ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ လူအချင်းချင်းကူးစက်မှုရှိသလို အရာဝတ္ထုတွေကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လူလူချင်းကူးစက်ရာမှာ စကားပြောရာ နှာစေးချောင်းဆိုးရာကနေတစ်ဆင့်ကူးစက်နိုင်သလို တစ်ဦးနဲ့တစ်ဦးထိတွေ့မိရာကနေလည်းကူးစက်နိုင်ပါတယ်။ ဒါ့အပြင်ရောဂါပိုးဟာ လက်နဲ့ကိုင်တွယ်မိတဲ့ အရာတွေကနေလည်း ကူးစက်နေတာဖြစ်တဲ့အတွက် လူတိုင်းနေ့စဉ်ကိုင်တွယ်သုံးစွဲနေတဲ့ ငွေစက္ကူတွေနဲ့ အရာဝတ္ထုပစ္စည်းတွေကနေလည်း ကူးစက်နေနိုင်ပါသေးတယ်။ ကိုဗစ်ကူးစက်ပုံအဆင့်ဆင့်ကို လေ့လာကြည့်မယ်ဆိုရင်

Photo: Healthline

ခန္ဓာကိုယ်ထဲ ကိုဗစ်ပိုးဝင်ရောက်ပုံအဆင့်ဆင့်

ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါဟာ နှာခေါင်း၊လည်ချောင်းနဲ့ လေအဝင်အထွက်လမ်းကြောင်းကနေ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးပါ။ ကိုဗစ်ပိုးဟာ အသက်ရှူလမ်းကြောင်းရဲ့ နံရံအမြှေးပါးတွေကနေတစ်ဆင့် ဝင်ရောက်ကာ ဗိုင်းရပ်စ်ပိုးတွေကိုပွါးပြီး အာခေါင်ကနေ အဆုတ်ထဲထိရောဂါပိုးတွေဝင်ရောက်သွားတယ်လို့ ဆေးပညာအသိုင်းအဝန်းရဲ့စစ်တမ်းတွေအရသိရပါတယ်။ ကိုဗစ်ရောဂါကူးစက်ခံရတဲ့ လူနာတွေဟာ အနည်းဆုံး (၁၀)ရက်ကျော်ထိဝေဒနာခံစားရတတ်ပြီး ပထမ(၅)ရက်အတွင်းမှာတော့ ရောဂါပိုးဟာ နှာခေါင်းနဲ့ လည်ချောင်းမှာတင်ပျံ့နှံ့နေတတ်ပါတယ်။

အဲဒီအချိန်ကခန္ဓာကိုယ်ရဲ့ ခုခံအားကလည်းပြန်လည်တိုက်ထုတ်နိုင်တဲ့အချိန်ဖြစ်တဲ့အတွက် (၅)ရက်အတွင်းရောဂါကိုတိုက်ထုတ်နိုင်ခဲ့သူတွေလည်းရှိပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ (၅)ရက်နောက်ပိုင်းမှ အဆုတ်ထဲဝင်ရောက်တာဖြစ်တဲ့အတွက် (၅)ရက်နောက်ပိုင်း ရောဂါလက္ခဏာတွေဆက်လက်ခံစားရတဲ့လူနာတွေကိုတော့ ပြင်းထန်လူနာတွေအဖြစ် သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။

Photo: Hungary Today

ကိုဗစ်လူနာတွေ အသက်ဆုံးရှုံးနိုင်တဲ့ နောက်ဆုံးအခြေအနေ

ဆိုးရွားတဲ့ ကိုဗစ်လူနာတွေဟာ ခန္ဓာကိုယ်ကနေ ဗိုင်းရပ်စ်ပိုးကို ပြန်လည်တိုက်ခိုက်နိုင်တဲ့ ပထမ (၅)ရက်အတွင်းမှာ အပြီးတိုင်မတိုက်ခိုက်နိုင်ပဲ ဗိုင်းရပ်စ်ပိုးက အနိုင်ရရှိခဲ့မယ်ဆိုရင် နောက်ဆက်တွဲ ရောဂါဝေဒနာဆက်လက်ခံစားရနိုင်ပါတယ်။ နောက် (၅)ရက်အတွင်းမှာ ဗိုင်းရပ်စ်ပိုးက အဆုတ်ထဲ ဝင်ရောက်နိုင်ပြီဖြစ်လို့ အဖျားတက်တာ၊ အဆုတ်ယောင်တာ၊ နှလုံးကြွက်သားတွေ ၊ခြေသလုံးကြွက်သားတွေရောင်ရမ်းလာတတ်ပါတယ်။ ဒီအခြေအနေမှာ လူနာတွေအနေနဲ့ ရောဂါလက္ခဏာ ပြင်းထန်ကာ အောက်ဆီဂျင်ကျပြီး အသက်သေဆုံးနိုင်ပါတယ်။ ဒါ့အပြင် တချို့လူနာတွေအနေနဲ့က ကိုယ်ခံအားစနစ်အရမ်းကောင်းမွန်ပြီး ဗိုင်းရပ်စ်ပိုး ဝင်ရောက်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းနေရာတွေမှာ အပြင်းအထန်တိုက်ခိုက်တဲ့အခါမှာလည်း ကိုယ်တွင်းအင်္ဂါတစ်ချို့ ပျက်ဆီးပြီး အသက်ဆုံးရှုံးရတာတွေလည်းရှိနေပါတယ်။ ကိုဗစ်လူနာတွေသေဆုံးရတဲ့အခြေအနေဟာ အပြင်းအထန်ခုခံတဲ့စနစ်လွန်ကဲတဲ့အခါ အသက်သေဆုံးနိုင်သလို ခုခံအားကျပြီး ဗိုင်းရပ်စ်ကို အနိုင်မတိုက်နိုင်တဲ့အခါမှာလည်း အသက်သေဆုံးနိုင်ပါတယ်။ အပြင်းအထန်ခုခံအားကောင်းတဲ့လူနာတွေအနေနဲ့ကတော့ ဆေးဝါးတွေကို ဆရာဝန်တွေညွှန်ကြားချက်အတိုင်းသာ သောက်သုံးသင့်တယ်လို့ အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်နိုင်ကျော်ကအကြံပြုပါတယ်။ 

