၂၀၁၇ ခုနှစ်မှာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကတော့ ဆုဖလားလက်မဲ့အသင်းအဖြစ် ပြီးခဲ့တဲ့ရာသီကအထိ ရှိနေခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အသင်းဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲတိုင်းရဲ့ ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့အခွင့်အရေးရှိတဲ့ အသင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ယူနိုက်တက်ကတော့ ဆုဖလားလက်မဲ့အသင်းအဖြစ် ပြီးခဲ့တဲ့ရာသီကအထိ ရှိနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ဗီလာရီးရဲလ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ကာ ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဖာနန်ဒက်စ်ကတော့ လာမယ့်ရာသီမှာ အသင်းက ဆုဖလားတွေကို စိန်ခေါ်နိုင်တဲ့ အခွင့်အရေးအပြည့်ရှိနေပြီး ကံဆိုးမှုတွေကြောင့်သာ ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့ရတယ်လို့ ပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။
"ကျွန်တော်တို့ အလိုရှိတဲ့အရာမှန်သမျှ ဒါမှမဟုတ် အနိုင်ရဖို့ ကျွန်တော်တို့ကြိုးစားတဲ့အရာမှန်သမျှကို ရယူနိုင်မယ့် အခွင့်အရေးရှိတယ်လို့ ထင်ပါတယ်၊ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အတွက် ကံမကောင်းခဲ့ပါဘူး၊ ဆုဖလားမဆွတ်ခူးနိုင်ခဲ့ပါဘူး၊ ယူရိုပါလိဂ်ဗိုလ်လုပွဲတက်နိုင်ခဲ့ပေမယ့် အနိုင်မရခဲ့တာပါ၊ ကစားသမားခေါ်ခေါ်မခေါ်ခါ် ယူနိုက်တက်က အမြဲတမ်းခက်ခဲတဲ့ အသင်းတစ်သင်းအဖြစ်ရှိနေပြီး ပါဝင်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲတိုင်းမှာ အနိုင်ရဖို့ အမြဲကြိုးစားနေမှာပါ"
"ကျွန်တော်အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ အောင်မြင်မှုတွေရယူချင်တဲ့ ဒီအသင်းမှာ ကျွန်တော်ရှီနေပြီး ကျွန်တော်တို့ပါဝင်ကစားနေတဲ့ ပြိုင်ပွဲအားလုံးမှာ အနိုင်ရဖို့အခွင့်အရေးရှိတယ်ဆိုတာကို ကျွန်တော်သိလို့ပါ၊ ပြီးရင်တော့ ဆုဖလားရနိုင်သလို မရနိုင်တာလည်း ရှိမှာပါ၊ ဒါပေမယ့် အခွင့်အရေးကတော့ ရှိနေပါတယ်၊ အောင်မြင်မှုရဖို့ ကျွန်တော်တို့ရဲ့အကောင်းဆုံးပုံစံကိုပြသနိုင်သင့်ပါတယ်၊ ဘာလို့မလုပ်နိုင်ရမှာလဲ" လို့ ဖာနန်ဒက်စ်က ပြောဆိုခဲ့ပါတယ်။
လာမယ့်ရာသီအတွက် ယူနိုက်တက်က တောင်ပံကစားသမားဆန်ချိုနဲ့ နောက်ခံလူဖာရာနီတို့ကို ခေါ်ယူထားပြီးဖြစ်ကာ ပေါင်သန်း ၁၀၀ ကျော် သုံးစွဲထားပြီးဖြစ်ပါတယ်။ အသင်းရဲ့အဓိကအားနည်းချက်နေရာတွေကို ဖြည့်ဆည်းထားနိုင်ခဲ့တာဖြစ်လို့လည်း ပြီးခဲ့တဲ့ရာသီကထက် ပိုမိုတောင့်တင်းလာမယ်လို့ မျှော်လင့်ရပါတယ်။