစ်ဖို့ ရာခိုင်နှုန်းပိုမိုမြင့်တက်စေပါတယ်။
ကိုယ်ခံစွမ်းအားစနစ်ထိခိုက်ခြင်း
Photo-news-medical.net
စိတ်ဖိစီးမှု ၊ စိုးရိမ်ပူပန်မှုတွေဟာ ကာလတိုမှာတော့ သွေးခုန်နှုန်းနဲ့အသက်ရှူနှုန်းကို မြင့်တက်စေပါတယ်။
ဒါကြောင့် ဦးနှောက်ကအောက်စီဂျင်ပိုမိုရရှိနိုင်ပါတယ်။ဒါ့အပြင် အခြေအနေတစ်ခုကို ဘယ်လိုတုန့်ပြန်ရ မလဲဆိုတာ ကိုယ်ခံအားက အလိုလျောက်ပြင်ဆင်ထားစေပါတယ်။ဒါကြောင့် ကိုယ်ခံအားစနစ်လည်း ခဏတိုးတက်မှုရှိနိုင်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးမှုများလာတဲ့အခါမှာတော့ ကိုယ်ခံအားက ပုံမှန်ပြန်မလည်ပ တ်နိုင်တော့ဘဲ ကိုယ်ခံအားနည်းစေပြီး ဗိုင်းရပ်စ်ကူးစက်မှုတွေကို ကာကွယ်ဖို့ ၊ ခံနိုင်ရည်ရှိဖို့ ခက်ခဲလာ ပါလိမ့်မယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာစနစ်ထိခိုက်ခြင်း
Photo-istock
စိုးရိမ်ပူပန်မှုတွေကြောင့် ခေတ္တခဏ အသက်ရှူရခက်ခဲတာ ၊ အသက်ရှူကြပ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
နာတာရှည်အဆုတ်ရောဂါ (COPD) ရှိရင် စိုးရိမ်မှုကြောင့် အသက်ရှူရ ပိုခက်ခဲသွားနိုင်ပါတယ်။ဒါ့အပြင်
စိုးရိမ်ပူပန်မှုတွေက ပန်းနာရင်ကျပ်ရောဂါကိုလည်း ပိုမိုဆိုးရွားစေနိုင်ပါတယ်။
စိုးရိမ်တတ်တယ်ဆိုတာ အန္တရာယ်ကိုရှောင်ရှားနိုင်ပြီး ပြန်ပြီးတုံ့ပြန်နိုင်ဖို့ လိုအပ်ပါတယ်။ဒါပေမယ့် လိုအပ်တာထက်ပိုလာတဲ့အခါ စိတ်ဖိစီးမှုတွေ သောကတွေ ဖြစ်လာပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။ဒါကြောင့် စိုးရိမ်ပူပန်မှုအလွန်မြင့်တဲ့သူတွေအနေနဲ့ လျှော့ချနိုင်ဖို့ နည်းလမ်းတွေလည်း မျှဝေပေးချင်ပါတယ်။
စိုးရိမ်ပူပန်မှုတွေလျှော့ချနိုင်ဖို့အတွက်
ဒီလောက်ဆို စိုးရိမ်ပူပန်မှုများတာဟာ ဘယ်လောက်အထိ ဆိုးကျိုးတွေ ပေးသလဲဆိုတာ သိလောက်ပြီပေါ့နော်။ ဒါပေမဲ့ စိုးရိမ်တတ်တဲ့သူက ဒီအတိုင်း မစိုးရိမ်တော့ဘူးဆိုပြီး တွေးရုံနဲ့ စိုးရိမ်စိတ်တွေက ပျောက်သွားတာ မဟုတ်ပါဘူး။ စိုးရိမ်ပူပန်မှုတွေ လျော့ကျဖို့အတွက်ဆိုရင် အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ တရားထိုင်ခြင်း၊ စိတ်ကိုအနားပေးတဲ့အနေနဲ့ ကိုယ်စိတ်ဝင်စားရာတစ်ခုခုကို လုပ်ဆောင်ခြင်း၊၊ အကြောလျှော့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကောင်းတဲ့အကြောင်းအရာတွေကို တွေးတောခြင်း၊ သီချင်းနားထောင်ခြင်း၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားခြင်း၊ ဆေးရွက်ကြီးနဲ့ နီကိုတင်းကို ရှောင်ခြင်း ဒါတွေကို လုပ်ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ စိုးရိမ်သောကတွေက အရမ်းကို ဆိုးနေတယ်လို့ ခံစားရရင် နားလည်တတ်ကျွမ်းသူ/ စိတ်ရောဂါကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လိုက်တာ အကောင်းဆုံးပါပဲ။
-