ဒေါ်စောဆဟာ မြန်မာအမျိုးသမီးတွေထဲမှာ ခွဲစိတ်ပါရဂူဘွဲ့ (F.R.C.A)ကို ပထမဆုံးရယူခဲ့သူဖြစ်ပြီး ကမ္ဘာ့အလယ်မှာ မြန်မာအမျိုးသမီးဆိုပြီး ထင်ပေါ်ခဲ့သူဖြစ်ပါတယ်။ကိုလိုနီခေတ်ဦးကာလမှာ မြန်မာအမျိုးသမီးတစ်ယောက် ဆရာဝန်ဖြစ်ဖို့ဆိုတာ အိပ်မက်တစ်ခုအနေနဲ့ပဲ မက်နိုင်တဲ့အခြေအနေမှာ ဒေါ်စောဆက ခွဲစိတ်ပါရဂူဘွဲ့ ပထဆုံးရတဲ့ မြန်မာအမျိုးသမီး ဖြစ်လာခဲ့ပါတယ်။ထက်မြက်တဲ့အပျိုကြီ းဖြစ်ပေမယ့် လူတိုင်းကို ကိုယ့်သားသမီးလို သဘောထားစောင့်ရှောက်သူမို့ တပည့်တပန်း ၊ လူငယ်တွေကြားမှာ " ဒေါ်ဒေါ်ဆ " ဆိုပြီး ရေပန်းစား လူချစ်လူခင် အလွန်များသူလို့ သိရပါတယ်။
ဆဋ္ဌမမြောက်သမီးလေး မစောဆ
မစောဆကို ၁၈၈၄ခု ၊ သြဂုတ်လ ၁ရက်မှာ မွေးဖွားခဲ့ပါတယ်။ အဖေနာမည်နဲ့ ကြီးစဉ်ငယ်လိုက် ပါဠိဂဏန်းကိုတွဲပြီး နာမည်မှည့်တဲ့ မိသားစုဖြစ်တဲ့အတွက် ပြည်မြို့ ၊ နယ်ပိုင်ဝန်ထောက် ဦးဘိုးစောရဲ့ ဆဋ္ဌမမြောက်သမီးလေးဟာ မစောဆဖြစ်ပါတယ်။ မစောဆမှာ မစောအစ် ၊ မစောဒွေး ၊ မစောတ ဆိုတဲ့ အစ်မတွေလည်း ရှိပါတယ်။
ရှေးရိုးမစွဲတဲ့ မိဘကြောင့် ခေတ်ကို ဖောက်ထွက်နိုင်ခဲ့သူ
မစောဆ အဖေက သမီးတွေအများကြီး မွေးထားပေမယ့် ကိုယ်တိုင်လည်း နယ်ပိုင်ဝန်ထောက်ဖြစ်တဲ့အပြင် ရှေးရိုးမစွဲတတ်သူဖြစ်လို့ သမီးတွေကို ခေတ်ပညာတတ်ဖြစ်အောင် မြေတောင်မြှောက်ပေးသူပါ။ မစောဆတို့ခေတ်က အင်္ဂလိပ်ကျောင်းရှားပါးလွန်းပြီး စရိတ်စက မတတ်နိုင်ရင် ပညာမတတ်ရုံမက မိန်းကလေးတွေ အင်္ဂလိပ်စာအခြေခံလောက်သင်ရင်ကို ကဲ့ရဲ့ကြတဲ့အချိန်ပါ။ ဒါပေမယ့် မစောဆက ခေတ်ကို ဖောက်ထွက်နိုင်ခဲ့ပြီး ၁၉၀၆ခုနှစ်မှာ သာသနာပြုကောလိပ်ကနေ (F.A)စာမေးပွဲအောင်မြင်ခဲ့ပါတယ်။ အဲဒီအချိန်က တက္ကသိုလ်မရှိသေးဘဲ ကောလိပ်ပဲ ရှိတဲ့အတွက် ၁၉၁၁ခုနှစ်မှာတော့ ဆေးကောလိပ်ကနေ ဆေးသိပ္ပံပညာနဲ့ ဆရာဝန်အတတ်ပညာ (L.M.S) ဘွဲ့ကို ရရှိခဲ့ပြီး ဒီဘွဲ့ရတာနဲ့တင် အဲဒီခေတ်အမျိုးသမီးအနေနဲ့ အလွန်ထူးခြားသူ ဖြစ်ပါတယ်။ဒါတင်မက ပညာထူးချွန်သူမို့ ၁၉၁၂ခုနှစ်မှာလေဒီဒပ်ဖရင် ပညာသင်ဆုကို ရရှိပြီး အိုင်ယာလန်ပြည်၊ ဒဗ္ဗလင်မြို့ရှိ တော်ဝင်ဆေးကောလိပ် Royal College of Surgeons မှာ ပညာသင်ယူခွင့်ရရှိပြီး ခွဲစိတ်ပါရဂူဘွဲ့ (F.R.C.S) ကို ပထမဆုံးရတဲ့ မြန်မာအမျိုးသမီး ဖြစ်လာပါတယ်။
