စာအုပ်ပေါင်း ၁၀ သိန်းကျော် ဖြန့်ဝေနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယနည်းပညာအသိုင်းအဝိုင်း Techies တစ်စုဟာ Social Media မျိုးဆက်ကို စာအုပ်တွေဆီ ပြန်ခေါ်ဖို့ ကမ်ပိန်းတစ်ခု လုပ်နေပါတယ်။ 

Social Media တွေ ပလူပျံအောင် လူသုံးလာတဲ့ခေတ်မှာ စာအုပ်ကိုင်ပြီး စာဖတ်တဲ့ အစား စမတ်ဖုန်းနဲ့ အချိန်ကုန်ဆုံးမှု ပိုများလာတာ ငြင်းမရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါကို ပြောင်းလဲဖို့ အိန္ဒိယနိုင်ငံက IT ပညာရှင်တွေနဲ့ အင်ဂျင်နီယာတစ်ဖွဲ့ဟာ စိတ်ဝင်စားစရာကောင်းတဲ့ စာဖတ်ရေးအစီအစဉ်တစ်ခုကို မဟာရပ်ရှ်ထရာမှာ လုပ်ဆောင်နေပါတယ်။ ဒီကမ်ပိန်းကို Let's Read India လို့ နာမည်ပေးထားပါတယ်။




Let's Read India ဆိုတာ ဘာလဲ



လွန်ခဲ့တဲ့ လအနည်းငယ်က မဟာရပ်ရှ်ထရာမှာ စတင်ခဲ့တဲ့ ဒီကမ်ပိန်းဟာ လူတွေ စာဖတ်ဖြစ်စေဖို့ အိမ်တိုင်ရာရောက် စာအုပ်လိုက်ပြီး ဝေငှတဲ့ မိုဘိုင်းလ် Library အစီအစဉ် ဖြစ်ပါတယ်။ Techie တွေ ထောင်ထားတဲ့ ကမ်ပိန်းဖြစ်လို့ နည်းပညာကို အခြေပြုပြီး လူတိုင်း အလွယ်တကူ စာအုပ်တွေ ငှားရမ်းဖတ်ရှုနိုင်အောင် လုပ်ထားပါတယ်။ Let's Read India ရဲ့ ရည်ရွယ်ချက်ဟာ WhatsApp နဲ့ Social Media မျိုးဆက်ကို စာအုပ်တွေဆီ ပြန်ခေါ်ဖို့ အဓိက ရည်ရွယ်တယ်လို့ ဆိုပါတယ်။ 


"လူငယ်မျိုးဆက်အကြား စာဖတ်ရေးအလေ့အထနဲ့ ယဉ်ကျေးမှု ပြန်လည်ဖြစ်တည်လာစေချင်ပါတယ်။ စာဖတ်ခြင်းဟာ ပိုပြီးပညာတတ်တဲ့ ပိုပြီး နိုင်ငံသားကောင်းပီသတဲ့ နိုင်ငံသားတွေ ဖြစ်စေမှာပါ။" လို့ ကမ်ပိန်းရဲ့ တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ပရာဖူလာ ဝန်ခီဒီက ပြောပါတယ်။ ဒါကြောင့်ပဲ စာအုပ်တွေ အပြည့်သယ်လာတဲ့ ဗင်ကားနဲ့ ဝေးလံခေါင်သီတဲ့နေရာက စာဖတ်ချင်တဲ့သူတွေဆီ ပို့ပေးနေတာ ဖြစ်ပါတယ်။ 


Let's Read India က စာအုပ်ဘယ်လိုငှားပေးနေသလဲ

Photo: newindianexpress


Let's Read India ဟာ လက်ရှိမှာ မိုဘိုင်းစာကြည့်တိုက် ၃ ခု ရှိထားပြီး စာအုပ်ငှားချင်သူတစ်ဦးကို တစ်ပတ်တာ အခမဲ့ စာအုပ်ပေးငှားပါတယ်။ နောက်ထပ် စာအုပ်တွေ ထပ်ငှားဖို့ဆိုရင်တော့ ကိုယ်ငှားထားတဲ့စာအုပ်အကြောင်း စာလုံးရေ ၃၀၀ ပါတဲ့ စာအုပ်သုံးသပ်ချက် ပြန်ရေးပေးရပါတယ်။ 

ဒီကမ်ပိန်းကနေ စာအုပ်ငှားနိုင်မယ့် နည်းလမ်းကို ကမ်ပိန်းရဲ့ တည်ထောင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ပရာဖူလာ ဝန်ခီဒီက အခုလို ပြောပြပါတယ်။

"စာအုပ်တွေ ငှားချင်တယ်ဆိုရင် ကျွန်‌တော်တို့ရဲ့ Social Media Site/Website နဲ့ App ကနေ တစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။ ပြီးရင်တော့ GPS ချိတ်ထားတဲ့ မိုဘိုင်းလ်စာကြည့်တိုက် တည်နေရာကို ကြည့်လို့ရပါမယ်။ နောက်ပြီး စာအုပ်တစ်အုပ်ချင်းစီအတွက် QR Code တစ်ခု ထားထားပါတယ်။ မိုဘိုင်းလ် စာကြည့်တိုက်ဟာ သတ်မှတ်ထားတဲ့ တည်နေရာမှာ အပတ်စဉ်လာမှာ ဖြစ်ပါတယ်။ "


မျက်မှောက် Let's Read India

Photo: thelogicalindian

ဒီအစီအစဉ်ကို အစောပိုင်းက မဟာရပ်ရှ်ထရာ ၊ ဂိုအာနဲ့ မက်ဒရာ ပရာဒက်ရှ်တို့မှာ စတင်ဖို့ စီစဉ်ထားတာ ဖြစ်ပြီး ကပ်ရောဂါဘေးကြောင့် အစီအစဉ်ပြောင်းထားတာပါ။ နောက်နှစ်နှစ်လောက်ဆို မဟာရပ်ရှ်ထရာပြည်နယ်က ရွာတိုင်းနဲ့ ချိတ်ဆက်နိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ ကမ်ပိန်းစပြီး လအနည်းငယ်အတွင်းမှာကို ဘာသာရပ်အမျိုးမျိုးက စာအုပ်ပေါင်း ၁၀ သိန်းကျော် ဖြန့်ဝေနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 


အစီအစဉ်တည်ထောင်သူထဲက တစ်ဦးဖြစ်တဲ့ ဝန်ခီဒီကတော့ Let's Read India ရဲ့ မိုဘိုင်းစာကြည့်တိုက်တွေဟာ စာအုပ်ငှားဖို့တင် မဟုတ်ဘဲ ဖတ်သင့်တဲ့ စာအုပ်အညွှန်းပါ အကြံပေးတာမျိုး လုပ်တယ်လို့ ဆိုပါတယ်။ အစီအစဉ်တည်ထောင်သူတွေအနေနဲ့ နောက်ပိုင်းမှာ နာမည်ကျော် စာရေးဆရာတွေရဲ့ ဟောပြောပွဲတွေ ၊ တွေ့ဆုံမေးမြန်းခန်းတွေနဲ့ စာအုပ်အညွှန်းသုံးသပ်ချက်တွေပါဝင်တဲ့ YouTube ချန်နယ်တစ်ခုလည်း စတင်ဖို့ ရည်ရွယ်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က