စိတ်ကျရောဂါရဲ့ အဓိက အချက်က သင်တစ်ယောက်တည်းအဆိုးဆုံးကြုံတွေ့နေရတယ်လို့ ခံစားနေရတာပဲဖြစ်ပါတယ်။

စိတ်ကျရောဂါခံစားနေရသူတစ်ယောက်ရဲ့ ပတ်ဝန်းကျင်ဟာ အင်မတန်မှအရေးကြီးလှပါတယ်။

ပတ်ဝန်းကျင်ကြောင့် စိတ်ကျဝေဒနာကို အထိုက်အလျောက်ဖြေဖျောက်နိုင်သလို ရောဂါကို ပိုပြီးပြင်းထန်လာတဲ့အထိ ရိုက်ခတ်မှုတွေလည်းရှိတတ်ပါတယ်။ ပတ်ဝန်းကျင်ရိုက်ခတ်မှုမှာ ဆိုရှယ်မီဲဒီယာကလည်း တစ်ခုအပါအဝင်ပါ။ ဆိုရှယ်မီဒီယာဟာ အထိန်းအကွပ်မရှိအသုံးပြုရင် အန္တရာယ်ရှိတတ်ပြီး သုံးတတ်ရင်ဆေး၊ မသုံးတတ်ရင်တော့ ဘေးဖြစ်စေမယ့်အရာမျိုးပါ။

Photo: London meet Paris

စိတ်ကျနေခြင်းနဲ့ ဆိုရှယ်မီဒီယာ

Depression ဖြစ်နေတဲ့အချိန်မှာ ဆိုရှယ်မီဒီယာကိုအသုံးမပြုတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ဆိုရှယ်မီဒီယာဆိုတာ လူအများနဲ့ တွေ့ဆုံစကားပြောလို့ရပေမယ့်လည်း စိတ်ကျနေတာက ကိုယ်တစ်ယောက်တည်းဖြစ်နေတဲ့အတွက် အများရဲ့ပြောဆိုရေးသားတင်ပြမှုတွေက ကိုယ့်ရဲ့ စိတ်ကျနေခြင်းကိုပိုပြီး ဆိုးရွားစေနိုင်ပါတယ်။ လူအများစုက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ရင် အဆင်ပြေပျော်ရွှင်မှုတွေကို ဦးစားပေးတင်လေ့ရှိတာကြောင့် ကိုယ်တစ်ယောက်တည်းအဆင်မပြေသလိုအတွေးဝင်လာပြီး စိတ်ပိုင်းဆိုင်ရာကို ပိုမိုထိခိုက်စေနိုင်ပါတယ်။ ဒီလိုအချိန်မှာ ဆိုရှယ်မီဒီယာသုံးတာထက် ကိုယ်တကယ်ရင်းနှီးတဲ့ ယုံကြည်ရတဲ့ သူတစ်တစ်ဦးဦးနဲ့ အပြင်မှာတွေ့တာက ကိုယ့်အတွက် ပိုပြီး အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။

Photo: Healthline

ဆိုရှယ် မီဒီယာအသုံးပြုသူတွေရဲ့ စိတ်အခြေအနေ

ဆိုရှယ် မီဒီယာအသုံးပြုတဲ့သူတွေဟာ လူအမျိုးမျိုး စိတ်အထွေအထွေဆိုသလို တစ်ဦးနဲ့ တစ်ဦး ခံယူချက်မတူညီကြပါဘူး။ တစ်ချို့က စိတ်ညစ်နေပေမယ့် ဆိုရှယ်ပေါ်မှာ ပျော်စရာဟာသတွေတင်လေ့ရှိသလို တစ်ခါတစ်လေကျတော့လည်း အပြင်မှာ ပျော်နေတယ် အဆင်ပြေနေပေမယ့် ဆိုရှယ်ပေါ်မှာ ဝမ်းနည်းတဲ့အကြောင်းအရာလေးတွေလည်း တင်တတ်ကြပါတယ်။ တကယ်တော့ လူ့ဘဝမှာ ဆိုရှယ်မီဒီယာက တကယ့်ဘဝအစစ်အမှန်မဟုတ်ပါဘူး။ အစစ်အမှန်မဟုတ်တဲ့ ဆိုရှယ် မီဒီယာပေါ်မှာ တင်ထားတဲ့အကြောင်းအရာတွေက စိတ်ကျနေတဲ့သူအတွက်တော့ ပိုပြီးစိတ်ကစင့်ကလျားဖြစ်စေနိုင်တာကြောင့် စိတ်ကျချိန်မှာ ဆိုရှယ် မီဒီယာအသုံးမပြုတာက အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။

Photo: Healthline

စိတ်ကျခြင်းကုထုံးတွေမှာ ပတ်ဝန်းကျင်ရိုက်ခတ်ခြင်းရဲ့ အကျိုးသက်ရောက်မှု

လူတွေဟာ စိတ်ကျန်းမာရေးမကောင်းတဲ့သူတစ်ယောက်နဲ့ ပြောဆိုဆက်ဆံရမှာ အင်မတန်မှ စိုးရိမ်ကြောက်ရွံကြပါတယ်။ တကယ်တော့ စိတ်ကျန်းမာရေးအားနည်းတဲ့သူတွေဟာ ပတ်ဝန်းကျင်ကို ဒုက္ခပေးတာမျိုးမရှိသလောက်ပါပဲ။ စိတ်ကျနေတဲ့လူတစ်ယောက်ကို ပတ်ဝန်းကျင်က လူတွေအနေနဲ့ support မပေးတဲ့အပြင် ရှောင်ဖယ်နေတာမျိုးက စိတ်ကျနေသူတွေကို ပိုမိုဆိုးရွားသွားစေနိုင်ပါတယ်။

စိတ်ကျရောဂါရဲ့ အဓိက အချက်က သင်တစ်ယောက်တည်းအဆိုးဆုံးကြုံတွေ့နေရတယ်လို့ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီလိုခံစားမိတဲ့အချိန်မှာ ကိုယ့်သူငယ်ချင်း ၊မိသားစုတွေနဲ့ ခပ်ခွါခွါ နေတက်တဲ့အကျင့်တွေဖြစ်လာတတ်ပါတယ်။ စိတ်ကျနေတဲ့အချိန်မှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေနဲ့ ကင်းဝေးအောင်ဆိုရင်တော့ ဆိုရှယ်မီဒီယာ အသုံးမပြုတာကအကောင်းဆုံးဖြစ်ပြီး သုံးခဲ့ရင်လည်းဆိုရှယ်ပေါ်က ကိုယ့်စိတ်ကိုပျော်ရွှင်စေနိုင်တဲ့ဟာသလေးတွေကြည့်တာ၊သီချင်းနားထောင်တာ ၊ဇာတ်လမ်းတွဲတွေကြည့်တာမျိုးတွေသာ ပြုလုပ်သင့်တယ်လို့ စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးသူတစ်ဦးဖြစ်တဲ့ ဆရာမဒေါ်နန်းကြည်ပြာမော်က အကြံပြုပြောကြားထားပါတယ်။ 

 သတင်းဆောင်းပါးပါအချက်အလက်များကိုဒေါ်နန်းကြည်ပြာမော်(စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်) က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။


Share

Loading Next Article...
က္က