ဗာရာနီဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၂၆ အထိ ရှိနေမှာဖြစ်ပြီး ဆိုးလ်ရှားအတွက်တော့ လာမယ့်ရာသီအတွက် ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်နောက်ခံလူဗာရာနီအတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ကစားသမားကို လာမယ့်ရက်ပိုင်းအတွင်း ခေါ်ယူစာချုပ်နိုင်တော့မှာဖြစ်တယ်လို့ နာမည်ကျော်သတင်းထောက်ဖာဘရီဇီယိုရိုမာနိုက သူ့ရဲ့လူမှုကွန်ယက်ကတဆင့် ရေးသားဖော်ပြသွားခဲ့ပါတယ်။
ယူနိုက်တက် နဲ့ ရီးရဲလ်တို့ဟာ ဗာရာနီအတွက် ယူရိုသန်း ၅၀ ခန့်နဲ့ သဘောတူညီခဲ့ကြတာလို့ သိရပါတယ်။ ကစားသမားကို ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး နောက်ထပ်တစ်နှစ်ထပ်မံသက်တမ်းတိုးခွင့်ပါဝင်မှာဖြစ်လို့ ဗာရာနီဟာ အိုးထရက်ဖို့ဒ်မှာ ၂၀၂၆ အထိ ရှိနေမှာဖြစ်ပြီး ဆိုးလ်ရှားအတွက်တော့ လာမယ့်ရာသီအတွက် ဒုတိယမြောက်ခေါ်ယူမှုဖြစ်လာတော့မှာလည်းဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ် ပြင်သစ်နောက်ခံလူဟာ ယူနိုက်တက်နဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိထားပြီး အသင်းနှစ်သင်းကြားသဘောတူညီမှုကို စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ယူနိုက်တက်က စာရွက်စာတမ်းကိစ္စတွေကို ဆောင်ရွက်နေပြီလို့သိရပြီး ဆေးစစ်မှုကို အမြန်ဆုံးပြုလုပ်သွားဖို့ စီစဉ်နေကာ သူတို့ရဲ့ ကစားသမားသစ်အဖြစ် ကြေညာဖို့ကို အမြန်ဆုံးအကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။
ရာမို့စ်နဲ့ တွဲဖက်ကာ ရီးရဲလ်ဗဟိုခံစစ်ကို အကောင်းဆုံးကစားပြခဲ့တဲ့ ဗာရာနီဟာ စပိန်ကလပ်နဲ့အတူ အောင်မြင်မှုအများအပြားရယူနိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရွေးစင်အသင်းနဲ့လည်း ကမ္ဘာ့ဖလားကိုဆွတ်ခူးထားနိုင်သူဖြစ်ပြီး အောင်မြင်မှုတွေတိုုင်းမှာ အဓိကကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်ပါတယ်။ ဆိုးလ်ရှားက မက်ဂွိုင်းယားနဲ့တွဲဖက်ကာ တောင့်တင်းတဲ့ဗဟိုခံစစ်ပိုုင်းကို တည်ဆောက်နိုင်ဖို့ ဗာရာနီကို အလိုရှိခဲ့တာလည်းဖြစ်ပါတယ်။