ဒေါ့မွန်ကတော့ ဆန်ချိုရဲ့အပြောင်းအရွှေ့ကနေ ပေါင် ၆၃ သန်းအထိ အမြတ်ထွက်ခဲ့ပြီး မာလန်းအတွက် ၂၆ သန်း ပြန်လည်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်အသင်းကို ပေါင် ၇၃ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ တောင်ပံကစားသမားဆန်ချိုရဲ့နေရာအတွက် ဒေါ့မွန်အသင်းဟာ ဟော်လန်ကလပ် PSV တိုက်စစ်ကစားသမားမာလန်းကို ပေါင် ၂၆ သန်းနဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဟော်လန်တောင်ပံကစားသမားဟာ ယူရို ၂၀၂၀ ပြိုင်ပွဲမှာခြေစွမ်းပြခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ဟော်လန်လိဂ်မှာ ဒုတိယဂိုးသွင်းအများဆုံးကစားသမားဖြစ်ခဲ့ပါတယ်။
မာလန်းကို လီဗာပူးလ်ကလည်း စိတ်ဝင်စားနေခဲ့ပေမယ့် ဒေါ့မွန်က လက်ဦးမှုယူခဲ့ကာ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ မာလန်းဟာ PSV နဲ့အတူ ဆွစ်ဇာလန်မှာ ရောက်ရှိနေပြီး ဆေးစစ်မှုတွေပါ တပါတည်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။ ဒေါ့မွန်ကတော့ ဆန်ချိုရဲ့အပြောင်းအရွှေ့ကနေ ပေါင် ၆၃ သန်းအထိ အမြတ်ထွက်ခဲ့ပြီး မာလန်းအတွက် ၂၆ သန်း ပြန်လည်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။
မာလန်းဟာ PSV အတွက် ပြီးခဲ့တဲ့ရာသီက လိဂ်ဂိုး ၂၇ ဂိုးနဲ့ ဖန်တီးမှု ၁၀ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ အာဆင်နယ် နဲ့ အေဂျက်ဇ်အကယ်ဒမီကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ရွိုင်အိုလာရဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ လျင်မြန်ပြီး ဂိုးသွင်းထူးချွန်တဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်ကာ ဆန်ချိုရဲ့နေရာကို တိုက်ရိုက်အစားထိုးနိုင်မယ့် ကစားသမားလည်းဖြစ်ပါတယ်။
အပြောင်းအရွှေ့စျေးကွက်အတွင်း ကစားသမားခေါ်ယူမှုတွေမှာ တော်တော်လေးကောင်းမွန်တဲ့ နည်းဗျူဟာတွေကို အသုံးပြုနေနိုင်တဲ့ ဒေါ့မွန်ဟာ ပြီးခဲ့တဲ့ကာလတွေအတွင်း ကစားသမားရောင်းချရမှုတွေက အမြတ်အစွန်းအများအပြားရရှိခဲ့ပါတယ်။ လူငယ်ကစားသမားတွေကို ရှာဖွေရာမှာလည်း ထူးချွန်ပြီး ထက်မြက်တဲ့ ကင်းထောက်တွေကို ပိုင်ဆိုင်ထားကာ လူငယ်စီမံကိန်းကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နေတဲ့ အသင်းလည်းဖြစ်ပါတယ်။