စိတ်ဓာတ်ကျခြင်းဆိုတာ အရိုးရှင်းဆုံးစကားလုံးနဲ့ပြောရရင် စိတ်အခြေအနေမတည်ငြိမ်ခြင်းကို ဆိုနိုင်ပါတယ်။
ဘဝရဲ့ ရိုက်ခတ်မှုတစ်စုံတစ်ရာကြောင့် ပုံမှန်ပြုမူဆောင်ရွက်နေတဲ့ အတွေးတွေ၊ ခံစားမှုတွေအပေါ်ထိခိုက်မှုရှိလာတဲ့အတွက် စိတ်ရဲ့တည်ငြိမ်မှုအခြေအနေကိုကျဆင်းစေပါတယ်။ စိတ်ကျတဲ့အခါကိုယ်ရဲ့အတွင်းစိတ်မှာ စိတ်ညှိုးတတ်တာ၊ စိတ်ပျက်အားလျော့တာတွေဖြစ်လာပြီး တခြားတစ်ယောက်က ကိုယ်စိတ်ဓာတ်ကျနေကြောင်းသိနိုင်တဲ့ ထင်သာမြင်သာ စိတ်ကျခြင်းရှိသလို တခြားသူတွေမရိပ်မိနိုင်တဲ့ တိတ်တဆိတ်စိတ်ကျခြင်းဆိုတာလည်းရှိပါတယ်။ တိတ်တဆိတ် စိတ်ကျခြင်းရဲ့ ထူးခြားချက်က ရံဖန်ရံခါ မိမိကိုယ်တိုင်တောင် မသိနိုင်တာမျိုးပါပဲ။
Photo: Cairo Gossip
တိတ်တဆိတ်စိတ်ကျနေခြင်း လက္ခဏာများ
မျိုးရိုးဗီဇအရ ဒေါသထွက်လွယ်သူမျိုးမဟုတ်သလို အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ မကြာခဏ စိတ်တိုနေပြီဆိုရင် စိတ်ကျခြင်းဟာ ကိုယ့်ဆီကိုချောင်းမြောင်းဝင်ရောက်နေပြီလားဆိုတာ ကိုယ့်စိတ်ကို သတိနဲ့စောင့်ကြည့်ဖို့လိုအပ်နေပါပြီ။ ဒါပေမယ့် မကြာခဏ စိတ်တိုနေတိုင်းလည်း စိတ်ကျနေပြီလို့ ကျိန်းသေမဆိုနိုင်ပေမယ့် စိတ်ကျခြင်းရဲ့ လက္ခဏာတစ်ရပ်အဖြစ်တော့ ပညာရှင်တွေက သုံးသပ်ထားတာဖြစ်ပါတယ်။ တိတ်တဆိတ် စိတ်ကျနေတဲ့သူတွေဟာ သာမန်စိတ်ကျနေတဲ့သူတွေလို နေ့စဉ်လုပ်ဆောင်နေတဲ့အရာတွေမလုပ်နိုင်တော့တာမျိုးမရှိဘဲ ပုံမှန်အတိုင်း လည်ပတ်နေနိုင်ပါတယ်။ စိတ်ကျတယ်ဆိုတာမျိုးကလည်း တိတိကျကျတိုင်းတာဖို့ခက်ခဲတဲ့အတွက် တိတ်တဆိတ်စိတ်ကျခြင်း ရောဂါလက္ခဏာတွေပေါ်ရင်တော့ ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်တဲ့ နည်းကသာ ပြဿနာမှန်ကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။
Photo: Healthline
တိတ်တဆိတ်စိတ်ကျရောဂါဖြေဖျောက်နည်း
တစ်ချို့က တိတ်တဆိတ်စိတ်ကျနေတာကို သိလျှက်နဲ့ အကြောင်းအရာတစ်ခုခုနဲ့ဖြေဖျောက်နေတာမျိုးတွေရှိတတ်ပါတယ်။ ကိုယ်က စိတ်ညစ်နေပေမယ့် အလုပ်တစ်ခုကိုဖိလုပ်နေတာမျိုး၊ ခံစားမှုအတုတွေနဲ့ နေထိုင်တတ်တာမျိုးတွေရှိပါတယ်။
အခုလို နေထိုင်ခြင်းကလည်း ကိုယ်စိတ်ကျနေတယ်ဆိုတဲ့ အကြောင်းကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားတတ်ပါတယ်။ တိတ်တစိတ်စိတ်ကျနေတဲ့သူတွေဟာ တစ်ယောက်တည်းငြိမ်သက်စွာရှိနေတဲ့အခါမျိုးမှာ စိတ်ကျလက္ခဏာတွေပေါ်လာတက်ပြီး အဲလိုလူမျိုးတွေက တစ်ယောက်တည်းသီးသန့်ဖြစ်မနေအောင် အမြဲတမ်းအလုပ်ရှုပ်နေအောင်နေထိုင်တတ်ကြပါတယ်။