ဓာတ်ပုံ - ဝီကီပီးဒီးယား
ထက်ထက်မြက်မြက် ပညာတတ် အပျိုကြီး မစောဆ
မစောဆက သစ်ပင်ပန်းပင်တွေ စိုက်ပျိုးတာ အလွန်ဝါသနာပါပေမယ့် ပန်းပန်တာ မြင်ရခဲတယ်လို့ သိရပါတယ်။ ကျန်းမာရေးအတွက် အမြဲ တင်းနစ်ရိုက်သူလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကား ကိုယ်မောင်းသွားလာသူလည်း ဖြစ်တာကြောင့် မိန်းမအလွန်မဆန်ဘူးလို့ မှတ်ချက်ပြုနိုင်ပါတယ်။ ရုပ်ရည်ပြေပြစ်သူဖြစ်တဲ့အပြင် ပညာတတ်အမျိုးဖြစ်ပြီး ကြင်နာတတ်သူမို့ မစောဆအနား လိုချင်သူ ဝိုင်းဝိုင်းလည်နေခဲ့မှာ သေချာပါတယ်။ဒါပေမယ့်လည်း အချစ်မရှာဘဲ ပညာကိုပဲ အပတ်တကုတ်လေ့လာတာကြောင့် ၁၉၁၃ခုနှစ်မှာ (Royal College of physician ) ကျောင်းကနေ (D.P.H) ဘွဲ့ ၊ Coombes Maternity Hospital ကနေ (L.M) စာမေးပွဲတွေလည်း အောင်မြင်ခဲ့ပါသေးတယ်။ဒါ့အပြင် ဒေါက်တာစောဆက ၁၉၂၃-ခုနှစ်မှာ ရန်ကုန်မြူနီစီပါယ်လူကြီးအဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ် ။ အဲဒီအချိန်က ဒေါက်တာ ဒေါ်စောဆဟာ မြန်မာအမျိုးသမီးတွေထဲမှာ ပထမဆုံး ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရတဲ့ မြူနီစီပါယ်လူကြီးဖြစ်ပါတယ် ။ ၁၉၃၇ခုနှစ် မြန်မာနိုင်ငံမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ ပြန်ရတဲ့အချိန်မှာလည်း ဒေါ်စောဆက အထက်လွှတ်တော်အမတ်အဖြစ် နေရာပေးခံရပြန်ပါတယ်။
ဆေးသိပ္ပံလောကရဲ့ ဦးဆောင်လမ်းပြသူ မြန်မာအမျိုးသမီး
ဒေါ်စောဆက ရန်ကုန်ဆေးရုံကြီးနဲ့ ဒပ်ဖရင်ဆေးရုံကြီးမှာ လက်ထောက်ဆရာဝန်မကြီး ၊ ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ယူခဲ့ပြီး မိခင်နဲ့ ကလေးတွေရဲ့ အသက်ပေါင်းများစွာကို ကယ်တင်ခဲ့သလို ဆေးပညာလောကရဲ့ အနောက်နိုင်ငံသားတွေကြားမှာ ဘီးဆံထုံး ၊ ပဝါစုံချတဲ့ ဖက်ရှင်နဲ့ ထက်မြက်တဲ့အမျိုးသမီးအဖြစ် နာမည်ကျော်ကြားသူလည်း ဖြစ်ပါတယ်။ဒေါ်စောဆကို