သူပေးတဲ့ ပိုက်ဆံကို ကြိုက်သလို သဘောရှိသုံးနိုင်တယ်လို့ ဘီဇော့စ်က ပြောပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ရဲ့ အာကာသအိပ်မက်အမှန်တကယ် ဖြစ်မြောက်လာတဲ့နေ့မှာပဲ ထူးဆန်းတဲ့ ကြေညာချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ အာကာသနယ်စပ်ကို ကိုယ်ပိုင် Blue Origin အာကာသဒုံးပျံယာဉ်နဲ့ ပထမဆုံးအကြိမ် အောင်အောင်မြင်မြင် ပျံသန်းခဲ့ပြီးနောက် ကမ္ဘာပေါ် ပြန်ရောက်လာချိန်မှာ Amazon တည်ထောင်သူနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဂျက်ဖ်ဘီဇော့စ်ဟာ လူနှစ်ယောက်ကို ဒေါ်လာသန်း ၁၀၀ စီ လှူဒါန်းချီးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။ 



ဘီဇော့စ်ရဲ့ ဒေါ်လာသန်း ၁၀၀ တန် ချက်လက်မှတ် ကံထူးခဲ့သူ နှစ်ဦးကတော့ CNN ဆောင်းပါးရှင် ဗန် ဂျုံးစ် နဲ့ စပိန်စားဖိုမှူး ဟိုဆေးအန်ဒရေစ်ဆိုသူတို့ ဖြစ်တယ်လို့လည်း CNN သတင်းမှာ ဖော်ပြထားပါတယ်။ ဂျုံးစ်နဲ့ အန်ဒရေစ်တို့ဟာ သူပေးတဲ့ ပိုက်ဆံကို ကြိုက်သလို သဘောရှိသုံးနိုင်တယ်လို့ ဘီဇော့စ်က ပြောပါတယ်။ ဒီအတွက် ဘာအနှောင်အဖွဲ့မှ မထားဘူးလို့လည်း သူက ကတိပြုပါတယ်။

စားဖိုမှူး အန်ဒရေစ် (ဘယ်) ၊ ဘီဇော့စ် (လယ်) ၊ ဂျုုံး (ညာ) (Photo: CNN)

"ဒီငွေတွေအားလုံး သူတို့ရဲ့ ပရဟိတအလုပ်တွေမှာ အကုန်သုံးနိုင်တယ်။ ဒါမှမဟုတ်လည်း သူတို့ရဲ့ ပိုင်ဆိုင်မှုပဲ ပြန်မျှဝေနိုင်ပါတယ်။ ဒါက သူတို့သဘောပါ"လို့ အာကာသခရီးစဉ်က ပြန်လာအပြီး လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘီဇော့စ်က ပြောပါတယ်။ 

အခုလို ဒေါ်လာသန်း ၁၀၀ စီ ပေးရတဲ့ အကြောင်းအရင်းက Courage and Civility Award လို့ ခေါ်တဲ့ သူရည်မှန်းထားတဲ့ ဆုအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ ပရဟိတလုပ်ရပ်တစ်ခုနဲ့ ဆိုင်တယ်လို့လည်း ဆိုပါတယ်။ ဒီဆုဟာ သတ္တိနဲ့ ရပ်တည်နိုင်ခဲ့ပြီး မတူကွဲပြားတဲ့ ကမ္ဘာကြီးအတွင်းမှ ရင်ကြားစေ့နိုင်သူဖြစ်အောင် ကြိုးစားနေသူတွေကို ဂုဏ်ပြုချီးမြှင့်တဲ့ ဆုလည်း ဖြစ်တယ်လို့ဆိုပါတယ်။ 

"ကျွန်တော်တို့ ညီညွတ်အောင် စေ့စပ်သူတွေလိုပါတယ်။ ကွဲပြားအောင် ခွဲခြားတဲ့လူတွေ မလိုပါဘူး" လို့လည်း ဆုပေးပွဲမှာ သူက ဆိုပါတယ်။ ဂျုံးစ်ကတော့ ဆုလက်ခံရယူချိန်မှာ "တစ်ခါတလေမှာ အိပ်မက်တွေ တကယ်ဖြစ်လာတတ်ပါတယ်" လို့ ပြောသွားပါတယ်။ CNN ဆောင်းပါးရှင် ဗန်ဂျုံးစ်ဟာ စာရေးဆရာ ၊ ရှေ့နေနဲ့ နိုင်ငံရေးသုံးသပ်သူအပြင် များပြားလှတဲ့ ကိုယ်ကျိုးမဲ့ အဖွဲ့အစည်းတွေရဲ့ ပူးတွဲတည်ထောင်သူလည်း ဖြစ်ပါတယ်။

ဂျုံးစ်ဟာ သမ္မတဘားရက်အိုဘားမားရဲ့ Green Jobs စီမံကိန်း အထူးအကြံပေးအဖြစ်လည်း ၂၀၀၉ ခုနှစ်က တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ Ella Baker Center for Human Rights ၊ Color of Change နဲ့ Dream Corps တို့အပါအဝင် NGO အဖွဲ့အစည်း အများအပြားမှာ ပူးတွဲတည်ထောင်သူအဖြစ် တာဝန်ယူထားပါတယ်။ စပိန်စားဖိုမှူး ဟိုဆေးအန်ဒရေစ်ဟာလည်း ဆာလောင်ငတ်မွတ်မှုနဲ့ ဆင်းရဲမှု အဆုံးသတ်ရေးအတွက် နည်းလမ်းရှာနေတဲ့ World Central Kitchen ဆိုတဲ့ ကိုယ်ကျိုးမဲ့အဖွဲ့အစည်းတစ်ခု တည်ထောင်ထားသူ ဖြစ်ပါတယ်။


Photo: NewsOpener

သဘာဝဘေးအန္တရာယ်ကြုံတွေ့တဲ့နေရာတွေကို အစားအသောက်ထောက်ပံ့ဖို့ အဓိကရည်ရွယ်ထားတဲ့အဖွဲ့အစည်းဖြစ်ပြီး ၂၀၁၀ ခုနှစ်က တည်ထောင်ခဲ့တာပါ။ ပွာတိုရီကို ဟာရီကိန်းမုန်တိုင်းဒဏ်သင့် ပြည်သူတွေကို လတ်ဆတ်တဲ့အစားအသောက် ချက်ကျွေးတာ ၊ COVID-19 ကို ရှေ့တန်းမှ ကုသစောင့်ရှောက်မှုပေးနေတဲ့ အိန္ဒိယမှ ဆေးရုံလုပ်သားတွေကို အာဟာရဒါန ထောက်ပံ့တာတွေကြောင့် World Central Kitchen ကို လူသိများလာပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း World Central Kitchen ဟာ အလှူငွေ ဒေါ်လာ ၇ သိန်းခန့်ပဲ ရခဲ့တာ ဖြစ်လို့ ဘီဇော့စ်ရဲ့ ဒေါ်လာသန်း ၁၀၀ အလှူဟာ အတိဒုက္ခရောက်ပြီး စားနပ်ရိက္ခာခက်ခဲနေသူတွေကို ထောက်ပံ့ကျွေးမွေးဖို့နဲ့ နောင်လာမယ့် လုပ်ငန်းစဉ်တွေအတွက် အကျိုးများမှာ အမှန်ပါပဲ။ 

Share

က္က