Photo: Healthline

ကိုဗစ်ကြောင့် ထိခိုက်ပျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ

ကိုဗစ်ဟာ အဆုတ်တစ်ခုတည်းကို ထိခိုက်တဲ့ဗိုင်းရပ်စ်ပိုးမဟုတ်ဘဲ တခြားကိုယ်တွင်း အင်္ဂါတွေကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ဗိုင်းရပ်စ်ပိုးဟာ အသည်းထဲလည်းဝင်ရောက်နိုင်သလို နှလုံးသွေးကြောတိုက်ခိုက်ခံရတဲ့လူနာတွေဆိုရင်လည်း နှလုံးသွေးကြောအပေါက်တွေပိတ်ကုန်ပြီး သေဆုံးတဲ့သူတွေလည်းရှိပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ပိုးဟာ သွေးကိုခဲစေတဲ့အတွက် သွေးကြောနံရံတွေကိုလည်း တိုက်ခိုက်ပြီး ခန္ဓာကိုယ်အတွင်းစီးဆင်းနေတဲ့ သွေးကြောတွေပိတ်ဆို့သေဆုံးနိုင်ပါတယ်။ ကိုဗစ်ကြောင့်သေဆုံးတဲ့လူနာတွေမှာ အဆုတ်တင်မက တခြားကိုယ်တွင်းအင်္ဂါတွေကိုပါ ထိခိုက်ပျက်ဆီးနိုင်ပြီး သေဆုံးတာတွေလည်းရှိနေပါတယ်။

အကြံပြုချက်

Deltaကိုဗစ်လက္ခဏာဟာ ကူးစက်မှုမြန်ပြီး ဝေဒနာပိုမိုပြင်းထန်ပေမယ့် ပြန်လည်ပျောက်ကင်းနိုင်ပါတယ်။ အချိန်မီ ဆေးကုသမှုခံယူဖို့ လိုအပ်သလို လူနာတွေအနေနဲ့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်ဖို့လိုပါတယ်။ အချိန်လွန်မှ ဆေးကုသမှုခံယူတဲ့အခါ ဗိုင်းရပ်စ်ပိုးက ကိုယ်ခန္ဓာအတွင်းပျံ့နှံ့နေပြီဖြစ်လို့ ကုသဖို့ အခက်အခဲတွေရှိပြီး ရှင်သန်ဖို့ အခွင့်အလမ်းတွေလည်း နည်းသွားနိုင်ပါတယ်။ လူနာတွေအနေနဲ့ စောစောဆေးကုသမှုခံယူဖို့ဆိုတာကလည်း မိမိကိုယ်တိုင်လည်း ဝေဒနာခံစားနေပြီဆိုတာကို စောစောသိဖို့လိုအပ်ပါတယ်။ ပြည်သူတွေအနေနဲ့ နေ့စဉ် ကိုယ်မနက် အိပ်ယာထပြီဆိုတာနဲ့ ကိုယ့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေလဲဆိုတာကို လေ့လာဖို့လိုအပ်ပြီး လိုအပ်တဲ့ကုသမှုကို စောစောစီးစီးခံယူပါ။ ဆရာဝန်တွေအနေနဲ့ ကလည်း လူနာတွေ ရောဂါလက္ခဏာစဖြစ်တဲ့အချိန်မှာကတည်းက တွေ့ချင်ကာ စပြီးကုသမှုတွေပေးချင်တဲ့အတွက် ရောဂါလက္ခဏာတွေစတင်ခံစားရပြီဆိုကတည်း က ဆရာဝန်တွေနဲ့ တွေ့ဆုံကုသမှုခံယူကြဖို့ ကိုလည်း လက်ရှိ ကိုဗစ်လူနာတွေကို ကုသမှုပေးနေတဲ့ အထွေထွေအထူးကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုပြောကြားထားပါတယ်။

သတင်းဆောင်းပါးပါ အချက်အလက်များကို အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က