ဆေးနဲ့ ဆေးကုတာထက် မေတ္တာကရုဏာအစွမ်းနဲ့ကုသတယ်လို့တောင် ပြောကြတဲ့အထိ မေတ္တာစိတ်ကြီးမားပြီး လူနာကို အလွန်ဂရုစိုက်တတ်သူလည်း ဖြစ်ပါတယ်။ ကိုယ်တိုင် ညာဘက်ကိုယ်တစ်ခြမ်းကျင်ရောဂါ ခံစားရနေရတာကြောင့် ခဏအနားယူဆေးကုသနေရပေမယ့် ဂျပန်ခေတ်ရောက်ချိန်မှာ စစ်ပြေးသူ အရေပြားသူရောဂါသည်တွေ အလွန်များတာကြောင့် ရောဂါပြန့်ကူးမှာစိုးတဲ့အတွက် ကော်မတီဖွဲ့ သီးသန့်နေရာတစ်ခုပေးပြီး စနစ်တကျပြုလုပ်ခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ပါတယ်။ ဒါ့အပြင် နောင်လာနောက်သားတွေအတွက် " သူနာပြုဝမ်းဆွဲဆရာမများ လက်စွဲစာအုပ် " လည်း ရေးသားခဲ့ပါတယ်။
ပြည်သူလူထုအတွက် အချိန်အားလုံးပေးထားသူ
ဒေါ်စောဆဟာ ဆေးရုံတာဝန်တွေအပြင် ပြင်ပ လူမှုကူညီရေးအသင်းအဖွဲ့များစွာမှာ တတ်ကျွမ်းတဲ့ ဆေးပညာနဲ့ ပါဝင်လှုပ်ရှားကူညီသူဖြစ်တာကြောင့် အိပ်ချိန်ကလွဲရင် အနားယူချိန် ၊ အနားရတဲ့ရက်ဆိုပြီး မထားဘဲ တောက်လျှောက်အလုပ်ပဲ လုပ်နေခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ပါတယ်။ကြက်ခြေနီအသင်း ၊ ဗြိတိသျှအင်ပါယာကုဋ္ဌနူနာ ကယ်ဆယ်ရေးအဖွဲ့ ၊ မြူနီစပယ်ကောင်စီ ၊ မြန်မာအမျိုးသမီးများအဖွဲ့ ၊ လူမှုဝန်ထမ်းအဖွဲ့ ၊ မိဘမဲ့ လူလေလူလွင့်လေးများ စောင့်ရှောက်ရေးအဖွဲ့ ကော်မတီ ၊ ဆေးသိပ္ပံလေ့လာရေးဘုတ်အဖွဲ့ ၊ ဆေးကောင်စီ ၊ သူနာပြုနှင့် ဝမ်းဆွဲဆရာမများကောင်စီ ၊ ဂျပ်ဆင်ကောလိပ်ရဲ့ ဂေါပကအဖွဲ့ ၊ ယူနီဘာစီတီဆီးနိစ်အဖွဲ့ ၊ ခရစ်ယာန်အမျိုးသမီးအသင်း ၊ ရန်ကုန်အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့တွေဟာ ဒေါ်စောဆ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှနဲ့ စေတနာအပြည့် ပါဝင်ကူညီခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။
ဆေးပညာလောကမှာ ထူးချွန်ထက်မြက်ပြီး မေတ္တာတရားလည်းကြီးမားတဲ့ ဆရာဝန်မကြီးဟာ အသက်၇၈နှစ်အရွယ် ၊ ၁၉၆၂ခုနှစ် ၊ ဖေဖော်ဝါရီ ၂၈ရက်မှာတော့ သွေးတိုးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ကိုးကား- စောမုံညှင်း (မြန်မာအမျိုးသမီး)