Photo: Healthline
ပတ်ဝန်းကျင်ရဲ့ အားပေးမှု
တိတ်တဆိတ်စိတ်ကျနေတဲ့သူတွေဟာ စိတ်ကျကြောင်းသိနေရင်တောင် ဝန်မခံတတ်ကြပါဘူး။ အပြင်လူတစ်ယောက်က ကြည့်လိုက်ရင်တောင် စိတ်ကျပုံမပေါက်အောင်အမြဲ ထိန်းချုပ်ထားတတ်ပါတယ်။ ပတ်ဝန်းကျင်က လူတစ်ယောက်က အဆင်ပြေလား မေးလာရင်တောင် မရေရာ မသဲကွဲတဲ့ အဖြေမျိုးနဲ့ ပြန်လည်တုံ့ပြန်တတ်ကြပါတယ်။ ဒီလိုအချိန်မှာ မိသားစုဝင်တွေဖြစ်ဖြစ် ၊သူငယ်ချင်းမိတ်ဆွေတွေအနေနဲ့ ဖေးဖေးမမ စကားပြောတာမျိုးတွေလုပ်ပေးရင် သူတို့ရဲ့ ခံစားချက်တွေကို ပြောထွက်လာပါလိမ့်မယ်။ အဲလိုအချိန်ကျမှ သူတို့ကို သူတို့ပြန်သုံးသပ်ပြီး ဪ.... ငါစိတ်ဓာတ်ကျနေပါလားဆိုတဲ့ အသိမျိုးနဲ့ အချိန်မီ ပြုပြင်ပြောင်းလဲ နေထိုင်လာတတ်ကြတာပါ။
တိတ်တဆိတ်စိတ်ထဲ ပုန်းခိုဝင်ရောက်နေတဲ့ အရာကို ကိုယ်တိုင် မရိပ်မိနိုင်တာမျိုးကလည်း လူတိုင်းဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခုပါ။ လေ့လာတွေ့ရှိချက်တွေအရ တစ်ကမ္ဘာလုံးမှာ တိတ်တဆိတ်စိတ်ကျနေသူအရေအတွက်ဟာ သန်းပေါင်းထောင်ချီရှိနေနိုင်တယ်လို့ ဆိုပါတယ်။ တိတ်တဆိတ် စိတ်ကျနေတဲ့သူတွေဟာ တစ်ယောက်တည်းရှိနေတဲ့အချိန်မျိုးက စိုးရိမ်ရပါတယ်။ တစ်ယောက်တည်းရှိသွားတဲ့အချိန်မှာ အတွေးပေါင်းစုံဝင်လာတတ်ပြီး ကိုယ့်ကိုကိုယ် အန္တရာယ်ဖြစ်စေနိုင်တဲ့ အတွေးတွေဝင်တတ်ပါတယ်။ စိတ်ကျနေသူတွေကို ပထမဆုံး အန္တရာယ်ပေးနိုင်က ကိုယ့်ကိုကိုယ်ပဲဖြစ်ပါတယ်။ စိတ်ကျနေသူအများစုဟာ တစ်ဖက်လူကို ဒုက္ခပေးတာမျိုးထက် ကိုယ့်ကိုကိုယ် ဒုက္ခပေးတာမျိုးကများပါတယ်။ ကိုယ့်ကိုကို ထိခိုက်အောင်လုပ်ရာက နောက်ဆုံး သတ်သေတဲ့အထိလုပ်နိုင်ကြတဲ့အတွက် မိသားစုဝင်တွေ ဘေးကလူတွေအနေနဲ့ သူတို့ကို ဂရုတစိုက်ရှိပေးမယ်ဆိုရင် အဆင်ပြေသွားနိုင်မှာဖြစ်တယ်လို့ စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးသူတစ်ဦးဖြစ်တဲ့ ဆရာမဒေါ်နန်းကြည်ပြာမော်က အကြံပြုပြောကြားပါတယ်။
သတင်းဆောင်းပါးပါအချက်အလက်များကိုဒေါ်နန်းကြည်ပြာမော်(စိတ်ကျန်းမာရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်) က အကြံပြုမျှဝေပေးထားခြင်းဖြစ်ပါသည်။